အင်းယားကန်ဘောင်တွင် ဂစ်တာတီးပြီး လူသတ်မှု ကျူးလွန်သူများကို ဖမ်းမိ


 ကမာရွတ်မြို့နယ်၊ မြကန်သာအိမ်ရာကစားကွင်းတွင် အမည်မသိ အလောင်းအားတွေ့ရှိခဲ့သည့် လူသတ်မှုမှ ပြစ်မှုကျူးလွန်သူများကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အချိန်တိုအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ

ရန်ကုန်၊ မေ ၆

၃၀.၄.၂၀၁၅ ရက်နေ့ ၁၀၀၀ အချိန်တွင် ကမာရွတ်မြို့နယ်၊ (၂)ရပ်ကွက်၊ မြကန်သာလမ်း၊ မြကန်သာအိမ်ရာအားကစားကွင်း၊ အုတ်နံရံဘေး အမှိုက်ပုံ အနီးတွင် အမျိုးသားတစ်ဦးမှာ ဒဏ်ရာများဖြင့် သေဆုံးနေသည့်ကို တွေ့ရှိရသဖြင့် ကမာရွတ်မြို့မရဲစခန်းမှ (ပ)၂၃၀/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် လှစ်ကာ စုံစမ်းဖော်ထုတ်ခဲ့ပါသည်။

အမှုမှ သေဆုံးသူ အမျိုးသားမှာ မည်သူမည်ဝါ ဖြစ်သည်ကို သိရှိနိုင်ရေး စုံစမ်းဆောင်ရွက်ခဲ့ရာ ၎င်းမှာ မရမ်းကုန်းမြို့နယ်၊ (၂)ရပ်ကွက်နေ ကိုချစ်ဝိုင်း၊ (၂၆)နှစ်ဖြစ်ကြောင်း ၁.၅.၂၀၁၅ ရက်နေ့က အတည်ပြုသိရှိခဲ့ရပါသည်။

အမှုမှ ပြစ်မှုကျူးလွန်သူအား ဖော်ထုတ်ရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးမှ စီစဉ်ညွှန်ကြား၍ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး၏ အနီးကပ် ကြီးကြပ်မှုဖြင့် အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် သတင်းစုံစမ်းဆောင်ရွက်ခဲ့ရာ သေဆုံးသူ ချစ်ဝိုင်းမှာ လူငယ်(၄)ဦးနှင့်အတူ အင်းယားကန်ဘောင်တွင် ဂစ်တာတီးသီချင်းဆိုခဲ့ ကြောင်းသတင်းရရှိသဖြင့် ဆက်လက်စုံစမ်းရာ လူငယ်(၄)ဦးတွင်ပါဝင်သော လှိုင်မြို့နယ်နေ စောရန်နိုင်ဆိုသူအား ၄.၅.၂၀၁၅ ရက်နေ့တွင် အတည်ပြု စုံစမ်းဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ ကျန်ပြစ်မှုကျူးလွန် ရာတွင်ပါဝင်သူ ရဲမာန်အောင်၊ ဇာနည်ဦး၊ ဝေယံပိုင်(ခ)ပိုင်ပိုင်တို့ကိုလည်း ဆက်လက်ဖမ်းဆီး ရမိခဲ့ပါသည်။

စစ်ဆေးဖော်ထုတ်ချက်အရ ၎င်းတို့(၄)ဦးသည် အခင်းဖြစ်ညက သေဆုံးသူ ချစ်ဝိုင်းနှင့်အတူ အင်းယားကန်ဘောင်တွင် ဂစ်တာတီးခဲ့ကြကြောင်း၊ ဇာနည်ဦး၏တယ်လီဖုန်းကို ချစ်ဝိုင်းမှ ခိုးယူဖျောက်ဖျက်ထားသည့်ကိစ္စနှင့် ပတ်သက်၍ ချစ်ဝိုင်းအား ၀ိုင်းဝန်းရိုက်နှက်ရန်တိုင်ပင်ခဲ့ကြကြောင်း၊ အင်းယား ကန်ဘောင်ပိတ်ချိန်တွင် ချစ်ဝိုင်းနှင့် စောရန်နိုင်ပါ(၄)ဦးတို့သည် မြကန်သာ အိမ်ရာ ကလေးကစားကွင်းသို့ ရောက်ရှိလာကြပြီး အရက်အတူသောက် ခဲ့ကြကြောင်း၊ အရက်သောက်နေစဉ် စောရန်နိုင်ပါ(၄)ဦးမှ ချစ်ဝိုင်းအား ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြပြီး အလောင်းကို မြကန်သာအိမ်ရာ အားကစားကွင်း၊ အုတ်နံရံဘေး အမှိုက်ပုံအနီးသို့ ရွှေပြောင်းထားရှိခဲ့ကြကြောင်း ပေါ်ပေါက် ခဲ့ပါသည်။

အမှုနှင့်ပတ်သက်သည့် သက်သေခံပစ္စည်းများအား ဖော်ထုတ်သိမ်းဆည်း ရမိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့် အများပြည်သူစိတ်ဝင်စားသည့် လူသတ်မှုအား (၅)ရက်အတွင်း ဖော်ထုတ်ရရှိခဲ့ကြောင်း သတင်း ရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice

အင်းယားကန်ဘောင်တွင် ဂစ်တာတီးပြီး လူသတ်မှု ကျူးလွန်သူများကို ဖမ်းမိ  အင်းယားကန်ဘောင်တွင် ဂစ်တာတီးပြီး လူသတ်မှု ကျူးလွန်သူများကို ဖမ်းမိ Reviewed by သစ်ထူးလွင် on 23:30 Rating: 5
Powered by Blogger.