အင်အားသုံးဖြေရှင်းခြင်းမပြုရန် အန်အယ်လ်ဒီ တိုက်တွန်း


အငြင်းပွား မှုတွေကို အင်အားသုံး ဖြေရှင်းခြင်း မပြုကြဘဲ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးကို ဦးတည် ဆောင်ရွက်ကြဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တိုင်းရင်းသား ဆက်ဆံရေး ကော်မတီ က တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို ဒီကနေ့ မေတ္တာရပ်ခံ တိုက်တွန်း ပါတယ်။

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကေအိုင်အေ လက်နက်ကိုင် တပ်ဖွဲတွေက ပြည်နယ်ဝန်ကြီးရဲ့ လုံခြုံရေး ရဲဝန်ထမ်း သုံးဦးကို ဒီလ ၁၄ ရက်နေ့မှ ဖမ်းဆီး ခေါ်ဆောင်တဲ့ ကိစ္စကို အကြောင်းပြုပြီး တိုက်ပွဲတွေ ဆက်ဖြစ်နေတာကို စိတ်မချမ်းမြေ့ဘွယ် ကြားရကြောင်းနဲ့ ဒေသခံ ပြည်သူတွေလည်း တိုက်ပွဲတွေအကြား ပိတ်မိနေသလို လွတ်မြောက်လာခြင်း မရှိသေးတာကို တုန်လှုပ်စွာ သိရှိရကြောင်း ဖော်ပြပါတယ်။

တိုက်ပွဲဖြစ်စဉ်တွေကြောင့် စစ်ရှောင်ဒုက္ခသည်တိုးလာမှု၊ ဆက်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်မှု၊ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ကျောင်းများပိတ်ထားရမှု၊ စီးပွားရေးတုံ့ဆိုင်းမှု၊ အလုပ်အကိုင်တွေ ပျက်စီးဆုံးရှုံးမှု စတဲ့ ဆိုးကျိုးတွေအပြင် လက်နက်ကိုင်တပ်ဖွဲ့တွေအပါအ၀င် ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်ဓနတွေလည်း ဆုံးရှုံးကြမှာမလွဲဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါဖမ်းဆီးခံရတဲ့ ရဲသုံးဦးကို ကေအိုင်အိုက အစိုးရလက်ဝယ် ပြန်လည်အပ်နှံခဲ့ပြီးဖြစ်ပါ တယ်။ ဒီတိုက်ပွဲတွေကြောင့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအတွက် ရန်ကုန်မှာ ဆွေးနွေးညှိနှိုင်းမယ့် ရက်ကို မသတ်မှတ်နိုင်သေးဘဲဖြစ်နေပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/78180
အင်အားသုံးဖြေရှင်းခြင်းမပြုရန် အန်အယ်လ်ဒီ တိုက်တွန်း အင်အားသုံးဖြေရှင်းခြင်းမပြုရန် အန်အယ်လ်ဒီ တိုက်တွန်း Reviewed by သစ်ထူးလွင် on 10:19 Rating: 5
Powered by Blogger.