အင်တာနက်ပေါ်တွင် (ဝက် ၂ ကောင်ကို သတ်ပစ်မယ်) ဟု ရေးသားခဲ့သူက နယူးယောက်ရဲ အရာရှိ ၂ ဦး ကို ပစ်သတ်


အစ်စမေး ဘရစ်စလီဟု အမည်ရသည့် လူငယ်တစ်ဦးက လူမှုကွန်ယက် ၀က်ဆိုက်တစ်ခုဖြစ်သည့် Instagram ပေါ်တွင် မကြာမီက အမေရိကန်နိုင်ငံ အတွင်း ရဲတပ်ဖွဲ့ဝင်များနှင့် လူမည်းများ ဖြစ်ပွားခဲ့ကြသည့် ပဋိပက္ခများတွင် ရဲများ၏ ပစ်ခတ်မှုကြောင် သေဆုံးခဲ့ရသည့် မိုက်ကယ်ဘရောင်းနှင့် အီရစ်ဂါနာ တို့အတွက် ရဲတပ်ဖွဲ့ဝင် ၂ ယောက်ကို ပစ်သတ်မည်ဟု ရေးသားခဲ့ပြီး ၂ နာရီခန့်အကြာတွင် နယူးယောက်မြို့ရဲတပ်ဖွဲ့ဝင် ၂ ယောက်ကို ပစ်သတ်ခဲ့သည်။

လှည့်ကင်းကားဖြင့် လှည့်လည်လာသည့် နယူးယောက်မြို့ရဲတပ်ဖွဲ့ဝင် ၂ ဦးကို အသက် ၂၈ နှစ်အရွယ် ဘရစ်လီ က နေ့လည်ခင်းအချိန်မှာပင် ၎င်း ရဲတပ်ဖွဲ့ ၂ ဦးစီးနင်းလာသည့်ကားအတွင်းတွင် ပစ်ခတ်သတ်ဖြတ်ပြီးနောက် အနီးနားရှိ မြေအောက်ဘူတာရုံတစ်ခုအတွင်းသို့ပြေးဝင်သွားကာ မိမိကိုယ်ကို အဆုံးစီရင်ခဲ့သည်ဟု သိရသည်။ လယျူ နှင့် ရာမို့ ဟု အမည်ရသည့် နယူးယောက်မြို့ရဲတပ်ဖွဲ့ဝင် ၂ ဦးမှာ စနေနေ့နံနက်ပိုင်းမှ စတင်ကာ ၎င်းတို့သေဆုံးခဲ့သည့် ဘူတာရုံတွင် မှုခင်းနှိမ်နင်းရေး စီမံချက်ဖြင့် တာဝန်ကျနေခဲ့ခြင်းဖြစ်ပြီး ကံဆိုးစွာပင် ဘရစ်စလီ၏ တိုက်ခိုက်ခြင်းကိုခံရပြီး သေဆုံးခဲ့ကြခြင်းဖြစ်သည်။ ရဲတပ်ဖွဲ့ဝင် လယျူမှာ ပြီးခဲ့သည့် အောက်တိုဘာလ မှ လက်ထပ်ထားခဲ့သူဖြစ်ပြီး နယူးယောက်မြို့ရဲတပ်ဖွဲ့တွင် အမှုထမ်းခဲ့သည်မှာ ၄ နှစ်ခန့်ရှိခဲ့သူဖြစ်သည်။

ဘရစ်စလီ၏ သေနတ်ဖြင့်တိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် နောက်ထပ် ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သူ ရာမို့ တွင် အသက် ၁၃ နှစ်အရွယ် သားဖြစ်သူတစ်ဦးကျန်ရှိခဲ့ပြီး သူ၏ အသက် ၄၀ ပြည့်မွေးနေ့ပွဲကို ဒီဇင်ဘာ ၁၂ ကမှ ကျင်းပခဲ့သူတစ်ဦးဖြစ်သည်။ ရဲတပ်ဖွဲ့ဝင် ၂ ဦးပစ်ခတ်ခံရခြင်းနှင့်ပတ်သက်၍ တရားခံအဖြစ်ယူဆခြင်းခံထားရသူ ဘရစ်စလီ၏ လူမှုကွန်ယက်စာမျက်နှာကိုလည်း စုံစမ်းမှုများပြုလုပ်လျက်ရှိပြီဖြစ်ကြောင်းသိရသည်။ ဘရစ်စလီက ရဲတပ်ဖွဲ့ဝင်များကို ပစ်ခြင်းမပြုမီ " ဒီနေ့ ဝက် ၂ ကောင်လောက်ကို အတောင်တပ်ပေးလိုက်မယ်။

သူတို့က ကျွန်တော်တို့ဆီက ၁ ယောက်ကိုယူတယ်။ သူတို့ဆီက ၂ ယောက်ပြန်ယူလိုက်မယ်။ ရဲတပ်ဖွဲ့ဝင်တွေကို ပစ်မယ်။ မိုက်ကယ်ဘရောင်း ကောင်းရာသုဂတိလားပါစေ။ ဒါက ကျွန်တော့်ရဲ့ နောက်ဆုံးလည်းဖြစ်နိုင်တယ်။ ကျွန်တော် ဝက်တွေကို စောင်ထဲထည့်ဖို့လုပ်နေတယ်" အစရှိသည့်စာသားများကို သူ၏ Instagram စာမျက်နှာပေါ်သို့လွှင့်တင်ခဲ့သလို ရဲတပ်ဖွဲ့ဝင် ၂ ဦးအား ပစ်ခတ်ပြီးနောက်ပိုင်း မိမိကိုယ်ကို ပြန်လည်ပစ်ခတ်ခြင်းမပြုမီ သွေးစွန်းနေသော သူ၏ဘောင်းဘီကို ဓါတ်ပုံရိုက်ကူး၍လည်း Instagram ပေါ်သို့လွှင့်တင်ခဲ့သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
အင်တာနက်ပေါ်တွင် (ဝက် ၂ ကောင်ကို သတ်ပစ်မယ်) ဟု ရေးသားခဲ့သူက နယူးယောက်ရဲ အရာရှိ ၂ ဦး ကို ပစ်သတ် အင်တာနက်ပေါ်တွင် (ဝက် ၂ ကောင်ကို သတ်ပစ်မယ်) ဟု ရေးသားခဲ့သူက နယူးယောက်ရဲ အရာရှိ ၂ ဦး ကို ပစ်သတ် Reviewed by သစ်ထူးလွင် on 17:22 Rating: 5
Powered by Blogger.