၆ ပွင့်ဆိုင်ဆွေးနွေးပွဲ ခပ်စိပ်စိပ်လုပ်ရန် ဒေါ်အောင်ဆန်းစုကြည် တောင်းဆို


၆ ပွင့်ဆိုင် ထိပ်သီး ဆွေးနွေးပွဲတွေကို ခပ်စိပ်စိပ် အလေးအနက်ထား လုပ်ပေးဖို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုလိုက်ပါတယ်။

မေလ ၁၇ ရက်က မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ဗိုလ်ချုပ်ရာပြည့်အထိမ်း အမှတ်လူထုဟောပြောပွဲမှာ တက်ရောက်လာတဲ့ ပြည်သူတယောက်ရဲ့မေးခွန်းကို ဖြေကြားစဉ် ဒေါ်အောင်ဆန်းစုကြည်က အခုလို တိုက်တွန်းတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

“၆ ပွင့်ဆိုင်ဆွေးနွေးပွဲဟာ လုပ်တာလည်း အင်မတန် နောက်ကျပါတယ်။ ကျမတို့ တိုက်တွန်းနေတာလည်း ကြာလှပါပြီ။ မကြာခင်ကမှ ပထမဆုံးအကြိမ်လုပ်တယ်၊ ဒုတိယအကြိမ်လုပ်ဖို့ ကိစ္စကလည်း ဆက်ပြီးတော့ တိုက်တွန်းကြိုးစားနေရတယ်။ တကယ်ပဲ ဒီနိုင်ငံရဲ့ ပြဿ နာတွေကို အေးအေးချမ်းချမ်းနဲ့ ညှိနှိုင်းပြီးတော့၊ ဆွေးနွေးပြီးတော့ ဖြေရှင်းချင်တယ်ဆိုလို့ရှိရင် ဒီကနေ ပွင့်ပွင့်လင်းလင်းပြောမယ်၊ သမ္မတကြီး ဦးသိန်းစိန်အနေနဲ့ ၆ ပွင့်ဆိုင်ဆွေးနွေးပွဲများကို ခပ်စိပ်စိပ်နဲ့ လေးလေးနက်နက်လုပ်ဖို့ လိုတယ်လို့ ပြောပါရစေ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်ရာပြည့်အထိမ်းအမှတ် လူထုဟောပြောပွဲတွေ လိုက်လံလုပ်ဆောင်နေရာမှာ မေလ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ မွန်ပြည်နယ်အတွင်း လူထုဟောပြောပွဲတွေ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ မွန်ပြည်နယ်ခရီးစဉ်အတွင်း မွန်ပြည်နယ်ထဲက သထုံ၊ မော်လမြိုင်၊ မုဒုံနဲ့ သံဖြူဇရပ်တို့မှာ လူထုဟောပြောပွဲတွေလုပ်ခဲ့ပြီး တက်ရောက်လာတဲ့ လူထု သိလိုတဲ့ မေးခွန်းတွေကိုလည်း ဖြေဆိုခဲ့ပါတယ်။

နိုင်ငံအရေးဖြေရှင်းလုပ်ဆောင်ကြဖို့ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ယောက်၊ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တိုင်းရင်းသားကိုယ်စား လှယ်တယောက်တို့ ပါဝင်တဲ့ ၆ ပွင့်ဆိုင်ထိပ်သီးစည်းဝေးပွဲလုပ်ဖို့ ပြည်ထောင်စုလွှတ်တော်က တောင်းဆိုခဲ့ပြီး ၆ လကြာမှ ပထမအကြိမ် တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

မေလအတွင်း လွှတ်တော်တွေပြန်စပြီးတဲ့နောက် ဒုတိယအကြိမ် ၆ ပွင့်ဆိုင်ဆွေးနွေးဖို့ ရှိတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် အခု မေလလယ်ရောက်တဲ့ထိ တွေ့ဆုံဆွေးနွေးနိုင်ခြင်း မရှိသေးပါဘူး။

 By ရွှေအောင် (ဒီဗွီဘီ)
http://burmese.dvb.no
၆ ပွင့်ဆိုင်ဆွေးနွေးပွဲ ခပ်စိပ်စိပ်လုပ်ရန် ဒေါ်အောင်ဆန်းစုကြည် တောင်းဆို ၆ ပွင့်ဆိုင်ဆွေးနွေးပွဲ ခပ်စိပ်စိပ်လုပ်ရန် ဒေါ်အောင်ဆန်းစုကြည် တောင်းဆို Reviewed by သစ်ထူးလွင် on 19:32 Rating: 5
Powered by Blogger.