မြောက်ကိုရီးယားသံတမန်ထံမှ ဒေါ်လာ ၁ ဒသမ ၄ သန်းတန် ရွှေများ သိမ်းဆည်းရမိ


ဒါကာ မတ် ၆

ဘင်္ဂလားဒေ့ရှ် အကောက်ခွန်အရာရှိများက နိုင်ငံအတွင်းသို့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ သန်းတန်ဖိုးရှိသည့် ရွှေများ တရားမဝင်တင်သွင်းရန် ကြိုးပမ်းခဲ့သည့် မြောက်ကိုရီးယား သံတမန်တစ်ဦးအား ဖမ်းဆီးခဲ့ကြောင်း အဆင့်မြင့်တာဝန်ရှိသူ တစ်ဦးက ယနေ့ပြောကြားခဲ့သည်။

''ကျွန်တော်တို့ မြောက်ကိုရီးယား ပထမအတွင်းဝန် ဆွန်ယောင်နမ်ဆီမှ အလေးချိန် ၂၇ ကီလိုဂရမ်နီးပါးရှိတဲ့ ရွှေတွေ လက်ရသိမ်းဆည်းခဲ့ပါတယ်'' ဟု အကောက်ခွန် ထောက်လှမ်းရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် မွိုင်နူခန်းက ဆိုသည်။

အဆိုပါသံတမန်သည် စင်ကာပူနိုင်ငံမှ စင်ကာပူလေကြောင်းလိုင်းဖြင့် ရောက်ရှိလာ ပြီး မြို့တော်ဒါကာရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဖြတ်သန်းစဉ် အကောက်ခွန် အရာရှိများက လက်ကိုင်ခရီးဆောင်အိတ်ကို စစ်ဆေးရန် ပြောကြားသောအခါ ၎င်းက စစ်ဆေးစရာမလိုဟုဆိုကြောင်း အမျိုးသား အကောက်ခွန်ဘုတ်အဖွဲ့ဥက္ကဋ္ဌ နာဂျီဘူရာမန် က ပြောကြားသည်။

''နောက်ပိုင်း ကျွန်တော်တို့ နိုင်ငံခြားရေး ဝန်ကြီးဌာနကို အကြောင်းကြားလိုက်ပြီး ဗီယင်နာကွန်ဗင်းရှင်းအရ သူ့ကိုလွှတ်ပေးခဲ့ပါ တယ်'' ဟု ၎င်းက ဆက်လက်ပြောကြား သည်။

အကောက်ခွန်ဌာနက ဆွန်အားအမှုဖွင့် ထားသည်။ မကြာသေးမီလများအတွင်း အထူးသဖြင့် ဒူဘိုင်းမှ တရားမဝင်ရွှေမှောင် ခိုတင်သွင်းမှုများ မြင့်တက်လာသော်လည်း ယခုကဲ့သို့သံတမန်တစ်ဦး ရွှေသယ်ဆောင်လာမှုမှာ ပထမဆုံးဖြစ်ရပ်ဖြစ်သည်။

မကြာမီအချိန်တွင် ဘင်္ဂလားဒေ့ရှ် အစိုးရအနေဖြင့် ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မြောက်ကိုရီးယားအစိုးရကို အကြောင်းကြားမည်ဖြစ်ကြောင်းသိရသည်။

ရိုက်တာ။
The Mirror Daily
https://www.facebook.com/TheMirrorDaily
မြောက်ကိုရီးယားသံတမန်ထံမှ ဒေါ်လာ ၁ ဒသမ ၄ သန်းတန် ရွှေများ သိမ်းဆည်းရမိ မြောက်ကိုရီးယားသံတမန်ထံမှ ဒေါ်လာ ၁ ဒသမ ၄ သန်းတန် ရွှေများ သိမ်းဆည်းရမိ Reviewed by သစ်ထူးလွင် on 04:00 Rating: 5
Powered by Blogger.