စည်ပင်မဲစာရင်းတွင် သေဆုံးသူများ ပါဝင်နေ


ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲကို ဒီဇင်ဘာ (၂၇)နေ့တွင် ကျင်းပလျက်ရှိပြီး မဲစာရင်းများတွင် သေဆုံးသူများ ပါဝင်နေခြင်း၊ မဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းတွင် မပါဝင်ခြင်း တို့ ကြုံတွေ့နေရကြောင်း သိရသည်။
''မဲစာရင်း လာကောက်လားတော့ မသိဘူး။ အခု သန်းခေါင်စာရင်းပါတယ်။ မှတ်ပုံတင်ပါတယ်။ မဲရုံလာတော့ မဲစာရင်း မှာမပါလို့ မဲမထည့်ရဘူး။ သေနေတဲ့လူက ပါပြီး ကျွန်တော်တို့ကျတော့ မပါဘူး။ အဲဒီ Ban Koe Kee ဆိုရင် သေသွားတာ (၃)နှစ်လောက်ရှိပြီ။ မဲစာရင်းမှာ ပါနေတယ်''ဟု လသာမြို့နယ်နေသူ အသက် ၃၀ အရွယ် မဲပေးခွင့်မရရှိသူတဦးက ပြောသည်။

ရပ်ကွက်တချို့တင်လည်း မဲစာရင်းကောက်ယူရာတွင် ရပ်ကွက်ရုံးမှစာအုပ်တောင်းယူပြီး ကူးချသွားခြင်းမျိုးရှိကြောင်း လသာမြို့နယ် ၁၈ လမ်းတွင်နေသူတဦး က ပြောသည်။
''ကျွန်မအစ်ကိုက အင်္ဂလန်မှာနေတာ ကြာပါပြီ။ ဟိုတခေါက် သန်းခေါင် စာရင်းကောက်တော့ စာရင်းဖျက်ပေးဖို့ ပြောပြီးပြီ။ အဲဒါကို စာရင်းမဖျက်ဘဲ သန်းခေါင်စာရင်းထဲမှာ ထိပ်ဆုံးကရောက် နေလို့မဲထည့်လို့ မရဘူး။ စာရင်းလာ ကောက်တုန်းက အန်တီလည်း မရှိဘူး။ အန်တီတို့က ညီမတွေနဲ့အတူတူနေတာလေ။ အဲတော့ အိမ်မှာရှိတဲ့လူတွေက စာရင်းပေးလိုက်တာပါ။ ထည့်လို့မရတော့ စိတ်မကောင်းပါဘူး''ဟု စဥ့်အိုးတန်းနေသူ အသက် ၆၀ ကျော် အမျိုးသမီးကြီးတဦး က ပြောသည်။
ထို့ပြင် လှိုင်မြို့နယ် ရပ်ကွက်တခုတွင်လည်း မဲမပေးရခင်ရက်ပိုင်းက အမည်စာရင်းကောက်ယူပြီး လက်မှတ်ရေးထိုးပေးခဲ့သော်လည်း မဲစာရင်းတွင် ပါဝင်လာ ခြင်းမရှိကြောင်း သိရသည်။
''စာရင်းပေးတုန်းက အိမ်ထောင်ဦးစီးပေါ့။ မဲလာထည့်တော့ တခြားတယောက်ဖြစ်နေတာတွေရှိတယ်''ဟု လမ်းမတော်မြို့နယ် ၄ ရပ်ကွက်ရှိ မဲရုံတာဝန်ရှိသူတဦးက ပြောသည်။
ထို့အတူ ကော်မရှင်သို့ မဲစာရင်းများတင်ပြပြီးနောက် ပြန်ကျလာမည့် စာရင်းများအား ရပ်ကွက်များတွင် ကပ် ထားခဲ့သော် လာရောက်ကြည့်ရှုသူနည်း နေကြောင်း လသာမြို့နယ်အတွင်းရှိ မဲရုံတာဝန်ရှိသူတဦးက ပြောသည်။
''မဲစာရင်းကပ်ထားတာကိုကြည့်ရင် စာရင်းမှာမပါရင် ပြန်ပြီး စိစစ်ပေးလို့ ရတာပေါ့''ဟု ၎င်းက ပြောသည်။
YCDC ရွေးကောက်ပွဲ ကျင်းပချိန်အား မနက် ၆ နာရီမှ ညနေ ၄ နာရီ အတွင်း သတ်မှတ်ထားပြီး နေ့လယ် ၁ နာရီဝန်းကျင်အချိန်အထိ မဲရုံသို့လာ ရောက်မဲထည့်သူများ နည်းနေကြောင်း မဲရုံအတွင်းထဲမှ စုံစမ်းသိရှိရသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
စည်ပင်မဲစာရင်းတွင် သေဆုံးသူများ ပါဝင်နေ စည်ပင်မဲစာရင်းတွင် သေဆုံးသူများ ပါဝင်နေ Reviewed by သစ်ထူးလွင် on 19:45 Rating: 5
Powered by Blogger.