ရန်ကုန်ဆေးရုံကြီးတွင် လက်ပြတ်လူနာတဦးကို လက်ပြန်ဆက်ပေး


တိုက်ကြီးမြို့နယ်ထဲမှာ ဧပြီ ၂၇ ရက်နေ့က မိသားစုချင်းချင်း ခိုက်ရန်ဖြစ်ပွားပြီး လက်ပြတ်သွားတဲ့ လူနာတဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ လက်ပြန်ဆက်ပေးနိုင်ခဲ့ ပါတယ်။

တိုက်ကြီးကနေ ရန်ကုန်ကို ပို့ရာမှာ လက်ကို ရေခဲရိုက်ထားပြီး ပို့တာဖြစ်ပြီး ခွဲစိတ်မှုကို ညနေ ၇ နာရီ ၄၅ မိနစ်မှာ စတင်ခွဲစိတ်မှုပြုလုပ်ပြီး စုစုပေါင်း ၆ နာရီ ကြာပါတယ်။

ပြတ်သွားတဲ့ လက်ဟာ ဓားနဲ့ ခုတ်ခံရတာကြောင့် တခြား စက်ကြောင့် ပြတ်တဲ့ လက်တွေထက် ဆက်ရတာ ပိုမိုလွယ်ကူတယ်လို့ လက်ပြန်ဆက်ပေးတဲ့ နေရာမှာ အဓိက ဦးဆောင်ခဲ့တဲ့ လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုပညာဌာနက ပါမောက္ခဒေါက်တာဦးခင်မောင်မြင့်က ခွဲစိတ်မှုအခြေအနေနဲ့ ပတ်သက်ပြီး ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ခွဲစိတ်ကုသချိန်စုစုပေါင်း ၆ နာရီကျော်ကြာမြင့်ခဲ့ပြီး ခွဲစိတ်ရာမှာ လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုပညာဌာနက ပါမောက္ခဒေါက်တာဦးခင်မောင်မြင့်နဲ့အတူ လက်ခွဲစိတ် အထူးကု ဆရာဝန် ၂ ဦး၊ သင်တန်းသား ၂ ဦး၊ အရိုးပိုင်းဆိုင်ရာ ဆေးလက်တွေ့ပါရဂူသင်တန်းသား ၁ ဦး၊ မေ့ဆေးအထူးကုဆရာဝန်ကြီး ၁ ဦးနဲ့ လက်ထောက် မေ့ဆေးရာဝန် ၁ ဦး၊ သင်တန်းသား ၃ ဦး၊ သူနာပြု ဆရာမ ၃ ဦးတို့ ပါဝင်ခဲ့ကြပါတယ်။

လူနာအနေနဲ့ ကျန်းမာရေးအခြေအနေ အတော်ကောင်းမွန်နေပေမယ့် နဂိုအခြေအနေ ပြန်ရောက်အောင် ၁ နှစ်လောက်အထိ လေ့ကျင့်ခန်း ပြန်လုပ်ရဦးမယ်လို့ ကုသရေးမျာ ပါဝင်တဲ့ လက်ပိုင်းဆိုင်ရာခွဲစိတ်ကုပညာဌာနက အထူးကုဆရာဝန်ကြီးတဦးက ပြောပါတယ်။

အခုလို ပြတ်သွားတဲ့လက်တွေကို မြန်မာနိုင်ငံမှာ အရင်ကလည်း ပြန်ဆက်ပေးခဲ့ရဖူး ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ လက်ပိုင်းဆိုင်ရာခွဲစိတ်ကု အထူးကုဆရာဝန် အရေအတွက် အနေနဲ့ကတော့ ၉ ဦးသာရှိပြီး ပြတ်သွားတဲ့ ခြေလက်တွေကို ကုသနိုင်တဲ့ ဆေးရုံအနေနဲ့လည်း ရန်ကုန်နဲ့ မန္တလေးဆေးကြီးတွေမှာပဲ ရှိတာဖြစ်ပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no

ရန်ကုန်ဆေးရုံကြီးတွင် လက်ပြတ်လူနာတဦးကို လက်ပြန်ဆက်ပေး  ရန်ကုန်ဆေးရုံကြီးတွင် လက်ပြတ်လူနာတဦးကို လက်ပြန်ဆက်ပေး Reviewed by သစ်ထူးလွင် on 12:50 Rating: 5
Powered by Blogger.