ရင်သားကင်ဆာ ကာကွယ်ဆေး စမ်းသပ်အောင်မြင်


ဝါရှင်တန် ၊ ၄-၁၂-၂၀၁၄

အမေရိကန်နိုင်ငံ ဝါရှင်တန် ဆေးတက္ကသိုလ် မှ သုတေသီများက ရင်သားကင်ဆာ ကို ကာကွယ် နိုင်ရန်အတွက် ကာကွယ်ဆေး တစ်မျိုးကို လူပေါ်တွင် စမ်းသပ်ခဲ့ရာ ၄င်းတို့၏ ကာကွယ်ဆေး ဖော်စပ်ပုံမှာ လူကို အန္တရာယ်ပြု စေခြင်း မရှိဘဲ ဆဲလ်အကျိတ် များကို ဖျက်ဆီးရာ၌ ထိရောက်ကြောင်း တွေ့ရှိခဲ့သည်။ (ပုံ)

အမေရိကန်နိုင်ငံ စိန့်လူ့ဝစ်မြို့ ဝါရှင်တန် ဆေးတက္ကသိုလ် မှ သုတေသီ များသည် လူ၏ရောဂါ ခုခံစနစ်မှ ရင်သားကင်ဆာ ကို ထိရောက်စွာ ခုခံစေနိုင်မည့် ရင်သားကင်ဆာ ကာကွယ်ဆေး တစ်မျိုးကို ဖော်စပ် လိုက်ပြီဖြစ်ရာ ဆေးစမ်းသပ်မှု အနည်းငယ် ပြုလုပ်ခဲ့ပြီး ရလဒ်မှာ သုံးစွဲသည့် သူများကို အန္တရာယ်ပြု စေနိုင်ခြင်း မရှိကြောင်း တွေ့ရှိခဲ့သည်။ သုတေသီ တို့၏ ကာကွယ် ဆေးမှာ ရင်သားကင်ဆာ ဆဲလ်အကျိတ် များကိုလည်း ထိရောက်စွာ ခုခံနိုင်ကြောင်း တွေ့ခဲ့ ကြသည်။

သုတေသီ များ၏ ရင်သားကင်ဆာ ကာကွယ်ဆေး၏ အလုပ်လုပ်ပုံမှာ လူနာ၏ ရောဂါခုခံ စနစ်တွင် သွေးဖြူဥကို အားဖြည့် ထည့်သွင်း စေမည်ဖြစ်ပြီး ထိုကဲ့သို့ လုပ်ဆောင်ခြင်းက ကင်ဆာဆဲလ်က ဖြစ်ပေါ်စေသော ရင်သား တစ်သျှူး များတွင် သီးခြား တွေ့ရသည့် ပရိုတင်းဓာတ် တစ်မျိုး mammaglobin-A ကို ပစ်မှတ်ထား တိုက်ခိုက်စေမည် ဖြစ်သည်။

ရင်သားကင်ဆာ လူနာ ၈ဝ ရာခိုင်နှုန်းတွင် mammaglobin ကို တွေ့ရလေ့ရှိပြီး ယခု စမ်းသပ်နေဆဲ ဖြစ်သော ကာကွယ်ဆေးက mammaglobin ကို ချေဖျက်နိုင်မည် ဖြစ်သဖြင့် ရင်သားကင်ဆာ လူနာများကို ကုသရာတွင် ဘေးထွက် ဆိုးကျိုးနည်းသည့် ကုသမှုမျိုး ဖြင့် ကုသ နိုင်တော့မည် ဖြစ်ကြောင်း ရင်သားကင်ဆာ ခွဲစိတ်ကု ဆရာဝန် William E. Gillanders က ဆိုသည်။

ကင်ဆာရောဂါ ဆိုးရွားနေသော လူနာများတွင် ခန္ဓာကိုယ်၏ ရောဂါ ခုခံအား နည်းနေ သော်လည်း ကာကွယ်ဆေး ထိုးပြီးသော် ခန္ဓာကိုယ်၏ ရောဂါ ခုခံစနစ်က ကင်ဆာအကျိတ် များကို ပို၍ချေဖျက် နိုင်စွမ်း ရှိလာပြီး ကင်ဆာရောဂါ ဖွံ့ဖြိုးမှုနှုန်း လည်း နှေးကွေး သွားကြောင်း တွေ့ရှိ ခဲ့သည်။

ကာကွယ်ဆေး ထိုးပြီးနောက် စမ်းသပ်ခံ လူနာများက ဆိုးရွားသော ဘေးထွက် ဆိုးကျိုးများကို တွေ့ကြုံ ခဲ့ခြင်းမရှိဘဲ လူနာရှစ်ဦး ၌သာ အဖုအပိမ့် အနည်းငယ် ထွက်ခြင်း၊ ငှက်ဖျားရောဂါ ကဲ့သို့ လက္ခဏာများ ခေတ္တ ထွက်ပေါ်ခြင်း များ ရှိခဲ့သည်။ အဆိုပါ လူနာ ၁၄ဦးတို့ကို ယခင်နှစ် က ကာကွယ် ဆေးများ ထိုးပေးခဲ့ခြင်း ဖြစ်ရာ ယခု တစ်နှစ်ပြည့် အချိန်တွင် ရလဒ်များကို လေ့လာခဲ့ခြင်း ဖြစ်ပြီး ဒေါက်တာ William E. Gillanders နှင့် အဖွဲ့သားများက ကင်ဆာရောဂါ ဖြစ်စ လူနာများကို အသုံးပြု၍ ၄င်းတို့၏ ကင်ဆာရောဂါ ကာကွယ်ဆေး အတွက် ပို၍ ကြီးမားသော စမ်းသပ်မှုများ ပြုလုပ် သွားဦးမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်ဟု သိရသည်။

#PyiChitThar
http://www.pyichitthar.com/2014/12/blog-post_42.html

ရင်သားကင်ဆာ ကာကွယ်ဆေး စမ်းသပ်အောင်မြင် ရင်သားကင်ဆာ ကာကွယ်ဆေး စမ်းသပ်အောင်မြင် Reviewed by သစ်ထူးလွင် on 16:36 Rating: 5
Powered by Blogger.