မသန့်ရှင်းသည့် ၀က်သေရောင်းချသူ ၃၄ ဦးကို တရုတ်ရဲ ဖမ်းဆီး


တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ် ရဲတွေဟာ မသန့်တဲ့ ဝက်သေတွေကို ပုံစံပြောင်း ရောင်းချတယ်လို့ သံသယရှိတဲ့ ရာဇဝတ်လုပ်ငန်းစု ငါးစုက အဖွဲ့ဝင် ၃၄ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ အရာရှိတွေက ဒီဇင်ဘာ ၁၇ ရက်နေ့က ပြောပါတယ်။

ဝက်သေ ၂၅.၄ တန်နဲ့ ဝက်သားတွေကို သိမ်းဆည်းရမိပြီး ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၆.၂ သန်းဖိုး ရှိတယ်လို့ ကျိုးချင်မြို့ ပြည်သူ့လုံခြုံရေးဗျူရို ရဲအရာရှိ ချန်ဝေရန်က ပြောပါတယ်။

ကျိုးချင်ရဲအရာရှိတွေရဲ့ အဆိုအရ ကျိုးချင်မြို့ ဂေါင်ယောင်မြို့နယ်ထဲက ပြင်ဆင်ရောင်းချမှု ကွင်းဆက်တခုလုံးကို ဖော်ထုတ်ဖို့ အချိန် ၂ လ ယူခဲ့ရတယ်လို့ ဆိုပါတယ်။

သံသယရှိသူတွေဟာ ပြည်နယ်တလွှားက မတူခြားနားတဲ့မြို့တွေမှာ မသန့်တဲ့ ဝက်သေတွေကို ဝယ်ယူရောင်းချမှု ထုပ်ပိုးအေးခဲထားတဲ့ ဝက်သားတွေအဖြစ် ထုတ်လုပ်ရောင်းချမှုတွေမှာ ပါဝင်ခဲ့ပါတယ်။

ဝက်မွေးသူတွေဟာ ဝက်သေတွေကို ၁ ကီလို ၁ ယွမ် နှုန်းနဲ့ ရောင်းချလေ့ရှိပြီး အခမဲ့ပေးတာတွေတောင် ရှိတယ်လို့ ဆိုပါတယ်။

ဝက်သေတွေကနေ ပြင်ဆင်ထုပ်ပိုးထားတဲ့ အေးခဲဝက်သားတွေကိုတော့ ဒေသတွင်း စတိုးဆိုင်တွေနဲ့ တာရှည်ခံအသား ထုတ်လုပ်တဲ့ စက်ရုံတွေကို ၁ ကီလိုကို ယွမ် ၃၀ ကျော်နဲ့ ပြန်ရောင်းခဲ့ကြပါတယ်။

အမဲခြောက်အဖြစ် ရောင်းဖို့ ဝက်သားပြင်ဆင်ထုပ်ပိုးချိန်မှာ ဓာတ်တိုးပစ္စည်းတွေ ထည့်တဲ့ အုပ်စုတွေထဲက တစုကိုလည်း ရဲတွေက တွေ့ခဲ့ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/74273
မသန့်ရှင်းသည့် ၀က်သေရောင်းချသူ ၃၄ ဦးကို တရုတ်ရဲ ဖမ်းဆီး မသန့်ရှင်းသည့် ၀က်သေရောင်းချသူ ၃၄ ဦးကို တရုတ်ရဲ ဖမ်းဆီး Reviewed by သစ်ထူးလွင် on 14:59 Rating: 5
Powered by Blogger.