ပြည်ယာဉ်ထိန်းရဲအဖွဲ့ လမ်းစည်းကမ်းဖောက်ဖျက်သူများအား သတ်မှတ်ဒဏ်ကြေးအပြင် ရန်ပုံငွေ ၅၀၀၀ တောင်းခံနေ


ရန်ကုန်၊ ဒီဇင်ဘာ ၁၆

မော်တော်ဆိုင်ကယ်များကို ဖမ်းဆီးပြီး ဒဏ်ငွေ ကောက်ခံရာတွင် မြို့ခံ ယာဉ်ထိန်းရဲတပ်ဖွဲ့က ရန်ပုံငွေအဖြစ် ငွေငါးထောင်ကျပ်ကို အကြောင်းပြချက်မရှိဘဲ ကောက်ခံလျက်ရှိရာ မြို့ခံများ မကျေမနပ် ဖြစ်နေ ကြကြောင်း ပြည်မြို့ခံများက ဒီဇင်ဘာလ ၁၁ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

ပြည်မြို့တွင် မော်တော်ဆိုင်ကယ် စီးနင်းသူများ အနေဖြင့် ဆိုင်ကယ်လိုင်စင်မရှိခြင်း၊ ဆိုင်ကယ် နံပါတ်ပြား မပါခြင်း၊ ယာဉ်မောင်းလိုင်စင် မရှိခြင်း၊ ဦးထုပ်မဆောင်းခြင်း၊ ဘေးကြည့်မှန်မပါခြင်း၊ အသက် (၁၈)နှစ် မပြည့်သူများ ဆိုင်ကယ်စီးနင်းခြင်းတို့ တွေ့ရှိပါက ပြည်မြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဖမ်းဆီး အရေးယူလျက် ရှိသည်။ ထိုသို့ အရေးယူပြီးနောက် ပိုင်ရှင်ဖြစ်သူတို့က ၎င်းတို့ပိုင် မော်တော် ဆိုင်ကယ်များကို ပြန်လည် ရွေးယူရာတွင် တရားရုံးသို့ သတ်မှတ်ဒဏ်ကြေးငွေ ပေးဆောင်ရသည့်အပြင် ပြည်မြို့ရှိ CB ဘဏ်သို့ပါ ငွေ ၅၀၀၀ ကျပ် ပေးသွင်း နေရခြင်း ဖြစ်သည်။

““ပြည်မြို့ခံ ဆိုင်ကယ်တွေပေါ့ဗျာ။ စဖမ်းပြီးပေါ့ဗျာ။ ဖမ်းတာကတော့ ပြီးခဲ့တဲ့ ၃ နှစ်လောက်ကတည်းက ဖမ်းနေတာ။ ဖမ်းတာက သူက တရားရုံးကို (၁၅၀၀) ဒဏ်ကြေး၊ CB ဘဏ်ကို အဲဒီတုန်းက တစ်သောင်းပေါ့။ လွန်ခဲ့တဲ့ ၃ နှစ်လောက်တုန်းက တစ်သောင်း။ ခေတ်ပြောင်းလာတော့ လူကြီးတွေကို ပြောတယ်၊ ဆန္ဒတွေ ပြတယ်။ ငါးထောင် ဖြစ်သွားတယ်ဗျာ။ CB ဘဏ်ကို ငါးထောင်ပေါ့”” ဟု CB ဘဏ်သို့ ပေးသွင်းရသည့် ငွေငါးထောင် ကိစ္စကို မကျေနပ်၍ ပြည်မြို့တွင် တစ်ကိုယ်တော် ဆန္ဒပြခဲ့သူ ဦးဝင်းလှိုင်က မြန်မာသံတော်ဆင့် သို့ ပြောသည်။

အဆိုပါ အပိုငွေ (၅၀၀၀) ကောက်ခံမှုအတွက် ယာဉ်ထိန်းရဲ တပ်ဖွဲ့အနေဖြင့် မည်သို့အသုံးပြုကြောင်း ပြည်မြို့ခံ သတင်းထောက်များက မေးမြန်းခဲ့သည့် ကိစ္စကို ““သူတို့က ပြည်မြို့ဒေသ ဖွံ့ဖြိုးရေးအတွက် သုံးတယ်ပေါ့နော်။ ဒေသဖွံ့ဖြိုးရေး ဆိုတာမှာ လမ်းအလယ်မှာ စတီးတိုင်တွေ ထည့်တာတို့၊ ပြီးလို့ရှိရင် မီးပွိုင့်တွေ တပ်တာတို့ အဲဒီနေရာမှာ သုံးတယ်ဆိုပြီးတော့ ယေဘုယျကျကျ ပြန်ရှင်းပြတယ်။ အဲဒီပိုက်ဆံတွေကို ဒါတွေ လုပ်ထား တယ်။ ဒါပဲ သူတို့ ယေဘုယျကျကျ ရှင်းပြတာပေါ့”” ဟု ပြည်မြို့ခံ သတင်းထောက်တစ်ဦး ဖြစ်သူ ကိုကောင်းမြတ်မင်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။

အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းရာ ““တိုင်းဒေသကြီးရဲ့ ခွင့်ပြုချက်နဲ့ လုပ်နေတယ်။ နဂိုကတည်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလုပ်ခင်ကတည်းက ပြီးခဲ့တဲ့ ၂ နှစ်၊ ၃ နှစ်က တည်းက ဒီဟာ လုပ်နေတာပါ။ ငါးထောင် ကောက်ရတဲ့ ရည်ရွယ်ချက်က တိုင်းဒေသကြီးက ကျွန်တော်တို့ ပြည်မြို့နယ်အတွက် ဖွံ့ဖြိုးဖို့ အတွက် လမ်းမီးတိုင်လုပ်တယ်၊ စီစီတီဗွီ ကင်မရာတွေတပ်တယ်။ ပြည်မြို့ အတွက်ပဲ အဓိကလုပ်တာပါ။ CB ဘဏ်မှာ သွားဆောင်ရတယ်။ အဲဒီကနေတစ်ဆင့် မြန်မာ့ စီးပွားရေးဘဏ်ကို ပို့ပါတယ်။ အဲဒီငွေကျတော့ တိုင်းဒေသကြီးရဲ့ အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့မှ ကျွန်တော်တို့ သုံးရပါတယ်”” ဟု ပြည်ခရိုင် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကော်မတီအဖွဲ့ဝင် ဦးသန်းဌေးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

MH-0030

မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
ပြည်ယာဉ်ထိန်းရဲအဖွဲ့ လမ်းစည်းကမ်းဖောက်ဖျက်သူများအား သတ်မှတ်ဒဏ်ကြေးအပြင် ရန်ပုံငွေ ၅၀၀၀ တောင်းခံနေ ပြည်ယာဉ်ထိန်းရဲအဖွဲ့ လမ်းစည်းကမ်းဖောက်ဖျက်သူများအား သတ်မှတ်ဒဏ်ကြေးအပြင် ရန်ပုံငွေ ၅၀၀၀ တောင်းခံနေ Reviewed by သစ်ထူးလွင် on 11:31 Rating: 5
Powered by Blogger.