ကိုးကန့်ဒေသ စစ်ပြေးဒုက္ခသည်များ လားရှိုးမြို့ပေါ်ထွက်ပြေး


လာရှိုးမြို့ရောက် ဒုက္ခသည်များ (ဓာတ်ပုံ – မင်းဇော်)
ရှမ်းပြည်အရှေ့မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက အစိုးရတပ်နဲ့ ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြား ပစ်ခတ်မှုတွေ အပြင်းအ ထန်ဖြစ်ပွားပြီးတဲ့နောက် ရာနဲ့ချီတဲ့ ဒုက္ခသည်တွေ လားရှိုးမြို့ပေါ် ထွက်ပြေး ခိုလှုံလာကြပါတယ်။

ဒုက္ခသည်တွေဟာ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေပိုင်းအထိ လားရှိုးမြို့ပေါ် နေရာအနှံ့မှာ ခိုလှုံနေကြပြီး အထက ၁ မှာတော့ ၂၀၀ ကျော်ရှိတယ်လို့  အထက ရုံးအုပ်စာရေးမကြီး ဒေါ်ခင်မြင့်ကြည်က ဒီဗွီဘီကို ပြောပါတယ်။

“ပြေးလာတဲ့ လူတွေက လောက်ကိုင်၊ ကုန်းကြမ်း၊ ချင်းရွှေဟော် နဲ့  မော်ထိုက်က ဖြစ်ပါတယ်။ တချို့က ကားနဲ့ ၊ တချို့ကဆိုင်ကယ်၊ တချို့က ခြေလျင်လျှောက်လာတာ။ ကျမတို့ကျောင်းမှာတော့ ပညာရေးဝန်ထမ်းမိသားစုတွေ များပါတယ်ရှင့်။”

ဒုက္ခသည်တွေအတွက် ကြက်ခြေနီ၊ မြို့နယ်အုပ်ချုပ်ရေးရုံးနဲ့ စေတနာရှင်တွေကလည်း အရေးပေါ် ကူညီကယ်ဆယ်ရေးပစ္စည်းတွေ လာပို့ထားတယ်လို့ ဆိုပါတယ်။

လားရှိုးမြို့က နေရာ ၄ ခုလောက်မှာ ဒုက္ခသည်စခန်းဖွင့်လှစ်ထားပြီး တနေရာကို ၃ ရာလောက်ရှိတယ်လို့ ဒုက္ခသည်တွေကို သွားရောက်ကူညီခဲ့တဲ့ ဒေသခံ မချွန်းချွန်းက ပြောပါတယ်။

“ဒီနေ့ ရောက်ခဲ့တာကတော့ ရတနာဇီရုံကျောင်းမှာလည်းရှိတယ်။ မန်ဆူရှမ်းကျောင်းမှာ ၃၀၀ လောက်ရှိတယ်။ မန်ဆူဗမာကျောင်းမှာတော့ ၅၀ လောက်ပဲရှိမယ်။ ဒါပမေယ့် သူတို့က ကားဂိတ်တွေအထိ လိုက်ပြီး ဒုက္ခသည်တွေကို လိုက်တော့ခေါ်နေတယ်။ နောက် အထက ၁ မှာကတော့ ဆရာမ ၀န်ထန်းတွေလည်း ၃၀၀ ရောက်နေတယ်”  လို့ ပြောပါတယ်။

ဒါ့အပြင် တချို့ ဒီကနေ့ရောက်လာတဲ့ ဒုက္ခသည်တွေဟာ အောက်ပြည်အောက်ရွာက လူတွေဖြစ်တဲ့အတွက် ဘုန်းကြီးကျောင်းက လမ်းစရိတ်တွေ ထုတ်ပေးပြီး သူတို့ နေရပ်ကို ပြန်သွားတာတွေရှိတယ်လို့လည်း မချွန်းချွန်းက ပြောပါတယ်။

၁၁ ရက်နေ့မှာ ထွက်ပြေးလာသူတွေအဆိုအရ လောက်ကိုင်မြို့ပေါ်မှာ အရပ်သားမရှိသလောက် ထွက်ပြေးကုန်ကြပြီး ကျောင်းတွေ အလုပ်ရုံတွေအားလုံးပိတ်ထားတယ်လို့ပြောပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/?p=81288
ကိုးကန့်ဒေသ စစ်ပြေးဒုက္ခသည်များ လားရှိုးမြို့ပေါ်ထွက်ပြေး ကိုးကန့်ဒေသ စစ်ပြေးဒုက္ခသည်များ လားရှိုးမြို့ပေါ်ထွက်ပြေး Reviewed by သစ်ထူးလွင် on 06:51 Rating: 5
Powered by Blogger.