ကိုယ်စားလှယ်ဖြစ်ချင်တဲ့ရောဂါ ဒေါ်အောင်ဆန်းစုကြည် သတိပေး


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော် ကိုယ်စားလှယ်ဆိုတာ အခက်အခဲတွေကို ရင်ဆိုင်ပြီး ပြည်သူလူထု အကျိုးကို ဆောင်ရွက်ရတာ ဖြစ်တဲ့ အတွက် အဖွဲ့ဝင်တွေ အနေနဲ့ ရာထူးရရှိရေးကို အဓိကထား မက်မောပြီး ကိုယ်စားလှယ်ရောဂါ မထကြပါနဲ့လို့ ဒီနေ့ သတိပေး လိုက်ပါတယ်။

NLD အဖွဲ့ဝင်တချို့ လွှတ်တော် ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံ ရရေး အတွက် နည်းမျိုးစုံနဲ့ကြိုးစားနေကြတဲ့ သတင်းတွေပေါ်ထွက်နေစဉ်အတွင်း ဗဟိုကော်မတီ အစည်းအဝေး နောက်ဆုံးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

"တစ်ချိန်တည်းမှာပဲ ကိုယ်စားလှယ်ရောဂါတော့ မထကြပါနဲ့လို့ ကျမကနေပြီးတော့ တိုက်တွန်းချင်တယ်၊ ကိုယ်စားလှယ်လုပ်တယ်ဆိုတာ တာဝန်ကိုထမ်းဆောင်ဖို့ပါ၊ အခက်အခဲကြားက လုပ်ရဲကိုင်ရဲ၊ လုပ်နိုင်ကိုင်နိုင်မှ ကိုယ်စားလှယ်တွေရဲ့ တာဝန်တွေကို အောင်မြင်တယ်လို့ ပြောရမှာဖြစ်ပါတယ်၊ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နောက်နှစ်မှာ ဖေဖေရဲ့ ရာပြည့်နှစ်လည်းဖြစ်သလို နိုင်ငံအတွက် အင်မတန်အရေးကြီးတဲ့ ရွေးကောက်ပွဲ နှစ်တစ်ခုလည်းဖြစ်တာကြောင့်မို့လို့ ဒီနှစ်ကစတော့မယ်၊ နှစ်သစ်စတဲ့အခါမှာ မှန်မှန်ကန်ကန်စပြီးတော့ မှန်မှန်ကန်ကန် ကျမတို့ လုပ်သင့်လုပ်ထိုက်တာကို လုပ်သွားလို့ရှိရင် ၂ဝ၁၅ ကုန်တဲ့အခါမှာ ကျမတို့ဟာ တာဝန်ကျေတဲ့သူဆိုတဲ့ ကျေနပ်မှုရမှာဖြစ်ပါတယ်"

ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်မှာ ကျင်းပတဲ့ ၂ ရက်ကြာအစည်းအဝေးအပြီး NLD က ဒီနေ့ ကြေညာချက်တစောင်ထုတ်ပြန်ခဲ့ရာမှာ စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသား ရင်ကြားစေ့ရေးတို့ကို ထောက်ခံကြောင်း၊ တရားဥပဒေစိုးမိုးရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတို့ကို ဆက်လက်လုပ်ဆောင်ဖို့ ထပ်မံအတည်ပြုကြောင်း စသဖြင့်ဖော်ပြထားပါတယ်။

ဒါ့အပြင် ၂ဝ၁၅ ခုနှစ်အတွင်း ဗိုလ်ချုပ်အောင်ဆန်းရာပြည့် အထိမ်းအမှတ်ပွဲတွေ နိုင်ငံအနှံ့ ကျင်းပရေးအတွက်လည်း ကြေညာချက်မှာ လှုံ့ဆော်ထားပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?ref=br_tf
ကိုယ်စားလှယ်ဖြစ်ချင်တဲ့ရောဂါ ဒေါ်အောင်ဆန်းစုကြည် သတိပေး ကိုယ်စားလှယ်ဖြစ်ချင်တဲ့ရောဂါ ဒေါ်အောင်ဆန်းစုကြည် သတိပေး Reviewed by သစ်ထူးလွင် on 22:30 Rating: 5
Powered by Blogger.