ယောက်ဖချင်းဓားထိုးမှုဖြစ်၍ ရသေ့တောင်မြို့နယ်တွင် တစ်ဦးသေ


ဒီဇင်ဘာ-၁၄

ရသေ့တောင်မြို့နယ်တွင်  အရက်မူးရာမှ ယောက်ဖချင်း ဓားထိုးမှုဖြစ်၍ တစ်ဦး ပွဲချင်းပြီး သေဆုံးသွား ခဲ့သည်ဟု သတင်း ရရှိသည်။

သေဆုံးသွားခဲ့သူမှာ ရသေ့တောင်မြို့နယ်၊ သရက်ပြင်ကျေးရွာမှ ဦးဝင်းဖေ (၄၁ နှစ်)ဖြစ်ပြီး  သူ၏ဇနီး ဖြစ်သူ၏ အစ်ကို  ခိုင်ရွှေမောင် (၅၆ နှစ်)က ဒီဇင်ဘာလ ၁၁ ရက်နေ့၊ ညနေ ၆ နာရီကျော်ခန့်အချိန်တွင် ဓားဖြင့် ထိုးသတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

“သူတို့နှစ်ယောက်ဟာ အိမ်နီးနားချင်းတွေ ဖြစ်သလို ယောက်ဖချင်းလည်း ဖြစ်ပါတယ်။ အရင်က တည်းကနေ ရန်ငြိုးတွေ ရှိတယ်လို့သိရတယ်။ အခင်းဖြစ်ချိန်မှာတော့ နှစ်ယောက်လုံး မူးနေပါတယ်”ဟု သရက်ပြင် ကျေးရွာသား တစ်ဦးက နိရဉ္စရာသို့ပြောသည်။

ယင်းဖြစ်စဉ်ကြောင့် ဓားထိုးခံရသူ၏ ဝဲဘက်နို့အုံအောက်တွင် ထိုးသွင်းဒဏ်ရာတစ်ချက်ဖြင့် အခင်းဖြစ်ပွားသည့် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ရသေ့တောင်ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ လူသတ်မှု ဖြစ်ပွားခြင်းမှာ ဟုတ်မှန်ကြောင်း သို့သော်လည်း နယ်ခြားစောင့်ရဲအပိုင် ဖြစ်သဖြင့် သူတို့အနေဖြင့် အသေးစိတ် ပြောဆိုခွင့် မရှိကြောင်း ပြောဆိုသည်။

လူသတ်မှုကျူးလွန်သူမှာ လက်ရှိအချိန်ထိ ထွက်ပြေး လွတ်မြောက်နေ သည်ဟု သက်ဆိုင်ရာက အတည်ပြုပြောဆိုသည်။

မာန်ယုကျော် (ရွှေဝမြေ)
နိရဉ္စရာ
http://www.narinjara.com/burmese/?p=13092
ယောက်ဖချင်းဓားထိုးမှုဖြစ်၍ ရသေ့တောင်မြို့နယ်တွင် တစ်ဦးသေ ယောက်ဖချင်းဓားထိုးမှုဖြစ်၍ ရသေ့တောင်မြို့နယ်တွင် တစ်ဦးသေ Reviewed by သစ်ထူးလွင် on 11:09 Rating: 5
Powered by Blogger.