ဘင်္ဂလားဒေ့ခ်ျမှ ရခိုင်မျိုးနွယ်စုဝင် ၆၅ ဦး ခိုလုံရန် ကျောက်တော်မြို့သို့ရောက်ရှိ


(ဘင်္ဂလာဒေခ်ျ့နိုင်ငံ စစ်တကောင်း တောင်တန်း ဒေသမှ ဌာနေ တိုင်းရင်းသား ဗုဒ္ဓဘာသာဝင်များ၏ နေအိမ်များအား ဘင်္ဂလီ အခြေချသူများက ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့က မီးရှို့ တိုက်ခိုက်ထားစဉ်။ သို့သော်လည်း UN စသော နိုင်ငံတကာ အဖွဲ့အစည်းကြီးများမှ တစ်စုံတစ်ရာ ရှုတ်ချ ပြောဆိုခြင်းမရှိဘဲ တည်ငြိမ်နေပြီ ဖြစ်သော ရခိုင်ပြည်နယ် အရေးတွင်သာ တဖက်သတ် ၀င်ရောက် စွက်ဖက် ပြောဆိုနေသည်မှာ အထူးစဉ်းစားစရာ ဖြစ်နေသည်။)
(စစ်တွေ) ဇန်န၀ါရီလ ၁၇ ရက်

ဘင်္ဂလားဒေ့ခ်ျ နိုင်ငံမှ ထွက်ပြေးလာသော ရခိုင်မျိုးနွယ်စုဝင် ၆၅ ဦးသည် ဇန်န၀ါရီလ ၁၇ ရက်နေ့က ရခိုင်ပြည်နယ် ကျောက်တော်မြို့သို့ ရောက်ရှိလာသည်။

သူတို့ မှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ဘင်ဒရိုဘင် ခရိုင် (ရွာတော်) အပိုင် စစ်တကောင်း တောင်းတန်းနယ်၊ တန်းဆိပ်မြို့နယ် ကျောက်ဖျာကျေးရွာမှ ဖြစ်ကြပြီး အိမ်ထောင်စု ၁၃ စု၊ လူဦးရေ ၆၅ ဦး ဖြစ်သည်။

သူတို့သည် ကျောက်တော်မြို့သို့ နှစ်သုတ်ခွဲ၍ ၀င်ရောက်ခိုလှုံလာသည်ဟု ကျောက်တော်မြို့မှ ရပ်မိရပ်ဖလည်းဖြစ်၊ ရခိုင်အမျိုးသားပါတီ ANP မှ ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် တစ်ဦးလည်းဖြစ်သူ ဦးအေးစောက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

“ သူတို့ဝင်ရောက်လာတာက ဇန်န၀ါရီလ ၁၆ ရက်နေ့က အိမ်ထောင်စု ၃ စု၊ လူဦးရေက ၁၄ ဦးပါ။ ဇန်န၀ါရီလ ၁၇ ရက်နေ့မှာ နောက်ထပ်  ၀င်ရောက်လာတာက အိမ်ထောင်စု ၁၀ စု၊ လူဦးရေက ၅၁ ယောက်ပါ။ အားလုံးဆိုရင်တော့ အိမ်ထောင်စု ၁၃ စု၊ စုစုပေါင်း လူဦးရေက ၆၅ ဦးဖြစ်ပါတယ်”ဟု ဦးအေးစောက ပြောသည်။

ယင်းထွက်ပြေးလာသူများထဲတွင် အသက်အငယ်ဆုံး တစ်နှစ်သားအရွယ် ကလေးငယ်မှသည် အသက်အကြီးဆုံး ၅၆ နှစ်အထိပါဝင်သည်ဟု သိရှိရသည်။

စစ်တစ်ကောင်း တောင်းတန်းနယ်တွင် နေထိုင်ကြသော ရခိုင်လူမျိုးအများစုတို့သည် တောင်ယာလုပ်ငန်းကို အဓိကထား အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေကြပြီး၊ သူတို့တောင်ယာများကို ဘင်္ဂလီမူဆလင်များက သိမ်းပိုက်ခြင်း၊ ထွက်ရှိသော ဟင်းသီးဟင်းရွက်များကို မရောင်းမနေရ ဈေးနှိမ်ဝယ်ယူခြင်းနှင့် ကျောင်းတက်သည့် ကျောင်းသူများကို မူဆလင်တို့ ဓလေ့အတိုင်း ချာရီခြုံရန် ဖိအားလာမှုတို့ကြောင်း ယခုကဲ့သို့ ထွက်ပြေးလာရခြင်း ဖြစ်သည်ဟု သူတို့က ပြောဆိုသည်။

ယင်းထွက်ပြေးလာသူများကို ကျောက်တော်မြို့ပေါ်ရှိ မြို့နယ်သာသနာ့ဗိမာန်တွင် အရေးပေါ် ကယ်ဆယ်ရေးစခန်းဖွင့်၍ ယာယီကူညီ စောင့်ရှောက်ထားကြောင်း သိရသည်။

ယင်းထွက်ပြေး ခိုလှုံလာသူများထဲတွင် နာမကျန်းဖြစ်နေသူများလည်း ပါရှိသဖြင့် မြို့နယ် ဆရာဝန်ကြီးနှင့် ရပ်မိရပ်ဖမှ ခေါင်းဆောင် ဒေါက်တာထွန်းအေးတို့နှင့် ညှိနှိုင်းကာ ဆေးဝါးကုသ ပြုစုစောင့်ရှောက် လျှက်ရှိကြောင်း သိရသည်။

“ရေတိုမှာတော့ သိပ်ပြဿနာ မရှိသေးဘူး။ ရေရှည်မှာတော့ အခက်အခဲတွေ့နိုင်ပါတယ်။ ဒီလူတွေ စားနပ်ရိက္ခာနဲ့၊ အ၀တ်အထည်တွေ ရရှိရေးအတွက် ရခိုင်တိုင်းရင်းသားတွေ အပါအ၀င် မြန်မာနိုင်ငံမှာ အတူတကွနေထိုင်နေကြတဲ့ တိုင်းရင်းသား ညီအကိုယ်မောင်နှမတွေက ၀ိုင်းဝန်း ကူညီစေချင်ပါတယ် ” ဟု အရေးပေါ်ကယ်ဆယ်ရေး အဖွဲ့ဝင် ဦးအေးစောက ဆက်လက် ပြောဆိုသည်။

ယင်းထွက်ပြေးလာသူများ ရေရှည်ရပ်တည်နိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးအာဏာပိုင်များ၊ လူဝင်မှုကြီးကြပ်ရေး တာဝန်ရှိသူများသို့လည်း အစီရင်ခံတင်ပြထားကြောင်း သိရသည်။

ငွေကြေးကူညီချင်သူများအနေဖြင့် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင် ဦးအေးစော (၀၉-၂၅၄-၆၉၀-၈၅၉) သို့ ဆက်သွယ်ကူညီနိုင်ကြောင်း သိရသည်။

ယခုထွက်ပြေးလာသူများသည် ၂၀၁၅ ခုနှစ် အတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပထမအကြိမ်က  ၃၁ ဦး ခိုလုံရန် ရောက်ရှိခဲ့သည်။ နောက်ထပ်လည်း ထွက်ပြေးခိုလှုံလိုသူများ အများအပြား ရှိနေသေးကြောင်း စုံစမ်း သိရှိရသည်။

စံမောင်သန်း
နိရဉ္စရာ သတင်းဌာန
http://www.narinjara.com/burmese/?p=13386
ဘင်္ဂလားဒေ့ခ်ျမှ ရခိုင်မျိုးနွယ်စုဝင် ၆၅ ဦး ခိုလုံရန် ကျောက်တော်မြို့သို့ရောက်ရှိ ဘင်္ဂလားဒေ့ခ်ျမှ ရခိုင်မျိုးနွယ်စုဝင် ၆၅ ဦး ခိုလုံရန် ကျောက်တော်မြို့သို့ရောက်ရှိ Reviewed by သစ်ထူးလွင် on 12:23 Rating: 5
Powered by Blogger.