နန်းတွင်းထောင် ဖောက်ပြေးသူ ရှစ်ဦးထဲမှ နှစ်ဦးအား ရွှေဘိုတွင်ဖမ်းမိ၊ မြို့အဝင်အထွက် နေရာများကို ပိတ်ဆို့ စစ်ဆေးလျက်ရှိ


မန္တလေး ဇန်နဝါရီ၂၉

ဇန်နဝါရီ ၂၅မနက် အစောပိုင်း အချိန်က ဖြစ်ပွားခဲ့သော မန္တလေးနန်းတွင်း စစ်အကျဉ်းထောင် ဖောက်လူသတ်ထွက်ပြေးသူ ရှစ်ဦးထဲမှ နှစ်ဦးအား ဖမ်းမိပြီပြီး ကျန်တရားခံများ ဖမ်းဆီးရမိရေး အတွက် တပ်မတော်နှင့်မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့မှ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တရားခံများ ထွက်ပြေးပြီး နောက်သုံးရက်အကြာ ဇန်နဝါရီ ၂၈ရက် မနက်ဆယ်နာရီခွဲ အချိန်ခန့်တွင် ရွှေဘို၊ ချီပါစုရပ်၊ မင်းကုန်းရွာ အနီးတွင် တရားခံနှစ်ဦးအား ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ပြီး ကျန်တရားခံ ခြောက်ဦးကိုမူ လက်ရှိအချိန်ထိ ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ရွှေဘိုမြို့၊ ခရိုင်ရဲတပ်ဖွဲ့ရုံး၊ ရဲအရာရှိတစ်ဦးက ယနေ့ ညနေ လေးနာရီ အချိန်တွင် ပြောကြားသည်။

တရားခံနှစ်ဦးအား ဖမ်းဆီးရမိပြီးနောက် တပ်မတော် ရွှေဘိုတပ်ဖွဲ့ကို လွှဲပြောင်းပေးလိုက်ပြီး ဆောင်ရွက်နေသည့် လုပ်ငန်း စဉ်အသေးစိတ်ကိုမူ မိမိအနေဖြင့် ပြောနိုင်ခြင်း မရှိကြောင်း ယင်းအရာရှိက ဖြည့်စွက်ပြောကြားသည်။

မန္တလေးမှ ရွှေဘိုမြို့အဝင် ကိုးပင်ချောင်းဂိတ်စသည့် ရွှေဘိုအဝင်အထွက်နေရာလေးနေရာရှိ ဖြတ်သန်းသွားလာနေသော ကားများကို တပ်မတော်တာဝန်ရှိသူများက တားဆီးစစ်ဆေးလျက်ရှိသည်မှာ ယနေ့နှင့်ဆိုလျှင် သုံးရက်ရှိပြီဖြစ်ကြောင်း ရွှေဘိုဒေသခံ ဦးမောင်ကြီးကပြောသည်။

ရွှေဘိုမြို့အဝင်အထွက်ဂိတ်များတွင် ကားများကို တားဆီးစစ်ဆေးနေသည်မှာ မှန်ကန်ပြီး တစ်စီးလျှင် ဆယ့်ငါးမိနစ်ခန့် အချိန်ယူစစ်ဆေးကြောင်း မန္တလေး-ရွှေဘို-ကျောက်မြောင်း-ဆိပ်ခွန် ပြေးဆွဲနေသည့် အောင်နိုင်မန်းကားဂိတ် တာဝန်ရှိသူတစ်ဦးကပြောသည်။

တပ်မတော်ရွှေဘိုတပ်ဖွဲ့ဖုန်းနံပါတ် ၀၇၅ ၂၁၀၁၆သို့ ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်မရခဲ့ပေ။
ယခုလ ၂၅ရက် မနက်အစောပိုင်းက နန်းတွင်းစစ်အကျဉ်းထောင်တွင် ချုပ်နှောင်ထားသည့် အကျဉ်းသားရှစ်ဦးက အစောင့်တာဝန်ကျ တပ်ကြပ်ကြီးအား ကတ်ကြေးဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ခဲ့ပြီး နန်းတွင်းရာဟုထောင့်ပြဿဒ်အရှေ့ဘက်၊ဒုတိယမြောက်ပြအိုးပေါ်မှတဆင့် စောင်များကိုကြိုးအဖြစ် အသုံးပြုဆင်းကာ ကျုံးရေပြင်ကိုကူး၍ ထွက်ပြေးလွတ်မြောက်သွားခြင်းဖြစ်ကြောင်း တပ်မတော်အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

စိုးကြီး
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764?fref=photo
နန်းတွင်းထောင် ဖောက်ပြေးသူ ရှစ်ဦးထဲမှ နှစ်ဦးအား ရွှေဘိုတွင်ဖမ်းမိ၊ မြို့အဝင်အထွက် နေရာများကို ပိတ်ဆို့ စစ်ဆေးလျက်ရှိ နန်းတွင်းထောင် ဖောက်ပြေးသူ ရှစ်ဦးထဲမှ နှစ်ဦးအား ရွှေဘိုတွင်ဖမ်းမိ၊ မြို့အဝင်အထွက် နေရာများကို ပိတ်ဆို့ စစ်ဆေးလျက်ရှိ Reviewed by သစ်ထူးလွင် on 04:16 Rating: 5
Powered by Blogger.