ပညာရေး ဥပဒေကြမ်း လွှတ်တော်မတင်နိုင်သေး

ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေစဉ် ။ Photo: RFA
အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပညာရေး ၀န်ကြီးဌာနက ဒီနေ့ လွှတ်တော်မှာ တင်သွင်း မယ်လို့ ပြင်ဆင်ခဲ့ပေမဲ့ တင်သွင်းခြင်း မရှိသေးဘူး လို့ ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီဝင်တစ်ဦးက ပြောပါတယ်။

ဥပဒေကြမ်းကို လွှတ်တော်နှစ်ရပ်ထံ ပေးပို့ထားတာ မရှိသေးကြောင်း ဥပဒေကြမ်းပူးပေါင်းကော်မတီ အဖွဲ့ဝင် ဒေါက်တာမြတ်ဥာဏစိုး က ပြောပါတယ်။

"ကျနော်တို့ဆီကို ဥပဒေကြမ်းက မရောက်ရှိသေး ပါဘူး၊ ဥပဒေကြမ်းရောက်ရှိပြီ လက်ခံပေးဖို့ ဒီဘက်အဆိုတင်သွင်းပြီဆိုတာနဲ့ အချိန်နဲ့ တပြေးညီပေါ့၊ အချိန်တိုအတွင်းမှာပဲ လွှတ်တော်ကို အစီရင်ခံစာတင်သွင်းနိုင်ဖို့ ကျနော်တို့ဆောင်ရွက်သွားမှာပါ"

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER အဖွဲ့ဝင်တွေက အမျိုးသား ပညာရေးဥပဒေ ပြင်ဆင်တဲ့ဥပဒေကြမ်းကို မနေ့က အပြီးရေးဆွဲပြီး ပညာရေးဝန်ကြီးဌာနထံ ပေးအပ်ခဲ့ပါတယ်။

အဲဒီဥပဒေကြမ်းကို ပညာရေးဝန်ကြီးဌာနက ရှေ့နေချုပ်ရုံးကတဆင့် လွှတ်တော်ထံပေးပို့မှာဖြစ်တယ် လို့ NNER အဖွဲ့ဝင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောပါတယ်။

"ပညာရေးဝန်ကြီးက ၁၆ ရက်နေ့အမီ လွှတ်တော်ကိုပို့ပေးမယ် ပြောတယ်လေ၊ မနေ့ကအပြီးလုပ်ပြီးတော့ ပညာရေးဝန်ကြီးဌာနမှာ ထားခဲ့တယ်လေ၊ ဘာကြောင့်လွှတ်တော်ကို ဒီနေ့မရောက်ဘူးဆိုတာက အန်တီ တို့လည်း အံ့သြနေတယ်၊ ဒါပေမဲ့ အန်တီတို့ ဒီဘက်မှာစုံစမ်းကြည့်တဲ့အခါကျတော့ ပညာရေးဝန်ကြီးဌာန က ရှေ့နေချုပ်ရုံးကို ပို့လိုက်ပြီလို့ပြောတယ်၊ ရှေ့နေချုပ်ရုံးက ဒီနေ့မနက်ရမှာပေါ့နော်၊ ရှေ့နေချုပ်ရုံးက ဒီဥပဒေအပေါ်မှာ Review လုပ်ပြီးတော့ သူတို့ရဲ့မှတ်ချက်နဲ့ ပို့ရမှာပေါ့နော်"

ပြည်ထောင်စုလွှတ်တော် နာယကထံ အဲဒီဥပဒေကြမ်း ရောက်ရှိတဲ့အခါ လွှတ်တော်တစ်ရပ်ရပ်မှာ စတင်ဆွေးနွေးဖို့ နာယက တာဝန်ပေးမှာဖြစ်ပါတယ်။ လွှတ်တော်မှာ ပြင်ဆင်တဲ့ ဥပဒေကြမ်းတစ်ခုကို ဆွေးနွေးတဲ့အချိန်ကာလက အနည်းဆုံး နှစ်ပတ်လောက်ကြာတယ်လို့ သိရပါတယ်။

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဒီနေ့လွှတ်တော်မှာ တင်ပြမယ်လို့ ပြင်ဆင်ခဲ့ပေမဲ့ မတင်ဖြစ်သေးတဲ့အကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်း ကော်မတီအဖွဲ့ဝင် ဒေါက် တာ မြတ်ဥာဏစိုး က ပြောပါတယ်။

RFA Burmese
http://www.rfa.org/burmese/news/education-bill-not-ready-propose-parliament-02162015095756.html
ပညာရေး ဥပဒေကြမ်း လွှတ်တော်မတင်နိုင်သေး  ပညာရေး ဥပဒေကြမ်း လွှတ်တော်မတင်နိုင်သေး Reviewed by သစ်ထူးလွင် on 22:08 Rating: 5
Powered by Blogger.