ဆောက်လုပ်ဆဲ အဆောက်အအုံပြိုကျရာ လူ ၁၂ ဦးသေဆုံး


လက်ခနောင်း ၊ ၁၆-၂-၂၀၁၅

အိန္ဒိယနိုင်ငံ မြောက်ပိုင်း အွတ်တာ ပရာဒက်ရှ် ပြည်နယ် လက်ခ်နောင်း မြို့တော် အရှေ့ တောင်ပိုင်းရှိ မူဂါလ်ဆရီမြို့ တွင် ဖေဖော်ဝါရီ ၁၅ ရက်က ဆောက်လုပ်ဆဲ အဆောက်အအုံ တစ်ခု ပြိုကျခဲ့ရာ ကလေးနှစ်ဦး အပါအဝင် လူ ၁၂ ဦး သေဆုံး ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်။

ဖြစ်စဉ်မှာ ဆောက်လုပ်ဆဲ အဆောက်အအုံ၏ ပထမထပ်မှ အစိတ်အပိုင်း အချို့ ပြိုကျခဲ့ခြင်း ဖြစ်ပြီး ယင်းကဲ့သို့ ပြိုကျစဉ် အဆောက်အအုံ မြေညီထပ် တွင် လူအချို့ အိပ်ပျော် နေခဲ့ကြောင်း ၊ ၄င်းတို့အနက် အဆောက်အအုံ ပိုင်ရှင် မိုဟာမက်ဒ် ခါမာရူဒင် အပါအဝင် အသက် ၈ နှစ်အောက် ကလေးနှစ်ဦးနှင့် အတူ စုစုပေါင်း ၁၂ ဦး သေဆုံး ခဲ့ကြောင်း ရဲမှူးကြီး ချန်ဒါယူလီ မူနီရက်ခ်ျ က ပြောကြား ခဲ့သည်။

အဆိုပါ အဆောက်အအုံ ပြိုကျမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို ရှင်းရှင်း လင်းလင်း မသိရ သေးသော်လည်း အိန္ဒိယနိုင်ငံ တွင် အဆောက်အအုံ ပြိုကျမှု များသည် အများ အားဖြင့် ဖြစ်ပွားလေ့ ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်။

အိန္ဒိယနိုင်ငံတွင် အိမ်ခြံမြေ ဝယ်လိုအား မြင့်တက်လာပြီး အဆောက်အအုံ တည်ဆောက်မှု ဆိုင်ရာ ဘေးအန္တရာယ် ကင်းရှင်းရေး စည်းမျဉ်း စည်းကမ်းများ လျော့ရဲ လာခြင်းသည် အဆောက်အအုံ ဆောက်လုပ်သူ အချို့ကို စံချိန်စံညွှန်း မီသော ပစ္စည်းများ အသုံးပြုခြင်းကို လျှော့ချရန် တွန်းအား ပေးသည့် သဘော သက်ရောက်ကြောင်း သိရသည်။

‪PyiChitThar‬
http://www.pyichitthar.com/2015/02/blog-post_88.html
ဆောက်လုပ်ဆဲ အဆောက်အအုံပြိုကျရာ လူ ၁၂ ဦးသေဆုံး ဆောက်လုပ်ဆဲ အဆောက်အအုံပြိုကျရာ လူ ၁၂ ဦးသေဆုံး Reviewed by သစ်ထူးလွင် on 15:31 Rating: 5
Powered by Blogger.