ကာချုပ်ဟောင်းကို နေရာဖယ်ပေးလိုက်ရတဲ့ လက်ရှိဝန်ကြီးဦးအောင်မင်းနဲ့ “အဘ” ခေါ်သော သတင်းထောက်များ – အောင်ထွန်းလင်း


အစိုးရ၀န်ကြီးတစ်ယောက်ကိုမေးမြန်းခန်းလုပ်တိုင်း ““အဘ””၊ ““အဘ”” နဲ့ တပ်တပ်ခေါ် တာကတော့ ရုပ်ဆိုး လွန်းအားကြီးသလို အဲဒီသတင်း ထုတ်လွှင့်မှုကို ကြည့်ရှုနားဆင်နေတဲ့ ပရိသတ်အတွက်လည်း ၀န်ကြီးကို ၀န်ကြီးလို့ မမြင်ဘဲ ““အဘ”” လို့ မြင်ကုန်ရင်ဖြင့် မခက် ကုန်ပေဘူးလား . . .

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

● ဖြတ်သန်းခဲ့ရသော သတင်းထောက်ဘ၀ အတွေ့အကြုံ

မြန်မာပြည်မှာ ပထမဆုံးလို့ပြောရမယ့် နိုဘယ်-မြန်မာ စာအုပ်ပွဲတော်ကိုတော့ဖြင့် ရန်ကုန်မြို့က အမျိုးသားက ဇာတ်ရုံကြီးမှာ တခမ်းတနားတော့ လုပ်ခဲ့ပြီးပါပြီ။ တကယ့်ကို တခမ်းတနားပါပဲ။ သမ္မတဦးသိန်းစိန် ကိုယ်တိုင် မတက်နိုင်ပေမယ့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နာယက သူရဦးတင်ဦးအပါအ၀င် ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးအောင်မင်း၊ ဦးစိုးသိန်းတို့တောင် ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးခဲ့ရတဲ့ စာအုပ်ပွဲတော်ကြီးပါ။

ဒါတင်လားမဟုတ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနဲ့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းတို့ကတောင် ဗီဒီယိုမိန့်ခွန်းပေးပို့၊ သ၀ဏ်လွှာဖတ် နဲ့တောင် လုပ်ခဲ့တယ်ဆိုတော့ ဒီစာအုပ်ပွဲတော်က ဘယ်လောက်ထိ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်စေ ချင်ခဲ့တယ် ဆိုတာကို ထင်ရှားစေပါတယ်။…

ဒီနေရာမှာ ဖွင့်ပွဲနေ့ သမ္မတကပေးပို့တဲ့ သ၀ဏ်လွှာကို ဖတ်ကြားတဲ့အချိန်သတင်း ယူနေတဲ့ သတင်း ထောက် တွေ အတွက် ရယ်ပွဲလေးတစ်ခုကို သမ္မတရုံးဝန်ကြီးဦးအောင် မင်းက ၂ ကြိမ်တောင် လုပ်ခဲ့သေး သဗျ။ အဲဒါက ဘာလဲဆိုရင် ဖွင့်ပွဲဖဲကြိုးဖြတ်ဖို့ အတွက် ပျိုမဒီချောတွေက တန်းစီသလို တစ်ယောက်ခြားစီနေရာမှာ ဖဲကြိုးဖြတ်ဖို့ လူကြီးမင်းများ နေရာယူကြပေါ့။ နေရာယူတဲ့နေရာ ပထမနေရာယူ ထားတာကတော့ အလယ်ကောင်တည့် တည့်မှာ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် က နေရာယူထားပြီး ဘေးတစ်ဖက်တစ်ချက်စီမှာ ၀န်ကြီး ဦးစိုးသိန်းနဲ့ ဦးအောင်မင်းက နေရာယူထားကော။ အဲဒီမှာ NLD နာယက သူရဦးတင်ဦးက အပေါ်လှေကားထစ် က ဆင်းလာပြီး ဦးအောင်မင်း နေရာယူထားတဲ့ဆီကိုသွား၊ ဦးအောင်မင်းကို ဘေးတွန်း ထုတ်ပြီး ခပ်တည်တည် နဲ့ နေရာယူလိုက်တာပါ။ ဒီတော့ ဦးအောင်မင်းလည်း ဘာမှလည်း မပြောမဆိုနိုင်နဲ့ နဂိုရှိတဲ့ နေရာကနေ ဘေး ဘက်ကို ရွှေ့ပေးလိုက်ရကော။ သြော် …တရားရပါပေါ့ပဲ ပြောရမယ်။ အေးလေ NLD နာယကသူရဦးတင်ဦး ဆိုတာ နဂိုက ကာကွယ်ရေးဦးစီးချုပ်ကိုး။

ဒါနဲ့တင်မပြီးဘူးဗျ။ ဒီလိုနဲ့အတွင်းခန်းမ ထဲရောက်လို့ သမ္မတကပေးပို့တဲ့ သ၀ဏ်လွှာကို ဖတ်ပြန်တော့လည်း ရယ်ပွဲဖွဲ့ရပြန်ကော။ ဒီအခမ်းအနားအတွက်““သမ္မတကြီးက ပေးပို့တဲ့သ၀ဏ်လွှာကို ဖတ်ကြားပေးပါ့မယ်”” လို့ ပြောရမယ့်အစား ““သမ္မတကြီးက ပေးပို့တဲ့ သ၀ဏ်လွှာကို ဖိတ်ကြားပေးပါ့မယ်””ဆိုပြီးမှားဖတ်လို့ ရယ်ခဲ့ ရပြန် ကော။ မနက်စောစောစီးစီး ဖွင့်ပွဲအခမ်းအနားမီဖို့ အစောကြီးကတည်းက လာခဲ့ရတဲ့ သတင်း ထောက်တွေကို ဟာသနှောပြီး မျက်လုံးကျယ်အောင် လုပ်လိုက်သလားပဲ။

ဒီစာအုပ်ပွဲတော်မှာ အစိုးရအဖွဲ့ဝင်တွေ လာရောက်ခဲ့သလို စာပေတိုက်တွေ တော်တော်များများလည်း ခင်း ကျင်းပြသကြပါတယ်။ ထို့နည်းတူနိုင်ငံရေး၊ လူမှုရေးနဲ့ ပတ်သက်ပြီး လက်သွက်ပါပေ့ဆိုတဲ့ ကာတွန်းဆရာ တွေ ရဲ့ လက်ရာတွေလည်း ခင်းကျင်းပြသထားတော့ စိတ်ဝင်စားသူက တော့တော်တော့်ကိုများပါတယ်။ ထို့ နည်းတူ နေ့အလိုက် စာပေဟောပြောပွဲတွေ၊စာ တမ်းဖတ်ပွဲတွေကိုပါ ထည့်သွင်းထားသလို ညပိုင်းမှာ အငြိမ့်ပွဲ တွေ လည်းပါတော့ စာပေချစ်ပရိသတ်အတွက် အကြိုက်တွေ့စရာလေ။ ဒီနေရာမှာ နောက်ထပ် ထူးခြားချက်ကတော့ ပွဲရဲ့ အခမ်းအနားမှူးလုပ်တဲ့ သူပါ။ သူက နဂိုစစ်အစိုးရလက်ထက် အာဏာပိုင်တွေရဲ့ မမှန်ကန်တဲ့ လုပ်ရပ်တွေ ကို မီဒီယာကနေ ဖော်ထုတ်တိုက်ခိုက်ခဲ့တဲ့ ဦးနေဇော်နိုင်ပါ။ ““တော်စမ်းပါ ၀န်ကြီးရာ”” ဆိုပြီး နဂိုပြန်ကြားရေး ၀န်ကြီးနဲ့ လက်ရှိ သ/မ၀န်ကြီး ဦးကျော်ဆန်းကို လှောင်ပြောင်ခဲ့တဲ့ ““ကျွန်တော်ဆွဲဖွင့်မိသော တံခါးများ”” အစီ အစဉ်တင်ဆက်သူပါ။ အဲဒီတင်ဆင်မှုကို လုပ်ခဲ့တာက DVB လို့ လူသိများတဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ ကပါ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ပြည်တွင်းမှာပြန်ပြီး လုပ်ကိုင်နေတဲ့ DVB ရဲ့ ထိပ်သီးတာဝန်ရှိသူတွေ တော်တော် များများ တက်ရောက်ခဲ့တာပါ။ နောက်ပြီး ဘာကြောင့်ရယ်မသိ။ နိုဘယ်-မြန်မာအဖွဲ့ရဲ့ တာဝန်ရှိသူ တစ်ဦး နဲ့ DVB တာဝန်ရှိသူတွေ အတော်နီးစပ်တာကိုတော့ သတိထားလိုက်မိတယ်။

နောက်ထပ်ပိုပြီးတော့ သတိထား လိုက်မိတာကတော့ အဲဒီစာအုပ်ဈေးပွဲတော်ကို ရိုက်ကူးပြီး မှတ်တမ်း အဖြစ် ပြန်လည်ထုတ်လွှင့်တဲ့ 5 Network က Reader Channel ပါ။ ပြန်လွှင့်တာက ၁၈ရက်နေ့ ညပိုင်းပေါ့။ နိုဘယ်-မြန်မာစာအုပ်ပွဲတော်နဲ့ ပတ်သက်လို့ ပြောသင့်ပြော ထိုက်တဲ့ သတင်းအချက်အလက်တွေ ကိုပြော၊ ပြီးတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို သဘောထားမှတ်ချက်တွေကို တောင်းတဲ့အချိန်ပေါ့။ အဲဒီမှာတင် စတွေ့တော့ တာပဲ။ ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်နဲ့ တွေ့ဆုံမေးမြန်းခန်းကို စတော့တာပါပဲ။ စစချင်းဆိုသလို သတင်းထောက်က ပြောလိုက်တာက ““အဘ၀န်ကြီး မင်္ဂလာပါ”” တဲ့။ အောင်မလေးဗျာ။ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကို ဘယ်တုန်းက ““အဘ””ဆိုတဲ့ ရာထူးထပ် တပ် ပေးလိုက်တာတုန်းတောင် မသိလိုက်ရဘူး။ ““၀န်ကြီး မင်္ဂလာပါ”” ဆိုတာကတော့ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံး တမ်းနဲ့ ကိုက်ညီတာမို့ မပြောလိုပါဘူး။ ဘယ့် နှယ့် “အဘ” ဆိုတဲ့ရာထူးကို တပ်ခေါ်တာတုန်း မသိဗျာ။

ကျွန်တော်တို့ သတင်းစာလောကမှာ သတင်းစာတိုက် တစ်ခုနဲ့ တစ်ခု မူဝါဒချင်း မတူညီကြသလို သက်ဆိုင်ရာ တာဝန်ရှိသူ တွေကိုခေါ်ဆိုတဲ့ အသုံးအနှုန်းချင်းလည်း မတူညီကြပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒါမှမဟုတ် တရားဥပဒေ စိုးမိုးရေးကော်မတီဥက္ကဋ္ဌ၊ ဦးသိန်းစိန်ကို သမ္မတ၊ ဦးရွှေမန်း ကို ပြည်ထောင်စုလွှတ်တော် နာယကစသည် စသည်ဖြင့် သူနဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်း၊ ရာထူး အလိုက်ခေါ် ဝေါ် သုံးစွဲကြတာပါ။ ဒါပေမဲ့လည်း အစိုးရနဲ့ နီးစပ်တဲ့ သတင်းစာ တိုက်တွေကိုကြည့်ရင်တော့ အဲဒီလိုမဟုတ် ဘူးဗျ။ ဘယ်နှယ် အစိုးရ၀န်ကြီးတစ်ယောက်ကို မေးမြန်းခန်းလုပ်တိုင်း ““အဘ””၊““အဘ”” နဲ့ တပ်တပ် ခေါ်တာကတော့ ရုပ်ဆိုးလွန်း အားကြီးသလို အဲဒီသတင်း ထုတ်လွှင့်မှုကို ကြည့်ရှုနားဆင်နေတဲ့ ပရိသတ် အတွက်လည်း ၀န်ကြီးကို ၀န်ကြီးလို့ မမြင်ဘဲ ““အဘ”” လို့မြင်ကုန်ရင်ဖြင့် မခက်ကုန်ပေဘူးလား။

ဒါတင်လားမဟုတ်နော်။ အဲဒီစာပေပွဲ တော်နဲ့ပတ်သက်တဲ့သတင်းမှာ ၀န်ကြီး ဦးအောင်မင်း ပြောသွားတာ ရှိ သေးတယ်။ အဲဒါကတော့ ၀မ်းသာစရာပါ။ ဟာသတော့ မဟုတ်ဘူး။ အဲဒါက ဘာလဲဆိုရင် ရသစာပေ ထွန်း ကားရေးအတွက် ပညာရှင်တွေ စုဝေးနိုင်မယ့် Literature House လုပ်ဆောင်သွားမယ်ဆိုတဲ့ ကိစ္စပါ။ ကြိုဆိုချင် စရာပါပဲ။ ဘာလို့လဲဆိုရင် အဲဒီစာပေပွဲတော်ညပိုင်းမှာ စာရေးဆရာကြီး မောင်ထင်ရဲ့ ““အာဇာနည်မိခင်”” ပြဇာတ်ကို မန္တလေးအဖွဲ့သားတွေ၊ ဆရာဇော်ဂျီရဲ့ ““မဟာဆန်ချင်သူ”” ပြဇာတ်တွေကို ထူးထူးခြားခြား စာ ရေးဆရာ ဦးဘုန်း(ဓာတု)၊ မောင်သာချို၊ ဆရာမကြီး ရွှေကူမေနှင်း၊ ဆရာဇင်ယော်နီ၊ စာရေးဆရာနဲ့ သီချင်းရေး ဆရာဖြစ်တဲ့ အရိုး စတဲ့သူတွေက ကပြအသုံးတော်ခံခဲ့တော့ ဒီကနေ့ခေတ် ရသစာပေရဲ့ လိုအပ်ချက်ကို ပိုလို့ တောင် သိမြင်ခဲ့ရလို့ပါ။

ဒါပေမဲ့ ဒီနေရာမှာ ရသစာပေ ဖွံ့ဖြိုး တိုးတက်ဖို့အတွက် ရေခံမြေခံလို့ ပြောရ ရင် ရှိပြီးသားလို့ပဲ ပြောရမှာ။ ဒါပေ မဲ့လည်း စနစ်ဆိုး ခေတ်ဆိုးကြားထဲမှာ ရုန်းကန်ခဲ့ရတဲ့ မြန်မာပြည်၊ ခွေးတိုးပေါက်လို အပေါက် ကနေ အခုမှ ခေါင်းပြူရတဲ့ မြန်မာပြည်၊ ရသစာပေထက် နိုင်ငံရေးစာပေကို အဓိကထား ထုတ်ဝေနေတဲ့ မြန်မာပြည်၊ ရသကို မခံစားနိုင်ဘဲ နိုင်ငံရေးနဲ့သမိုင်းဘက်လှည့် နေကြတဲ့ မြန်မာပြည်။ ဒီလိုနေရာမျိုးမှာ ရသစာပေသမားတွေရဲ့ စိတ်ကူးဉာဏ်ကို ပွင့်လန်းနိုင်စေမယ့် အခြေအနေကောင်း တွေက ဝေလာဝေးနေဆဲပါ။

ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်နဲ့ ၀န်ကြီးဦးအောင်မင်း ပြောသွားသလို Literature House လေး လုပ်ပေးသလို၊ အစိုးရပိုင်သတင်းစာမှာ ရသစာပေကြော်ငြာရင်ဈေး လျှော့ပေးမယ်ဆိုတဲ့ ပုံစံမျိုးတွေဟာ တကယ် တော့ ရသစာပေဖွံ့ဖြိုးရေးအတွက် ထိရောက်သင့်သလောက် မထိရောက်သေးပါဘူး။ တကယ့်ကို ရသစာပေ ဖွံ့ဖြိုး စေချင်တယ်ဆိုရင်ဖြင့် အဘက်ဘက်ကနေ ချွတ်ခြုံကျအောင်လုပ်ထားတဲ့ လူမှုဘ၀စနစ်၊ စာတတ်ပေ တတ်လို့ ခေါ်ရအောင် ဘွဲ့ကလေး တော့ရလာပေမယ့် ရှေ့ဆက်ပြီးဆက်လက် သင်ကြားရဦးမယ်ဆိုတဲ့ အသိစိတ်ဓာတ် ရှိ အောင်မသင်ကြားပေးနိုင်တဲ့ ပညာရေးစနစ်၊ အုပ်စုတစ်ခု အရှည်တည်တံ့ခိုင်မာရေး အတွက် ၂၀၀၈ ဖွဲ့စည်း ပုံနဲ့တောင့်ခံထားတဲ့ နိုင်ငံရေးစနစ်ကိုမှ မပြင်ရင်ဖြင့် တကယ့်ကို ရေခံမြေခံကောင်းထွက်လာဖို့က ခက်ခဲ နေဆဲပဲဆိုတာ မီးမောင်းထိုးပြရင်း။

အောင်ထွန်းလင်း
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
ကာချုပ်ဟောင်းကို နေရာဖယ်ပေးလိုက်ရတဲ့ လက်ရှိဝန်ကြီးဦးအောင်မင်းနဲ့ “အဘ” ခေါ်သော သတင်းထောက်များ – အောင်ထွန်းလင်း ကာချုပ်ဟောင်းကို နေရာဖယ်ပေးလိုက်ရတဲ့ လက်ရှိဝန်ကြီးဦးအောင်မင်းနဲ့ “အဘ” ခေါ်သော သတင်းထောက်များ – အောင်ထွန်းလင်း Reviewed by သစ်ထူးလွင် on 10:45 Rating: 5
Powered by Blogger.