ထောင်တွင်း အစာငတ်ခံဆန္ဒပြသူ စိတ်ကျန်းမာရေးဆေးရုံပို့ခံရ


 သိမ်းဆည်း လယ်မြေပြန်ရအောင်ကြိုးပမ်းရင်း မအူပင်ထောင်မှာ ထောင်ချခံရသူ လယ်သမား ဦးမောင်စိုးက သူ့ကို အာဏာပိုင်တွေက  ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံကြီး (ရန်ကုန်)  ပို့ဆောင်ခဲ့တယ်လို့  ဆေးရုံပေါ် ကနေ ဒီဗွီဘီကို ပြောပါတယ်။

မအူပင်မြို့နယ် မလက်တိုကျေးရွာက လယ်သမား ဦးမောင်စိုးက စိတ်ရောဂါအပြင်းစား၊ စိတ်ကစဥ့် ကလျားရောဂါ ကနေ အရက်ဖြတ်လူနာတွေထိ ထားရှိတဲ့ အဆိုပါဆေးရုံကို ပို့ဆောင်ခံရတာဟာ သူ့အပေါ် အာဏာပိုင်တွေက အမှုတွ ထပ်တိုးတာ မခံနိုင်လို့  ထောင်တွင်း အစာငတ်ခံဆန္ဒပြလို့ ၄ ရက်မြောက်နေ့ မှာလို့ ပြောပါတယ်။

“မအူပင်ဆေးရုံက သမားတော်ကြီးကနေပြီးတော့ စိတ်ရောဂါများ ရှိတယ်ထင်တယ်ဆိုပြီးတော့ ဒီဟို နင်းထောင်ကို စစ်ဆေးပြီးတော့ စမ်းသပ်ပေးပါဆိုပြီးတော့ မအူပင်ဆေးရုံက ဆရာဝန်ကပြောတယ်။ အခု ဟာက စိတ်ကျန်းမာရေး ဆေးရုံကိုပို့လိုက်တာ။ ပြသနာက အိမ်ရှင် ၂ ယောက်နဲ့ ရဲ ၂ ယောက် စောင့်ရမယ်။ မအူပင်ကနေလည်း ရဲ အကုန်မပါလာဘူး။ အိမ်ရှင် ၂ ယောက်က စောင့်ရမယ်ဆိုတော့ တွက်ကြည့်ပေါ့။ ၂ နှစ်လောက်ဖြစ်နေတဲ့အခါကျတော့ စားဝတ်နေရေးက ကလေးငယ်လေးကလည်း ကျန်းမာရေး မကောင်း ဘူး။ အိမ်က လာစောင့်ဖို့လူကလည်း မရှိတော့ ကျနော်တို့လည်း ဒုက္ခ ရောက်နေတယ်။” လို့ ပြောပါတယ်။

ဦးမောင်စိုးဟာ ၂၀၁၃ ခုနှစ်ဆန်းပိုင်းက မလက်တိုကျေးရွာအုပ်စုအတွင်းက သိမ်းဆည်ခံ လယ်မြေတွေ ပြန်ရဖို့ တောင်းဆိုရာမှာ တက်ကြွသူဖြစ်ပါတယ်။   တောင်းဆိုမှုဖြစ်စဉ်ကာလ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ညက ရဲတ်ပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ တောင်သူတွေအကြား ပဋိပက္ခ ဖြစ်ပွားခဲ့ရာမှာ  ရဲတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၂၆ ဦးနဲ့ ဒေသခံ ၁၅ ဦး ဒဏ်ရာအသီးသီး ရရှိခဲ့ပါတယ်။

ရဲသေဆုံးမှုနဲ့ပတ်သက်ပြီး ဦးမောင်စိုးကို လူသတ်မှုနဲ့ တရားစွဲဆိုခဲ့သလို ၂၀၁၄ ဧပြီလ ၁၄ ရက်မှာ ထောင်ဒဏ် ၃ နှစ်စီရင်ခဲ့ပါတယ်။

သင်္ကြန်တွင်းကာလဖြစ်တာကြောင့် ဦမောင်စိုးကို ဆေးစစ်ချက်မယူသေးဘဲ ရွာသာကြီးဆေးရုံမှာပဲ ဆက်လက် ထိန်းသိမ်း ထားတယ်လို့ ဦးမောင်စိုးကို သွားတွေ့တဲ့ ဇနီး ဒေါ်ဥမ္မာစန်းက ပြောပါတယ်။

“ကျမ ယောကျာ်းကို ထောင် ၃ နှစ်ချပြီးတဲ့အပြင်ကို နောက်ထပ်တရားရုံးမှာ ထပ်ပြီး အမှု ရင်ဆိုင်နေရတာ ၃၂ ကြိမ်၊ အဲဒီ ၃၂ ကြိမ်ကို တရားခံတယောက်လာပြီး အဖမ်းခံတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ၃၂ ချိန်းကို ပယ်ဖျက်ပြီးတော့ နောက်ထပ်အစကနေ ပြန်စစ်ရမယ်တဲ့။ အမှုကို အစကနေ ပြန်စစ်မယ်ဆိုတော့ ကျမ ယောက်ျားက မခံနိုင်လို့ဆိုပြီး အစာငတ်ခံပြီးဆန္ဒပြတယ်။ အဲဒါကို ရူးတယ်ဆိုပြီးတော့ အခု အရူးထောင်ကို ပို့လိုက်တာရှင့်။ ”

ဦးမောင်စိုးနဲ့ ဒေါ်ဥမ္မာစန်းတို့မှာ သားသမီး ၄ ဦးအနက် အကြီး ၂ ယောက်က အိမ်ထောင်ပြုပြီဖြစ်ပေမယ့် ကျန်ရှိ ကလေးငယ် ၂ ယောက်နဲ့ စားဝတ်နေရးအတွက် မိခင်တဦးတည်း ရုံးကန်နေရသလို ခင်ပွန်းသည်အတွက်ပါ လုပ်ဆောင်နေရတဲ့အတွက် အခက်အခဲတွေ ကြုံနေရတယ်လို့လည်း ပြောပါတယ်။

 By နော်နိုရင်း (ဒီဗွီဘီ)
http://burmese.dvb.no
ထောင်တွင်း အစာငတ်ခံဆန္ဒပြသူ စိတ်ကျန်းမာရေးဆေးရုံပို့ခံရ  ထောင်တွင်း အစာငတ်ခံဆန္ဒပြသူ စိတ်ကျန်းမာရေးဆေးရုံပို့ခံရ Reviewed by သစ်ထူးလွင် on 18:17 Rating: 5
Powered by Blogger.