ကိုးကန့်သောင်းကျန်းသူများ အခြေပြု ခံစစ်ဆင်နေသော ရှင်ခုတ်ထန်ဒေသနှင့် စန်တအိုက်ရှန် ကုန်းမြင့်ဒေသအား တပ်မတော် စစ်ကြောင်းများက သိမ်းပိုက်ထိန်းချုပ်


နေပြည်တော် ၊ ဧပြီ - ၁၆

ကိုးကန့် သောင်းကျန်းသူများသည် ပါစင်ကျော်ကျေးရွာ အရှေ့မြောက်ဘက်ရှိ ရှင်ခုတ်ထန်ဒေ သနှင့် အရှေ့ဘက်ခြမ်းရှိ စန်တအိုက်ရှန် ကုန်းမြင့်ဒေသတွင် ခံစစ်ယူ၍ တပ်မတော်စစ် ကြောင်းများ၏ ထိုးစစ်ကို ခုခံတိုက်ခိုက်လျက် ရှိသော်လည်း တပ်မတော်သားများ၏ အသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားသော စိတ်ဓာတ်ဖြင့် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်မှု ကြောင့် အဆိုပါ ကုန်းမြင့်ဒေသရှိ စစ်ဗျူဟာအရ အရေးကြီးသော တောင်ကုန်းများကို သိမ်း ပိုက်နိုင်ခဲ့ပြီး ယနေ့တွင်လည်း နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းအနီးရှိ ပွိုင့် - ၁၅၅၃ တောင်ကုန်း ၊ ပွိုင့် - ၁၅၄၁ တောင်ကုန်း ၊ ပန်ဝိုင်တောင်၊ ဘိုင်ကြင်ရွှေကျေးရွာ၊ ပွိုင့်-၁၈၅၉ တောင်ကုန်းနှင့် ပွိုင့်-၁၇၅၃ တောင်ကုန်းများကို ထပ်မံ သိမ်းပိုက် ရရှိခဲ့သည်။

တပ်မတော်စစ်ကြောင်းများက ဧပြီ ၁၀ ရက်မှ စ၍ ကိုးကန့်သောင်းကျန်းသူ ၅၀ ဦးခန့် အခြေပြု ခံစစ်ဆင်လျက်ရှိသော ပွိုင့်-၁၅၅၃ တောင်ကုန်းကို လက်နက်ကြီး ပစ်ကူနှင့် သံချပ်ကာ တိုက်ယာဉ်ပစ်ကူများ ရယူ၍ တိုက်ခိုက်ချေမှုန်းခဲ့သည်။ ၎င်းတောင်ကုန်းသည် ခံစစ် စခန်းဟောင်းတစ်ခုဖြစ်၍ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်းနှင့် နီးကပ်စွာ တည်ရှိပြီး ကိုးကန့် သောင်းကျန်းသူများက တောင်ကုန်းပေါ်တွင် သစ်လုံးဘန်ကာများ၊ ပစ်ကျင်းများနှင့် ဆက်သွယ်ရေးမြောင်းများ ဖောက်လုပ်ထားရှိကာ ထိုးစစ်ဆင် တိုက်ခိုက်လာသော တပ်မတော် စစ်ကြောင်းအား လက်နက်ကြီးများ၊ လက်နက်ငယ်များနှင့် လက်ပစ်ဗုံးများဖြင့် ပြန်လည် ခုခံတိုက်ခိုက်ခဲ့သည်။ သို့သော် တပ်မတော်သားများက ပစ်ကူပစ်အား ဟန်ချက်ညီစွာဖြင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် အသက်ကို ပဓာနမထားပဲ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခြေမှုန်းမှုကြောင့် သောင်းကျန်းသူများ ဆက်လက်ခုခံနိုင်ခြင်းမရှိဘဲ ကစဥ့်ကလျား ဆုတ်ခွာသွားခဲ့ပြီး ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် အဆိုပါတောင်ကုန်းကို သိမ်းပိုက်ရရှိခဲ့သည်။

၎င်းအပြင် ယနေ့မွန်းလွဲပိုင်းတွင် ကိုးကန့်သောင်းကျန်းသူများ ၀င်/ထွက် အခြေပြုလျက် ရှိသော အာစီကောင်းကျေးရွာ အရှေ့ဘက်ရှိ ပွိုင့်-၁၅၄၁ တောင်ကုန်းကို လည်းကောင်း၊ နှစ်နိုင်ငံနယ်နိမိတ် မှတ်တိုင်အမှတ် (၁၃၈) အနီးရှိ ပန်ဝိုင်တောင်ကို လည်းကောင်း၊ တာကထန်ကျေးရွာ တောင်ဘက်ရှိ ဘိုင်ကြင်ရွှေကျေးရွာကို လည်းကောင်း ဆက်လက် အောင်မြေချဲ့ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။

ထို့အတူ တပ်မတော် စစ်ကြောင်းများက ကိုးကန့်သောင်းကျန်းသူများ မျှော်လင့်မထားသည့် မြင့်မားမတ်စောက်သော တောင်ကြောမှ ခက်ခဲစွာ ချီတက်ပြီး လုံထန်ကျေးရွာ အရှေ့ဘက်ရှိ ပွိုင့်-၁၈၅၉ တောင်ကုန်းအား မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် လည်းကောင်း၊ ပွိုင့်-၁၇၅၃ တောင်ကုန်းအား ညနေ ၄ နာရီတွင် လည်းကောင်း ရှင်းလင်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

အထက်ပါ ဖြစ်စဉ်များတွင် ကိုးကန့်သောင်းကျန်းသူများထံမှ ကေ(၁၂) ၁ လက်၊ အာရ်ပီဂျီ ၁ လက်၊ အမ် (၂၂ ) ၁ လက်၊ အေကေ(၄၇) ၁ လက်၊ ကျည်အိမ်မျိုးစုံ ၇ ခု၊ ကျည်မျိုးစုံ ၃၀၆၀ တောင့်၊ ရှေ့ထွက်မိုင်း ၁၁ လုံး၊ တိုက်မိုင်း ၃ လုံး၊ အာရ်ပီဂျီ ဗုံးသီး ၁၄ လုံး၊ အာရ်ပီဂျီဗုံးသီး ပို့ကျည် ၁၇ တောင့်၊ လက်ပစ်ဗုံး ၂၃ လုံး၊ ၆၀ မမ ဗုံးသီး ၂၁ လုံး၊ စနိုက်ပါပြောင်းပို ၁ ခု၊ ဓာတ်ငွေ့ကာ မျက်နှာဖုံး ၉ ခု၊ အီကွေးမန့် ၁ စုံနှင့် ဘေးလွယ်အိတ် ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့ပြီး သစ်လုံးဘန်ကာ ၈၀ လုံးအား ဖျက်ဆီးနိုင်ခဲ့သည်။

အဆိုပါ ပါစင်ကျော်ကျေးရွာ အရှေ့မြောက်ဘက်ရှိ ရှင်ခုတ်ထန်ဒေသနှင့် အရှေ့ဘက်ရှိ စန်ထအိုက်ရှန် ကုန်းမြင့်ဒေသအား တပ်မတော်က မတ် ၅ ရက်မှစ၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ကိုးကန့်သောင်းကျန်းသူများက တောင်ကြားလမ်းများမှ အင်အား အများအပြား ဖြင့် ပိတ်ဆို့တားဆီးတိုက်ခိုက်ခြင်း၊ သဘာဝအတားအဆီးများ၊ လူလုပ်အတားအဆီးများနှင့် မိုင်းများထောင်၍ နှောင့်ယှက်တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သော်လည်း တပ်မတော် စစ်ကြောင်း များက သောင်းကျန်းသူများ မျှော်လင့်မထားသည့် မြင့်မားမတ်စောက်သော တောင်ကြော များမှတစ်ဆင့် ကျားကုတ်ကျားခဲ့ဖြင့် ခက်ခဲပင်ပန်းစွာ အလစ်အငိုက် ရယူ၍ ချီတက် တိုက်ခိုက်ခဲ့သည်။

ထိုသို့ တိုက်ခိုက်ရာတွင် စစ်ကြောင်း (၄) ကြောင်း ခွဲ၍ စစ်ကြောင်း တစ်ကြောင်းသည် ပွိုင့်-၁၄၇၉ မှတစ်ဆင့် ပွိုင့်-၁၅၆၄ သို့လည်းကောင်း၊ ၎င်းမှတစ်ဆင့် ပွိုင့်-၁၄၈၆ သို့လည်းကောင်း၊ ၎င်းမှတစ်ဆင့် ရှင်ခုတ်ထန်ကျေးရွာသို့ လည်းကောင်း၊ ၎င်းမှတစ်ဆင့် ပွိုင့်-၁၅၈၄ သို့ လည်းကောင်း၊ ၎င်းမှတစ်ဆင့် ပွိုင့်-၁၅၅၃ သို့လည်းကောင်း၊ ၎င်းမှတစ်ဆင့် မာလိလင် ကျေးရွာသို့ လည်းကောင်း ချီတက်ရှင်းလင်း တိုက်ခိုက် သိမ်းပိုက်ခဲ့ပါသည်။

စစ်ကြောင်း တစ်ကြောင်းသည် ပါစင်ကျော် ကျေးရွာမှတစ်ဆင့် ပွိုင့်-၁၈၄၅ သို့လည်းကောင်း၊ ၎င်းမှတစ်ဆင့် တာကထန်ကျေးရွာသို့ လည်းကောင်း၊ ၎င်းမှတစ်ဆင့် စင်းရွှေထန်ကျေးရွာနှင့် အာစီကောင်းကျေးရွာများသို့ လည်းကောင်း၊ ၎င်းမှတစ်ဆင့် ပွိုင့်-၁၅၄၁ နှင့် နှစ်နိုင်ငံ နယ်နိမိတ် မှတ်တိုင်အမှတ်(၁၃၈) အနီးရှိ ပန်ဝိုင်တောင်သို့လည်းကောင်း၊ ၎င်းမှတစ်ဆင့် နှစ်နိုင်ငံ နယ်နိမိတ်မှတ်တိုင် အမှတ် (၁၃၇) အနီးရှိ တောင်ကုန်းများသို့လည်းကောင်း ချီတက် ရှင်းလင်း တိုက်ခိုက် သိမ်းပိုက် ခဲ့ပါသည်။

ထို့အတူ စစ်ကြောင်း တစ်ကြောင်းသည် ချင်းရွှေဟော်မှတစ်ဆင့် တာရွှေကျင်ကျေးရွာသို့ လည်းကောင်း၊ ၎င်းမှတစ်ဆင့် ဟိုင်းကျိုက်ကျေးရွာသို့လည်းကောင်း၊ ၎င်းမှတစ်ဆင့် ပွိုင့်-၁၈၅၉ သို့လည်းကောင်း၊ ၎င်းမှ တစ်ဆင့် နှစ်နိုင်ငံ နယ်နိမိတ် မှတ်တိုင်အမှတ် (၁၄၂) အနီးရှိ ကျေးရွာများသို့လည်းကောင်း ချီတက်ရှင်းလင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပါသည်။

၎င်းအပြင် ယောင်ပြစစ်ကြောင်းတစ်ကြောင်းသည် လုံထန်ကျေးရွာမှ တစ်ဆင့် ပွိုင့်-၁၇၅၃ တောင်ကုန်းအား ထိန်းချုပ်ထားရှိရန် စီမံဆောင်ရွက်၍ တိုက်ခိုက်ခဲ့ရာ ယနေ့တွင် ရှင်ခုတ်ထန် ဒေသနှင့် စန်တအိုက်ရှန် ကုန်းမြင့်ဒေသအား သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပြီး ကြွင်းကျန်ရစ်သော ကိုးကန့်သောင်းကျန်းသူ အင်အားစု အချို့အား ခြေမြန်တပ်မဌာနချုပ် စစ်ကြောင်းများနှင့် နယ်မြေခံ စစ်ကြောင်းများမှ အပြီးအပိုင် တိုက်ခိုက်ရှင်းလင်း ချေမှုန်းနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်သောင်းကျန်းသူများသည် ပြည်ထောင်စုနေ့ မတိုင်မီ လောက်ကိုင်မြို့အား သိမ်းပိုက်ပြီး နိုင်ငံတော် အစိုးရ အကြပ်အတည်း ဖြစ်စေရေး အကြပ်ကိုင် မှုများပြုလုပ်ရန် ရည်ရွယ်၍ ဖေဖော်ဝါရီ ၉ ရက်မှ စတင်၍ လောက်ကိုင် ဒေသအား တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့ပါသည်။ ကိုးကန့်သောင်းကျန်းသူများသည် အခြားလက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များနှင့် ပူးပေါင်း၍ လောက်ကိုင်ဒေသအား သိမ်းပိုက်ရရှိရေး တိုက်ပွဲများ ဆင်နွှဲခဲ့သော်လည်း တပ်မတော် အနေဖြင့် သောင်းကျန်းသူများအား အသက်ကို ပဓာန မထားဘဲ ရဲဝံ့စွန့်စားစွာ ကိုယ်ကျိုးစွန့် တိုက်ခိုက်ခဲ့မှုများကြောင့် ကိုးကန့် သောင်းကျန်းသူ များ၏ အလစ်အငိုက် တိုက်ခိုက်မှုကို ခုခံရှင်းလင်းနိုင်ခဲ့ပြီး ၎င်းတို့ အဓိက ခံစစ်ဆင် အခြေပြုလျက်ရှိသော တောင်ကုန်းများအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ လောက်ကိုင် ဒေသ တစ်ခုလုံး၏ အဓိက အချက်အခြာကျသော နယ်မြေများအား သိမ်းပိုက် ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။

လောက်ကိုင် ဒေသအတွင်း တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်မှ ယနေ့ အထိ ထိတွေ့တိုက်ပွဲ စုစုပေါင်း ၂၅၃ ကြိမ် ဖြစ်ပွားခဲ့ကာ ကိုးကန့်သောင်းကျန်းသူများ ထံမှ အလောင်း ၇၄ လောင်း၊ လက်နက်မျိုးစုံ ၂၂၆ လက်၊ ကျည်မျိုးစုံ ၂၄၆၂၇ တောင့်၊ ဗုံးသီး မျိုးစုံ ၂၈၉ လုံး၊ ဖမ်းမိ/အလင်းဝင် ၂၂ ဦးနှင့် ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၂၇၇၆၁၆ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးမျိုးစုံတို့အား သိမ်းဆည်း ရမိခဲ့သည်။

ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံစေရေး အတွက် နိုင်ငံတော်၏ တည်ငြိမ်အေးချမ်း မှုနှင့် အချုပ်အခြာ အာဏာကို ထိပါး နှောင့်ယှက် တိုက်ခိုက် လာသော သောင်းကျန်းသူ များအား တပ်မတော်အနေဖြင့် အရိုးကြေကြေ အရည်ခန်းခန်း ပြတ်ပြတ်သားသား တိုက်ခိုက် ခြေမှုန်း သွားမည်ဟု သန္နိဌာန် ပြုထားကြောင်း သတင်းရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia

ကိုးကန့်သောင်းကျန်းသူများ အခြေပြု ခံစစ်ဆင်နေသော ရှင်ခုတ်ထန်ဒေသနှင့် စန်တအိုက်ရှန် ကုန်းမြင့်ဒေသအား တပ်မတော် စစ်ကြောင်းများက သိမ်းပိုက်ထိန်းချုပ်  ကိုးကန့်သောင်းကျန်းသူများ အခြေပြု ခံစစ်ဆင်နေသော ရှင်ခုတ်ထန်ဒေသနှင့် စန်တအိုက်ရှန် ကုန်းမြင့်ဒေသအား တပ်မတော် စစ်ကြောင်းများက သိမ်းပိုက်ထိန်းချုပ် Reviewed by သစ်ထူးလွင် on 02:34 Rating: 5
Powered by Blogger.