ဆယ်ကျော်သက် အရွယ်များ လက်ကိုင်ဖုန်း သုံးစွဲမှုအပေါ် မိဘများ စိုးရိမ်မှုများရှိနေ


ဆယ်ကျော်သက် အရွယ်ဖြစ်သော အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများ လက်ကိုင်ဖုန်းကို ကျယ်ပြန့်စွာ သုံးစွဲမှုအပေါ် မိဘများ အနေဖြင့် စိုးရိမ်မှုများ ရှိနေကြောင်း ကျောင်းသား မိဘတစ်ဦးက ပြောသည်။

''အခု ဆင်းကတ်က ၁၅ဝဝ ကျပ်လောက်ပဲရှိတယ်။ ဖုန်းကလည်း ဈေးသိပ်မရှိတော့ ကိုယ့်ကလေးကို ဖုန်းကိုင် စေချင်တဲ့အတွက် ဝယ်ပေးကြတယ်။ ဒါပေမဲ့ ကလေးတွေက အင်တာနက် ကြည့်တယ်၊ ဂိမ်းကစားတယ်။ အချို့က မကြည့်သင့်တဲ့ပုံ ကြည့်ကြတယ်။ လမ်းမှားရောက်ဖို့ ပိုလွယ်နေတယ်။ ဒါကြောင့် အရမ်းကို စိုးရိမ်မှုတွေ ရှိနေကြပါတယ်'' ဟု အဋ္ဌမတန်း ကျောင်းသား တစ်ဦး၏ ဖခင်ဖြစ်သူက ပြောသည်။

ဆယ်ကျော်သက်များ အနေဖြင့် လက်ကိုင်ဖုန်း သုံးစွဲရာတွင် ဖုန်းခေါ်ဆိုမှုထက် အင်တာနက်နှင့် ဂိမ်းကစားခြင်း များကို ပို၍ အသုံးပြုကြကြောင်း၊ အလယ်တန်းနှင့် အထက်တန်း အရွယ်များတွင် ထိုသို့အသုံး ပြုနေကြောင်း ဆယ်ကျော်သက်များ ဖုန်းသုံးစွဲမှုကို လေ့လာသူတစ်ဦးက ပြောသည်။

''အစိုးရအနေနဲ့ ဆယ်ကျော်သက် အရွယ်တွေကို လက်ကိုင်ဖုန်း အဓိကအားဖြင့် စမတ်ဖုန်းတွေ သုံးတာကို ဥပဒေနဲ့ တားမြစ်သင့်ပါတယ်။ ဒါမှ ကလေးသူငယ်တွေ အမှားနဲ့ ရင်မဆိုင်ရမှာပါ'' ဟု ၎င်းက ဆက်လက်ပြော သည်။

အခြေခံပညာ ကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ လက်ကိုင်ဖုန်း ယူဆောင်လာမှု အပေါ်တွင် ပိတ်ပင် ထားကြောင်းနှင့် ယူဆောင်လာပါက အပြစ်ပေး အရေးယူမှုများ ပြုလုပ်လျက်ရှိကြောင်း ရန်ကုန်မြို့ရှိ အထက်တန်း ကျောင်းတစ်ခုမှ ကျောင်းအုပ်ကြီး တစ်ဦးက ပြောသည်။

''ကျောင်းကို ဖုန်းယူလာရင် သိမ်းတယ်။ စာမေးပွဲပြီးမှ ပြန်ပေးတယ်။ အချို့မိဘတွေက ကလေးပူဆာတိုင်း အလိုလိုက်ပြီး ဖုန်းဝယ် ပေးကြတယ်။ ဖုန်းဝယ် ပေးတဲ့အတွက် အန္တရာယ်ကို ဖိတ်ခေါ်နေသလိုပါပဲ။ အိမ်ကို အရေးအကြောင်း ဖုန်းခေါ်စရာရှိရင် ဆရာ၊ ဆရာမတိုင်းမှာ ဖုန်းရှိတယ်။ ကလေးတွေကို ဖုန်းပေး မကိုင်သင့်ပါဘူး။ ဒါကို မိဘတွေ သိစေချင်ပါတယ်''ဟု ၎င်းက ဆက်လက်ပြောသည်။ မြန်မာနိုင်ငံ၌ ၂ဝ၁၃ ခုနှစ်မှစ၍ မိုဘိုင်းလ်ဖုန်း ဆင်းကတ် ဈေးနှုန်းများ ကျဆင်းခဲ့သောကြောင့် လူတိုင်းနီးပါး ဖုန်းကိုင်ဆောင်လျက် ရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia
ဆယ်ကျော်သက် အရွယ်များ လက်ကိုင်ဖုန်း သုံးစွဲမှုအပေါ် မိဘများ စိုးရိမ်မှုများရှိနေ ဆယ်ကျော်သက် အရွယ်များ လက်ကိုင်ဖုန်း သုံးစွဲမှုအပေါ် မိဘများ စိုးရိမ်မှုများရှိနေ Reviewed by သစ်ထူးလွင် on 12:31 Rating: 5
Powered by Blogger.