မြို့ပြနေ့စွဲများ၏ နောက်ကွယ်


ရန်ကုန်မြို့လယ်ရှိ အခန်းကျဉ်းလေးထဲတွင် ကွန်ပြူတာ စာစီစာရိုက်သံများက ဂျောက်ဂျောက်ဂျက်ဂျက်၊ နရီစီးချက် မမှန်သော်လည်း တိတ်ဆိတ်မှုအား တွန်းလှန်ထားသည့်နှယ်။

ကီးဘုတ်ကို တစ်ဖြောင်းဖြောင်းရိုက်နေသူများအနက် ကျောလယ်ပိုင်း အထိ ရှည်လျားသော ဆံနွယ်များအား လျော့ရိလျော့ရဲ စည်းနှောင်ထားသော်လည်း သေသပ်မှုရှိသည့် အသက် ၂၈ နှစ်အရွယ် အမျိုးသမီး၏ အမည်မှာ မဇင်မာမြင့် ဖြစ်သည်။

ခန္ဓာကိုယ်မှာ ပိန်ပိန်ပါးပါး၊ အမျိုးသားဝတ် ရှပ်အင်္ကျီနှင့် ဘောင်းဘီတိုကို ၀တ်ဆင်ထားသည်။

မဇင်မာမြင့်မှာ ကနောင်သူ ဖြစ်သည်။ ကနောင်မြို့သည် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်အတွင်းတွင် တည်ရှိသည်။

ဧရာဝတီမြစ်ကမ်းနံဘေး၌ တည်ထားသော မြို့ငယ်လေးလည်း ဖြစ်သည်။

မိခင်ဖြစ်သူ ငယ်စဉ်အခါတုန်းကမူ ပျော်စရာကောင်းသည်ဟု ကြားဖူးကြောင်း၊ နောက်ပိုင်းတွင် ရေနံမြေဘက်က လမ်းသည် မြန်အောင်သို့ ပေါက်သွားပြီး မြစ်ဆိပ်ဟိုမှာဘက်ကမ်းကလည်း လမ်းပေါက်သွားပြန်ရာ ရေထွက်ကုန်များမှာ ကနောင်ကိုမ၀င်တော့ဘဲ ဈေးပိုရသည့် မြန်အောင်ဘက်သာ သွားပို့ကြ၍ မစည်ကားတော့ခြင်း ဖြစ်သည်ဟု မဇင်မာမြင့်က ဇာတိမွေးရပ်မြေ အကြောင်းကို ဖွင့်ဟလျက် အစပျိုးသည်။

ကနောင်မြို့တွင် မြစ်ကျောက်တူးသော လုပ်ငန်းများ အတွေ့ရများပြီး ထန်းလျက်၊ ကရေကရာတို့လည်း လုပ်သော်ငြား တနိုင်တပိုင်အဆင့်သာ ရှိသည်။ တနိုင်ငံလုံးအတိုင်းအတာနှင့် ကျယ်ကျယ်ပြန့်ပြန့် မဖြန့်ချိနိုင်ပေ။
ကျောက်တူးခြင်းကို ယခုထက်တိုင် လုပ်ကိုင်မှုများ ရှိနေပြီး ကာလရှည်ကြာစွာ လုပ်ကိုင်ခဲ့သည့် ဒဏ်ကြောင့် ကနောင်သည် ရေဘေး ခြောက်လှန့်မှုခံနေရသည်။ ရေများ ဒလဟော တက်ကာ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်၍ တာကျိုးပြီဆိုက ဇီဝိန်ကြွေရန်သာ ရှိသည်ဟု ကနောင်မြို့မှ ဧရာဝတီ မြစ်ရေ ကြီးမှု အန္တရာယ်အပေါ် စိုးရွံ့ထိတ်လန့်စွာ ပြောပြသည်။

ရွာများတွင် လယ်စိုက်ကြသော်လည်း ကနောင်မြို့၏ အနေအထားနှင့်ဆိုပါက မဇင်မာမြင့်တို့ နေထိုင်ရာနေရာသည် မြို့လယ်ဖြစ်သွားကာ မြို့ပေါ်ရှိ လူများ အနေနှင့်မူ တခြားလုပ်ကိုင် စားသောက်ရန် လုပ်ငန်းများမရှိဘဲ ဈေးရောင်းဈေးဝယ်သာ လုပ်ကိုင်၍ ရကြောင်း ၊ ထိုသို့ ကုန်သွယ်ရောင်းဝယ်ရန်မှာလည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိသည်။

“ နယ်ပြန်အခြေချဖို့ စိတ်ကူးသေးတယ်၊ အမေ့လိုပဲ ဟင်္သာတနဲ့ ကနောင် ကုန်ကူးတာမျိုး လုပ်မလားလို့၊ ဒါပေမဲ့ စရိတ်စကနဲ့ အချိန်ပြဿနာရှိတယ်၊ ကုန်ဝယ်ပြီး ဖြန့်နိုင်တယ်ထားအုံး၊ အချိန်ရယ်၊ လမ်းစရိတ်ရယ် ထောင်းတယ်” ဟု သူမက နယ်တွင် လုပ်ကိုင်စားသောက်ရန် ခက်ခဲပုံကို ရှင်းပြသည်။

ကနောင်တွင် လက်ရှိ မိသားစုဝင်အဖြစ် မိဘ နှစ်ပါးသာ ကျန်နေရစ်ကာ အမဖြစ်သူက အိမ်ထောင်ကျပြီး ရန်ကုန်၌သာ အခြေချနေထိုင်လျက် ရှိသည်။

ဖခင်ဖြစ်သူမှာ လေဖြတ်ထားပြီး မိခင်ဖြစ်သူမှာလည်း ဖခင်အား စောင့်ကြည့်ပြုစုနေရ၍ အရင်လို ဈေးရောင်းဈေးဝယ်မလုပ်နိုင်ဘဲ ရှိသည်။ အိမ်ကို မိမိရသော လစာထဲက ရနိုင်သမျှ ပို့ကာ ရန်ကုန်တွင် အဆင်ပြေသလို စရိတ်ကို ချုံ့နိုင်သရွေ့ ချုံ့ပြီး ခြိုးခြံရသည်ဟု သူကဆိုသည်။

“အဖေနေမကောင်းတော့ ကနောင်တိုက်နယ်ဆေးရုံမှာ တင်ရတယ်၊ အိမ်သာတွေကလည်း ဟိုးအရင်ကလိုပဲ ဇလားကြီးနဲ့ အိမ်သာတွေ၊ ယင်မလုံဘူး၊ လူနာခန်းတွေလည်း သန့်ရှင်းသပ်ရပ်မှု မရှိဘူး၊ ဆေးရုံမှာ ဆေးမရှိဘူး၊ အပြင်ဆိုင်တွေမှာ ထွက်ဝယ်ရတယ် ၊ တခါတလေ မြန်အောင်အထိ သွားဝယ်ရတာတွေရှိတယ်” ဟု နောက်ဆုံး တခေါက် နယ်ပြန်စဉ်က ကြုံတွေ့ရပုံကို ပြောပြသည်။

မဇင်မာမြင့် ရန်ကုန်သို့ ရောက်ရှိခဲ့သည်မှာ ၁၀ နှစ်ကျော်ပြီ။ နောက်နှစ် သင်္ကြန်ကာလတွင် ၁၁ နှစ် ပြည့်မည်ဖြစ်သော်လည်း ရရှိသော လုပ်ခလစာမှာ ဖူလုံခြင်း မရှိကြောင်း သိရသည်။

အိမ်ငှားစရိတ်၊ အဆောင်စရိတ်နှင့် တလစာ သုံးရန် ဖယ်ပြီးပါက နယ်မှ မိသားစုကို ငွေအနည်းငယ်သာ ပို့နိုင်တော့သည်ဟု အနယ်နယ်အရပ်ရပ်မှ ရန်ကုန်မြို့သို့ လာရောက် အလုပ်လုပ်ကိုင်နေသူ များက ရင်ဖွင့်သည်။

အစိုးရအနေဖြင့် ကျေးလက်နှင့် မြို့ပြ ကွာဟချက် လျှော့ချပေးရမည် ဖြစ်ကာ အခြေခံအဆောက်အအုံများ ဖြစ်သော လျှပ်စစ်မီးရရှိရေး၊ လမ်းတံတား စသည်တို့ကို ကျေးလက်တွင် ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း ပြည်မြို့ဇာတိ စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက သုံးသပ်သည်။

“ကျေးလက်က စိုက်ပျိုးရေးနဲ့ ဆက်နွှယ်တာများတယ်၊ စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့လည်း စိုက်ပျိုးရေးသုံး စက်ပစ္စည်း ၀န်ဆောင်မှုလုပ်ငန်းတွေမှာ ရင်နှီးသင့်တယ်” ဟု ၎င်းက ဆိုသည်။

ယခုနှစ်ကုန်တွင် အခြေခံအလုပ်သမားများအတွက် အနိမ့်ဆုံး လုပ်ခလစာ သတ်မှန်နိုင်ရန် အလုပ်သမားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်တို့ ပူးပေါင်းဆောင်ရွက်နေသော်လည်း ယနေ့အချိန်ထိ စစ်တမ်းကောက်ယူသည့် အဆင့်တွင်သာရှိနေသေး၍ ဝေဖန်မှုများ ပေါ်ပေါက်ခဲ့သည်။

မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှုနှုန်းကို ၂၆ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်း လျှော့ချပြီး ကမ္ဘာ့ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ စာရင်းမှ ၂၀၁၅ တွင် လွတ်မြောက်ရန် ဆောင်ရွက်မည်ဟု သမ္မတကြီး ဦးသိန်းစိန် အစိုးရက တရားဝင် ပြောကြားထားသော်လည်း ယခုနှစ် အတွက် ဖွံ့ဖြိုးမှုအနည်းဆုံး ၄၈ နိုင်ငံတွင် ဆက်လက် ပါဝင်နေသေးသည်။မြန်မာနိုင်ငံသည် ၁၉၈၀ ပြည့်နှစ်မှ ယနေ့ထက်တိုင် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများ စာရင်းတွင် ပါဝင်နေခြင်း ဖြစ်ရာ ၃၄ နှစ် တင်းတင်း ပြည့်ခဲ့ပြီဟု ဆိုရပေမည်။

ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံ (LDC) သတ်မှတ်ရန် တွက်ချက်ရာတွင် ၀င်ငွေ၊ ကျန်မာရေးစောင့်ရှောက်မှု၊ နေထိုင်မှု စနစ် စသည်တို့ဖြင့် ချိန်ထိုးကြသည်။ ယင်းသို့သတ်မှတ်ခြင်းလုပ်ငန်းစဉ်ကို ကုလသမဂ္ဂလက်အောက်ရှိ UNDEST ဟူသော အဖွဲ့အစည်းက ဆောင်ရွက်သည်။

နိုင်ငံတစ်ခုတွင် ဆင်းရဲမွဲတေပါက ယင်း၏ အကျိုးဆက်ကို နိုင်ငံသား အားလုံး ခံစားကြရသည်။ သို့ရာတွင် မြို့ကြီးပြကြီးများနှင့် ဝေးလံခေါင်သီပြီး မိရိုးဖလာ လုပ်ငန်းများမှလွဲ၍ အခြား အလုပ်အကိုင်အခွင့်အလမ်းများ နည်းပါးသည့် နယ်မြို့များနှင့် ကျေးလက်ဒေသများတွင် ဆင်းရဲမွဲတေမှုဒဏ်ကို ပိုမိုခံစားနေရသည်။

၁၀ စုနှစ် တစ်ခုစာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း နယ်သို့ ပြန်ရောက်ချိန်တိုင်း တိုးတက်မှုများ မရှိဘဲ ဆုတ်ယုတ်မှုသာ များလာသည်ကို မြင်တွေ့ရသည်ဟု ဆယ်စုနှစ် တစ်ခုကျော်ကြာ ရန်ကုန်သို့ အညာဒေသမှ လာရောက် အလုပ်လုပ်ကိုင်နေသည့် အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် အမျိုးသမီးကော်မတီ အလုပ်အမှုဆောင်အဖွဲ့ဝင် မခိုင်ဇာက “ရေကြည်ရာ မြက်နုရာကို ရွှေ့ပြောင်းကြခြင်းဟာ ကျေးလက်ဒေသကို အဓိက ခြောက်ကပ် ဆုတ်ယုတ်လာစေခြင်း ဖြစ်ပါတယ်၊ ရန်ကုန်မဟုတ်တဲ့ နယ်ဘက်ဒေသတွေမှာကျတော့ စိုက်ပျိုးရေးလုပ်ငန်းပဲရှိတယ်၊ စိုက်ပျိုးရေးကလည်း ရာသီဥတုကြောင့်၊ တခြား အခြေအနေတွေကြောင့် ဆုံးရှုံးမှုတွေရှိလာတဲ့ အခါမှာ စက်ရုံအလုပ်ရုံတွေဘက်ကို ပြောင်းပြီးလုပ်ကိုင်လာကြတယ်” ဟု မှတ်ချက်ပေးသည်။

နယ်မြို့များမှ ရန်ကုန်သို့သာမက ပြည်ပကို ထွက်၍ အလုပ်လုပ်ကိုင်သူများစွာရှိနေကာ အေဂျင်စီများ၊ ပွဲစားများက နယ်ကိုလာရောက် စည်းရုံး၍ ထိုင်း၊ မလေးရှား၊ ကိုရီးယား စသည့်နိုင်ငံများသို့ သွားရောက်လုပ်ကိုင်မှု အများအပြားရှိနေသည်ဟု မဇင်မာမြင့်က ဆိုသည်။
ရန်ကုန်၌ နေသူ ဖြစ်သည့် သူမကိုယ်တိုင်ပင်လျှင် နိုင်ငံခြားနှင့် ဝေးနေသေးကာ နယ်ပြန်ရောက်စဉ်က ပြည်ပတွင် အလုပ်သွားလုပ်ရန် မေးလာသူများနှင့် ကြုံခဲ့ရသော်လည်း ရန်ကုန်၌ မိမိလုပ်ချင်သည့် အလုပ်အကိုင်က ရှိနေ၍ ရည်ရွယ်ချက် ပျောက်မသွားစေရန် ဖြစ်သလိုရင်ဆိုင်မည်ဟု ပြတ်သားသော သန္နိဋ္ဌာန်ကို ချမှတ်ထားသည်။

မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကျော်လင်းဦးက ကျေးလက်နယ်မြို့များတွင် အလုပ်အကိုင်အခွင့်အလမ်းများ ရှိလာရေးမှာ ဒေသအလိုက် စီးပွားရေးဇုန်များ လုပ်ပေးသင့်သည်ဟု ပြောကြားသည်။

“ဒီလိုမလုပ်ခင် ဘယ်ဒေသမှာ အလုပ်လက်မဲ့နှုန်းက ဘယ်လောက်ဆိုတဲ့ ကိန်းဂဏန်းတွေ စစ်တမ်းကောက်ရမယ်၊ ဒီအချက်အလက်တွေ အပေါ် အခြေခံပြီးတော့မှ လုပ်ငန်းခွင်ဝင်သင်တန်းတွေ၊ စက်မှုလက်မှု အတတ်သင်ကျောင်းတွေ ဖွင့်ပေးရမယ်” ဟု ၎င်းက ပြောသည်။

အစိုးရ၏ လျာထားချက်များတွင် ယင်းအစီအစဉ်များ ပါဝင်သော်လည်း ဥပဒေပြုခြင်း အဆင့်တွင်သာ ရှိနေသေးသည်။

ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုကြောင့် ပြည်ပသို့ ထွက်ခွာ၍ ၀မ်းစာရှာရသည့် လူငယ်များ အနေဖြင့် နေထိုင်လုပ်ကိုင်ခွင့်ဆိုင်ရာ အမှုများမှသည် လိပ်ကျွန်းလူသတ်မှုကဲ့သို့သော ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဦးကျော်လင်းဦးက ယင်းသို့သော အမှုအခင်းများသည် ယခင်ကလည်း များစွာရှိခဲ့ဖူးကြောင်း၊ သို့ရာတွင် ခေတ်အခြေအနေကြောင့် လူမသိ သူမသိ ဖြစ်ခဲ့ရသည်ဟု ဆိုသည်။

“လူငယ်ဆိုတာကတော့ တိုးတက်ချင်တဲ့ စိတ်နဲ့ စွန့်စားရဲကြတယ်၊ အစိုးရက လူငယ်ကို ဦးစားပေးတဲ့ မူဝါဒတွေ ရေးဆွဲပေးရမယ်” ဟု ၎င်းက အကြံပြုသည်။

ရုံးဆင်းလက်မှတ်ထိုး၍ လမ်းမပေါ် ထွက်လာသည့်အခိုက် မဲမှောင်သော တိမ်တိုက်များကို မော့ငေးကြည့်နေသူမှာ မဘေဘီ ဖြစ်သည်။ သူမသည်လည်း မဇင်မာမြင့်ကဲ့သို့ပင် နယ်မှ ရန်ကုန်သို့ လာရောက်၍ အလုပ်လုပ်နေသူ ဖြစ်သည်။

သူမ အတွက် အလုပ်ချိန်သည် မပင်ပန်းလှ။ ရုံးသို့ အချိန်မီရောက်အောင် သွားရသော မနက်ခင်း ၇ နာရီခွဲမှ ၉ နာရီ ၀န်းကျင်၊ ခြေကုန်လက်ပန်းကျ၍ အိမ်သို့ ပြန်လာရသော ဆည်းဆာ နေ၀င်ချိန်များတွင်သာ အပင်ပန်းဆုံး ဖြစ်သည်။

တစ်ခုသော လစာထုတ်ရက်တွင် လိုင်းကားကျပ်ကျပ်ပေါ် ပြေးတက်ကာ ၈ မိုင်မှ တောင်ဒဂုံသို့ ပြန်လာသည်။ အချိန်ကား မှောင်ရီပျိုးစ နွားရိုင်းသိမ်းချိန်။ ချွေးနံ့များက နှာခေါင်းတွင်း အပြင်းအထန် လှိမ့်ဝင်နေကာ လေကလည်း မရ၍ တတ်နိုင်သမျှ ခေါင်းကို လူအုပ်ပေါ် ရောက်အောင် မော့ထားပြီး အသက်ကို ရှူရသည်။ ယောက်ျားသားများနှင့် တင်ချင်းကပ်၊ ရင်ချင်းအပ်၊ ဒွေးရောယှက်တင်၊ မထိချင်ပါသော်လည်း မတတ်သာ။ ဘီယာနှင့် ဆေးလိပ်အခိုးအငွေ့တို့ ထင်ဟပ်စွဲကျန်နေသည့် ချွေးတစိုစို အသားစိုင်များကို ထိထားရသည်။

မဘေဘီ စီးလာသည့် ဂျပန်စစ်လျော်ကြေးရခဲ့သော ဘီအမ်အမျိုးအစား လိုင်းကားသည် လမ်းကြောတူသည့် အခြားယာဉ်လိုင်းတစ်စီးနှင့် အပြင်းအထန် ပြိုင်မောင်းနေစဉ် တောင်မြောက်လမ်းဆုံသို့ အရောက် အရှိန်ဖြင့် ကွေ့လိုက်ရာ ဘေးတိုက် မှောက်တော့သည်။ ဆူဝေပြာမှိုင်းသွားသည့် မျက်ဝန်းများက ရုတ်တရက် မည်သည့်အဖြေမှ ရှာမရ။ မသဲကွဲသော အသံများ တစ်စတစ်စ ဆိတ်သုဉ်းသွားသလို ခံစားရသည်ဟု သူမက ထိုနေ့အဖြစ်အပျက်ကို ပြန်ပြောပြသည်။

ထိုနေ့က မဘေဘီမှာ ကံသီ၍ သေကံမရောက် အသက်မပျောက်ခဲ့သော်လည်း လန့်ဖျားဖျားကာ တပတ်ခန့် အလုပ်နားလိုက်ရသည်။

နယ်မှ ရန်ကုန်သို့ လာရောက်၍ အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီးများအတွက် ဘ၀လုံခြုံရေးမှာ စိတ်ချရသော အနေအထားရှိမရှိမှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။

နယ်မှလာသော မိန်းကလေးများ အနေဖြင့် ပထမဆုံးအနေနှင့် အလုပ်အကိုင်ရှာဖွေရာတွင် နေရေးထိုင်ရေးကို ကြည့်ရကြောင်း၊ အလုပ်က နေစရာပေးမပေးကို ကြည့်၍ အလုပ်ကို ရွေးချယ်ကြရသည်ဟု မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် အမျိုးသမီးကော်မတီ အလုပ်အမှုဆောင်အဖွဲ့ဝင် မခိုင်ဇာက ဆိုသည်။

“လုပ်ငန်းခွင်မှာ ခွဲခြားဆက်ဆံမှုတွေ မရှိအောင် ကာကွယ်တယ်၊ ရှိလာရင်လည်း ကူညီပေးတယ်၊ စက်ရုံအလုပ်ရုံမှာတင် ဖြေရှင်းလို့ အဆင်မပြေဘူး ဆိုရင် ဥပမာ ကိုယ်ထိလက်ရောက်မှုတွေပေါ့၊ အဲဒါမျိုးတွေကျ လိုအပ်တဲ့ တရားရေးကိစ္စတွေ လိုက်ပါဆောင်ရွက်ပေးတယ်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ရဲ့ အလုပ်သမား ဥပဒေပါ အခွင့်အရေးတွေက ဘာဆိုတာကို အမျိုးသမီး အလုပ်သမားတွေ သိအောင်၊ သိပြီးရင်လည်း ရရှိလာအောင် ဆောင်ရွက်ပေးနေပါတယ်” ဟု ၎င်းတို့၏ လုပ်ဆောင်ချက်များကို ရှင်းပြသည်။

မြန်မာပြည်သူ့ဖိုရမ် လုပ်ငန်းအဖွဲ့မှ အမှုဆောင်ဒါရိုက်တာလည်းဖြစ်သည့် ဦးကျော်လင်းဦးက ပြည်တွင်း၌ ဒေသအနှံ့အပြား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်ရေးမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်ရန် လိုအပ်နေပြီး ယင်းသို့ ၀င်ရောက်လာရန်မှာလည်း နိုင်ငံရေးနှင့် စီးပွားရေးအရ တည်ငြိမ်မှု ရှိရန် လိုအပ်နေသည်ဟု သုံးသပ်သည်။

မိမိတို့၏ ဇာတိမြေကို တတ်နိုင်စွမ်းရှိပါက စီးပွားရေးအခွင့်အလမ်းများ ဖန်တီးပေးချင်သည့် ဆန္ဒက မဘေဘီနှင့် မဇင်မာမြင့်တို့လို မိန်းကလေးများ ပြင်းပြစွာ လိုလားနေသော အရာဖြစ်သည်။

မိသားစုများနှင့် ခွဲခွာရန် မလိုဘဲဇာတိချက်ကြွေ မွေးရပ်မြေတွင်သာ လုပ်ကိုင်စားသောက်နိုင်ရန် ပြည့်စုံကောင်းမွန်သော စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ဧကန်မုချ လိုအပ်ပေသည်။

သို့ရာတွင် ယင်းအခြေခံအဆောက်အအုံတို့အား မျက်ဝါးထင်ထင် မြင်တွေ့ရမည့် နေ့တစ်နေ့ကို သူမတို့နှစ်ဦးစလုံး တွေးဆ၍ မရနိုင်ဘဲ ရှိနေကာ ရီဝေစွာ မျှော်ငေးနေကြတော့သည်။

ကျော်လင်းထွန်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/posts/784830121554791:0
မြို့ပြနေ့စွဲများ၏ နောက်ကွယ် မြို့ပြနေ့စွဲများ၏ နောက်ကွယ် Reviewed by သစ်ထူးလွင် on 19:50 Rating: 5
Powered by Blogger.