တရားဟောဆရာ ဂျမ်ရှတ်ကို ဘာသာအကြည်ညိုပျက်စေမှုဖြင့် စုံစမ်းစစ်ဆေး


ကရာချီ၊ ဒီဇင်ဘာ ၎

တမန်တော် မိုဟာမတ်၏ ဇနီးများ အနက်မှ တစ်ဦးကို စော်ကား ပြောဆိုသည့် ဗီဒီယို ထွက်ပေါ် လာပြီးနောက် တရားဟော ဆရာ ပေါ့တေးသံရှင်ဟောင်း ဂျန်အိတ်ဂျမ်ရှတ်အား ဘာသာ အကြည်ညို ပျက်စေမှုဖြင့် ပါကစ္စတန် ရဲတပ်ဖွဲ့က စုံစံစစ်ဆေးမှုများ ပြုလုပ်နေသည်။

ဂျန်အိတ်ဂျမ်ရှတ်သည် ဂီတလောကမှ ထွက်ခွာ၍ အလွန် ရှေးရိုးဆန်သည့် ဆွန်နီမူဆလင် ဘာသာရေးအဖွဲ့တစ်ဖွဲ့သို့ ၀င်ရောက်ခဲ့ခြင်းဖြစ်ပြီး တရားဟော ဗီဒီယိုခွေ တစ်ခွေ ရိုက်ကူးခဲ့သည်။

ယင်းဗီဒီယိုခွေတွင် ပါဝင်သည့် ၎င်း၏ ဟောကြားချက်များအပေါ် အခြား ဆွန်နီမူဆလင်အဖွဲ့များက ဘာသာအကြည်ညိုပျက်စေကြောင်း စွပ်စွဲကြခြင်း ဖြစ်သည်။

ယင်းသို့သော အမှုအခင်းမျိုးသည် ပါကစ္စတန်၌ လွန်စွာ အကဲဆတ်လှသည်။ ပြစ်ဒဏ်ချမှတ်ပါကလည်း သေဒဏ်အထိ စီရင်လေ့ရှိသည်။

ဘာသာအကြည်ညိုပျက်စေမှုနှင့် ဆိုင်သည့် ဥပဒေသများမှာ ရံခါတွင် လူနည်းစု ပါကစ္စတန်များအပေါ် ပြစ်မှတ်ထား ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။

အဆိုပါ ဗီဒီယိုတွင် တမန်တော်မိုဟာမတ်၏ အငယ်ဆုံး ဇနီး အေရှာကို အပျက်သဘောဆောင်သည့် မှတ်ချက်များ ပေးထားသည်။

အေရှာသည် တမန်တော်မိုဟာမတ်၏ အလေးပေးမှုကို လွန်စွာ ခံယူလိုပြီး ယင်းသို့ခံယူနိုင်ရန် တစ်နေ့သောအခါက ဖျားချင်ယောင်ပင် ဆောင်ခဲ့ဖူးသည်ဟု ဂျမ်ရှတ်က အဆိုပါ ဗီဒီယိုတွင် ဟောကြားသည်။

“ဒီလုပ်ရပ်က မှားသွားတယ်ဆိုတာ ၀န်ခံပါတယ်၊ ရည်ရွယ်ချက်ရှိရှိနဲ့ ဘာသာအကြည်ညိုပျက်အောင် ပြောတာတော့မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။

ဂျမ်ရှတ်သည် တရားဟောဆရာ မဖြစ်ခင်က Vital Signs တေးဂီတအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ထိပ်တန်းစာရင်းဝင် တေးသီချင်း အယ်လ်ဘမ်ပေါင်းများစွာ သီဆိုခဲ့သည်။

“လက်ရှိမှာတော့ စုံစမ်းစစ်ဆေးနေတုန်းပဲ၊ ပြီးရင် သူ့ကို ဖမ်းမှာပါ၊ အာမခံယူပြီး တရားရင်ဆိုင်မလား ဆိုတာကတော့ သူ့ကိစ္စပါ” ဟု ကရာချီမြို့မှ ရဲအရာရှိ မာမွတ်အာမတ်က ပြောသည်။

ကျော်လင်းထွန်း
__ Ref: BBC
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
တရားဟောဆရာ ဂျမ်ရှတ်ကို ဘာသာအကြည်ညိုပျက်စေမှုဖြင့် စုံစမ်းစစ်ဆေး တရားဟောဆရာ ဂျမ်ရှတ်ကို ဘာသာအကြည်ညိုပျက်စေမှုဖြင့် စုံစမ်းစစ်ဆေး Reviewed by သစ်ထူးလွင် on 16:31 Rating: 5
Powered by Blogger.