ဂျာဆန်အင်း သေဆုံးမှု ဖြစ်စဉ်အပေါ် အစိုးရ စုံစမ်း စစ်ဆေး သင့်ကြောင်း အခွင့်အရေး ဆိုင်ရာ အဖွဲ့များ ပြောကြား


အစိုးရစစ်တပ်မှ ပစ်ခတ်၍ သေဆုံးခဲ့သည်ဟု သံသယရှိသည့် သမီးဖြစ်သူ ဂျာဆန်အင်း (၁၄ နှစ်) အတွက် ဖခင်က တိုင်ကြားရာတွင် မမှန်မကန် လုပ်ကြံတိုင်ကြားသည်ဟုဆိုကာ စစ်တပ်က ၎င်းအား ပြန်လည် တရားစွဲ ပြစ်ဒဏ်ချ မှတ်ခဲ့သော ဖြစ်စဉ်နှင့် စပ်လျဉ်း၍ မြန်မာ အစိုးရ အနေဖြင့် စုံစမ်း စစ်ဆေး သင့်ကြောင်း အခွင့်အရေး ဆိုင်ရာ အဖွဲ့အစည်းများက ပြောကြားသည်။

အဆိုပါ မိန်းကလေး ဂျာဆန်အင်းသည် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလအတွင်းက ကချင်ပြည်နယ်ရှိ ၎င်းနေထိုင်ရာ ရွာ၌ပင် အစိုးရ စစ်သားများမှ သေနတ်ဖြင့် ပစ်ခတ်ခြင်းကို ခံခဲ့ရကြောင်း မျက်မြင်သက်သေ ထွက်ဆိုချက်များကို အခြေခံကာ အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းများ ညွန့်ပေါင်းဖွဲ့ ရေးသားထားသည့် ၄၂ မျက်နှာပါရှိသော အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

အစိုးရစစ်တပ်သည် မြန်မာနိုင်ငံမြောက်ပိုင်း၊ တရုတ်ပြည်နယ်စပ်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကို ၂၀၁၁ ခုနှစ် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ပြိုပျက်ခဲ့ပြီးနောက်ပိုင်းမှ စ၍ တိုက်ခိုက်မှုများရှိလာခဲ့သည်။

“မြန်မာစစ်တပ်ဘက်က စစ်သားတွေရဲ့ လက်လွတ်စပယ် မဆင်မခြင် ပစ်ခတ်မှုကြောင့် အနီးအနားမှာ ရှိနေတဲ့ ဒီကလေးမလေးကို ထိမှန်ခဲ့ရတာပါလို့ မျက်မြင်သက်သေတွေက အခိုင်အမာ ထွက်ဆိုကြတယ်” ဟု ဂျာဆန်အင်းအဖြစ်မှန် ဖော်ထုတ်ရေးကော်မတီ၏ အဆိုပါ အစီရင်ခံစာတွင် ဖော်ပြထားပြီး အခင်းဖြစ်ပွားရာ နေရာသို့လည်း လက်တွေ့သွားရောက် စုံစမ်းစစ်ဆေးမှုများ ပြုခဲ့သည်ဟု ဆိုသည်။

အစိုးရ စစ်တပ်ဘက်မှ ယင်းကိစ္စနှင့် စပ်လျဉ်း၍ ပြောကြားပေးနိုင်သူ မရှိသကဲ့သို့ သတင်းထောက်များကိုလည်း ဖြေကြားခြင်း မရှိခဲ့ပေ။ ပြန်ကြားရေး ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ထံ Email ဖြင့် ဆက်သွယ်မေးမြန်းခြင်း၊ ၎င်း၏ ရုံးသို့ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခြင်းတို့ကိုလည်း တုံ့ပြန်မှု မရှိခဲ့ပေ။

အစိုးရစစ်တပ်ဘက်က ရွာသူရွာသားများ၏ ပြောဆိုချက်ကို ဆန့်ကျင်၍ ဂျာဆန်အင်း သေဆုံးမှုမှာ KIA ဘက်မှ ထောင်ထားသည့် မိုင်းကြောင့်သာ ဖြစ်သည်ဟု ဆိုထားကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြပါရှိသည်။
၎င်း၏ ဖခင် ဘရန်းရှောန်က သမ္မတဦးသိန်းစိန်နှင့် အမျိုးသား လူ့အခွင့်အရေးကော်မရှင်တို့ထံ စုံစမ်းစစ်ဆေးပေးရန် တိုင်ကြားစာပေးပို့ခဲ့သည်။

ယင်းသို့ တိုင်ကြားမှု၏ နောက်ဆက်တွဲအဖြစ် စစ်တပ်က ဘရန်းရှောန်ကို မမှန်မကန် လုပ်ကြံတိုင်ကြားမှုဖြင့် တန်ပြန်တရားစွဲဆိုကာ တရားရုံးက ၎င်းအား ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့၍ ယခုအခါ ထောင်တွင်း၌ ပြစ်ဒဏ်ကျခံနေရသည်။
ဘန်ကောက်အခြေစိုက် Fortify Rights အဖွဲ့သည် အစိုးရစစ်တပ်မှ အရပ်သားများအား သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်ခဲ့ခြင်းတို့ကို မှတ်တမ်းတင်ထားကြောင်း အဆိုပါ အဖွဲ့ ဒါရိုက်တာ မက်သရူးစမစ်က ပြောသည်။

၎င်းသည် ဘရန်းရှော်န်အား တရားစွဲဆိုမှုကို ပယ်ဖျက်ရန်နှင့် စစ်သားများကို ပြစ်ဒဏ်မှ ကင်းလွတ်စေရန် ကာကွယ်ပေးနေမှုကိုလည်း ရပ်တန့်ရန် စစ်တပ်ကို တိုက်တွန်းခဲ့ဖူးသည်။

အစိုးရစစ်တပ်သည် ဂျာဆန်အင်း သေဆုံးခဲ့မှုအပေါ် လိမ်လည်နေကြောင်း KIA ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က စွပ်စွဲလိုက်သည်။
“အဲဒါကြောင့်လည်း ကချင်လူ့အသိုက်အ၀န်းက ဗမာစစ်တပ်အပေါ် အယုံအကြည်မရှိတာ” ဟု ၎င်းက မြန်မာ၏ အခြား အမည်နာမကို သုံး၍ Reuters သို့ ပြောကြားသည်။

အရပ်သားတပိုင်း အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုများမှာ နှစ် ၅၀ နီးပါးကြာမြင့်ခဲ့သော စစ်အုပ်ချုပ်ရေး အဆုံးသတ်ခဲ့သည့် ၂၀၁၁ စက်တင်ဘာ ၂၇ ရက်နောက်ပိုင်းတွင် ပေါ်ပေါက်လာခဲ့သော်လည်း ယနေ့တိုင် အပြီးသတ် ငြိမ်းချမ်းရေး သဘောတူညီမှုများ မချမှတ်နိုင်သေးပေ။

လက်နက်ကိုင်အဖွဲ့ အများစုသည် ဖက်ဒရယ်စနစ်အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲဝင်ခဲ့ကြသော်လည်း စစ်တပ်ကမူ ခိုင်မာတောင့်တင်း၍ ဗဟိုမှထိန်းချုပ်ကွပ်ကဲနိုင်သည့် အစိုးရတစ်ရပ် ပေါ်ပေါက်ရန် ပြင်ဆင်လျက် ၂၀၀၈ ခုနှစ်တွင် တပ်မတော်မှ ကြီးမှူး၍ ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခဲ့သည်။

ကျော်လင်းထွန်း
Ref: Reuters
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
ဂျာဆန်အင်း သေဆုံးမှု ဖြစ်စဉ်အပေါ် အစိုးရ စုံစမ်း စစ်ဆေး သင့်ကြောင်း အခွင့်အရေး ဆိုင်ရာ အဖွဲ့များ ပြောကြား ဂျာဆန်အင်း သေဆုံးမှု ဖြစ်စဉ်အပေါ် အစိုးရ စုံစမ်း စစ်ဆေး သင့်ကြောင်း အခွင့်အရေး ဆိုင်ရာ အဖွဲ့များ ပြောကြား Reviewed by သစ်ထူးလွင် on 21:07 Rating: 5
Powered by Blogger.