အိန္ဒိယတွင် သားကြောဖြတ် အမျိုးသမီးများသေဆုံးမှု စွပ်စွဲခံရခြင်းဖြစ်ဟု ဆရာဝန်ပြော

အိန္ဒိယနိုင်ငံအလယ်ပိုင်း ချတိစ်ဇဂါပြည်နယ်ဆေးရုံမှာ အမျိုးသမီး ၈၃ ဦးကို ၃ နာရီအတွင်း သားကြောဖြတ်ပေးခဲ့တဲ့ ဆရာဝန်က သားကြောဖြတ်ခံ အမျိုးသမီး ၁၃ ဦး သေဆုံးမှုအတွက် သူဟာ ဓားစာခံလုပ် စွပ်စွဲခံရတာဖြစ်ကြောင်း မနေ့က ပြောပါတယ်။

“အထက်လူကြီးတွေရဲ့ ဖိအားကြောင့် ကျနော့်ကို စွပ်စွဲပြီး အကွက်ချတာခံရတယ်။ အုပ်ချုပ်ရေးမူဝါဒကြောင့် အကွက်ချခံရတာ” လို့ ဒေါက်တာ အာရ်ကေ ဂုပတားက ပြောပါတယ်။

သူဟာ ဒီလိုခွဲစိတ်မှုပေါင်း အကြိမ်ရေ ငါးသောင်းကျော် လုပ်ခဲ့ဖူးပြီး ရောနှော ထားတဲ့ ဆေးတွေကြောင့် အမျိုးသမီးတွေ သေဆုံးခဲ့တာလို့ ယုံကြည်ကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်က ပန်ဒါရီရွာက အသုံးမပြုတော့တဲ့ ပုဂ္ဂလိကဆေးရုံက ညစ်ပတ်နေတဲ့ အခန်းထဲမှာ ခွဲစိတ်မှုတွေအပြီး အိုင်ဗျူပရိုဖန် အကိုက်အခဲပျောက်ဆေးနဲ့ ပုံမှန်သောက်နေကျ ပဋိဇီဝဆေး စိုင်ပရိုဖလိုဇာစင် ဆေးတွေကို ခွဲစိတ်ခံအမျိုးသမီးတွေကို ပေးခဲ့တယ်လို့ ဆရာဝန်က ပြောပါတယ်။

သူ့ရဲ့ ခွဲစိတ်ကိရိယာတွေက ညစ်ပတ် သံချေးတက်နေတယ်ဆိုတဲ့ စွပ်စွဲချက်ကိုတော့ ဆရာဝန်က ငြင်းပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် ရာမန်ဆင်းဂ်ကတော့ လူနာတွေ ကုသခံနေတဲ့ ဆေးရုံကို မနေ့က လာရောက်ပြီး ဆေးနမူနာတွေကို ကိုးလ်ကတ္တားမြို့ကို ပို့ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ပြောပါတယ်။

ဒီအမှုကြောင့် အလုပ်က ဆိုင်းငံ့ခံထားရတဲ့ သက်ဆိုင်ရာ ဆေးဘက်အရာရှိ ပရာမွတ် တီဝါရီကတော့ သက်တမ်းလွန်ဆေးတွေကို ပေးခဲ့တဲ့ အုပ်ချုပ်ရေးအဖွဲ့က အပြစ်တင် ခံထိုက်တယ်လို့ ပြောပါတယ်။

အိန္ဒိယနိုင်ငံဟာ တရုတ်ပြီးရင် လူဦးရေ အပြင်းထန်ဆုံး တိုးပွားနေလို့ ဒီအရေးကို တားဖို့ အမျိုးသမီးတွေကို သားကြောဖြတ်ရာမှာ ကမ္ဘာ့ထိပ်တန်းနိုင်ငံတခု ဖြစ်ပါတယ်။

လတ်တလောနှစ်တွေအတွင်း အိန္ဒိယမှာ ကလေးမွေးနှုန်း ကျဆင်းခဲ့ပေမယ့် လူဦးရေးတိုးနှုန်းကတော့ ကမ္ဘာ့အမြန်ဆုံးတွေထဲမှာ တနိုင်ငံအဖြစ် ပါဝင်နေဆဲ ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/70897



အိန္ဒိယတွင် သားကြောဖြတ် အမျိုးသမီးများသေဆုံးမှု စွပ်စွဲခံရခြင်းဖြစ်ဟု ဆရာဝန်ပြော အိန္ဒိယတွင် သားကြောဖြတ် အမျိုးသမီးများသေဆုံးမှု စွပ်စွဲခံရခြင်းဖြစ်ဟု ဆရာဝန်ပြော Reviewed by သစ်ထူးလွင် on 16:28 Rating: 5
Powered by Blogger.