မိုက်ကယ်ကို ပစ်သတ်တဲ့ ရဲရဲ့ ပြောဆိုမှုအပေါ် အမျက်ဒေါသထွက်ကြ

အမေရိကန်နိုင်ငံ ​မစ်ဆူရီပြည်နယ် ​ဖာဂူဆန်မြို့က ​ရဲတစ်ဦးက ​သူ့ရဲ့အသက်အန္တရာယ်အတွက် ​စိုးရိမ်လို့ ​လက်နက်မပါတဲ့ ​လူမည်းဆယ်ကျော်သက်အရွယ်ကို ​ပစ်သတ်ခဲ့ရတာလို့ ​ပြောဆိုပြီးနောက် ​ပိုပြီးတော့ ​အမျက်ဒေါသထွက်နေကြပါတယ်။

အဲဒီမတိုင်ခင် ​တရားရုံးတစ်ခုက ​လက်နက်ကိုင်ဆောင်ထားခြင်း ​မရှိတဲ့ ​Michael ​Brown ​ဆိုတဲ့ ​လူမည်း ​ဆယ်ကျော်သက်ကို ​ပစ်သတ်ခဲ့တဲ့ ​ရဲမှာ ​အပြစ်မရှိဘူးလို့ ​တရားရုံးက ​ဆုံးဖြတ်ပြီးတဲ့နောက် ​ဖာဂူဆန်မြို့မှာ ​အုံကြွမှု ​ဖြစ်ခဲ့ပါတယ်။ ​ဖာဂူဆန်သာမက ​နယူးယောက်၊ ​ချီကာဂို၊ ​ဆီအာတာ၊ ​လော့စ်အိန်းဂျလိစ်၊ ​အုတ်ကလန်နဲ့ ​ဝါရှင်တန်မြို့အပါအဝင် ​မြို့ပေါင်း ​၁၂ ​မြို့မှာ ​လူမည်းတွေ ​ဆန္ဒပြမှု ​ပြုလုပ်ခဲ့ပါတယ်။

တချို့လူတွေ ​ဒေါသ ​ထွက်နေချိန်မှာပဲ ​သေနတ် ​ပစ်ခတ်မှု ​လုပ်ခဲ့တဲ့ ​Darren ​Wilson ​ဆိုသူ ​ရဲက ​သူ့ကိုယ်သူ ​ကာကွယ်ဖို့အတွက် ​အဲဒီ ​ဆယ်ကျော်သက်အရွယ်ကို ​သေနတ်နဲ့ ​ပစ်ခတ်ခဲ့ရတာလို့ ​ပြောလိုက်တဲ့အတွက် ​ပိုပြီး ​အမျက်ဒေါသ ​ထွက်နေကြပါတယ်။ 

ဆန္ဒပြသူတစ်ဦးကတော့ ​အဲဒီ ​ရဲနဲ့ ​ပြုလုပ်ထားတဲ့ ​အင်တာဗျူးကို ​ကြည့်ဖို့ ​ငြင်းဆန်ထားကြောင်း ​Darren ​Wilson ​က ​သူ့ရဲ့ ​အမှားကို ​တောင်းပန်ဖို့ ​ငြင်းဆိုနေပြီး ​နောက်တစ်ကြိမ်ထပ်လုပ်မယ်လို့ ​ပြောဆိုတဲ့အပေါ် ​မထောက်ခံနိုင်ဘူးလို့ ​ပြောသွားခဲ့ကြောင်း ​David ​Marchese ​က ​သတင်းပေးပို့ထားပါတယ်။

အုံကြွမှုအတွင်း ​အဆောက်အဦးတွေအပြင် ​ကားတွေနဲ့ ​ရဲကား ​တစ်စီးလည်း ​ပျက်စီးခဲ့ရပါတယ်။ ​အဲဒီအတွက် ​လူတချို့ကို ​ရဲတွေ ​ဖမ်းဆီးထားပါတယ်။

ဖာဂူဆန်မြို့မှာ ​လူမည်းတွေ ​အများစု ​နေထိုင်ပြီး ​ရဲအမှုထမ်းတွေက ​လူဖြူဖြစ်တဲ့အတွက် ​လူမျိုးရေး ​တင်းမာမှုတွေ ​ရှိတတ်ပါတယ်။

ဒါပေမဲ့ ​ဒီတချီမှာတော့ ​နယူးယောက်၊ ​ချီကာဂို၊ ​ဝါရှင်တန်လို့ ​မြို့ကြီးတွေအထိ ​ဆန္ဒပြမှုတွေ ​ဖြစ်ပေါ်တာကို ​ကြည့်ခြင်းအားဖြင့် ​လူမျိုးရေး ​တင်းမာမှုတွေ ​ရှိနေတယ်ဆိုတာကို ​ပြသနေတယ်လို့ ​သုံးသပ်ကြပါတယ်။

ဆန္ဒပြမှုမှာ ​ပါဝင်သူ ​လူမည်း ​တစ်ဦးကတော့ ​Michael ​Brown ​ကို ​ပစ်သတ်တဲ့ ​ရဲကို ​တရားရုံးက ​တစ်ခုခု ​အပြစ်ပေးလိုက်ရင် ​ဒီလို ​အုံကြွမှု ​ဖြစ်လာစရာ ​အကြောင်းမရှိဘူးလို့ ​ပြောပါတယ်။

အမေရိကန် ​ရဲတွေက ​လူမည်းတွေအပေါ် ​ပစ်ခတ်မှု ​ပိုလုပ်လာတာတွေ၊ ​ထောင်တွင်းမှာ ​လူမည်းဦးရေ ​ပိုများနေတာတွေအပြင် ​သေမိန့်စောင့်ဆိုင်းသူတွေထဲမှာ ​လူမည်းတွေ ​ပိုများတာနဲ့ ​ပတ်သက်ပြီး ​ကုလသမဂ္ဂက ​အမေရိကန် ​အစိုးရကို ​မေးခွန်းထုတ်ထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-11-27/1393647


မိုက်ကယ်ကို ပစ်သတ်တဲ့ ရဲရဲ့ ပြောဆိုမှုအပေါ် အမျက်ဒေါသထွက်ကြ မိုက်ကယ်ကို ပစ်သတ်တဲ့ ရဲရဲ့ ပြောဆိုမှုအပေါ် အမျက်ဒေါသထွက်ကြ Reviewed by သစ်ထူးလွင် on 08:50 Rating: 5
Powered by Blogger.