ကရင်လက်နက်ကိုင်များအရေး KNU နဲ့ DKBA ဆုံဆည်းမြိုင်မှာဆွေးနွေး


အောက်တိုဘာ - ၁၉ - ၂၀၁၄

ကော်သူးလေ တပ်မတော် ဖွဲ့စည်းခြင်း အပါအ၀င် ကရင်လက်နက်ကိုင်အဖွဲ့များ အရေးနဲ့ ပတ်သက်ပြီး KNU နဲ့ DKBA ထိပ်သီး ခေါင်းဆောင်တွေ ဒီနေ့ ဒီကေဘီအေ ဌာနချုပ်မှာ ဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲကို KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဂျော်နီ - KNU ဘားအံခရိုင်ဥက္ကဌ ပဒိုအောင်မော်အေး - KNU ဥက္ကဌ၏စစ်ရေးနိုင်ငံရေးအကြံပေးအရာရှိ စောထူးထူးလေး - ပဒိုမန်းငြိမ်းမောင် - ပဒိုရောဂျာခင် - ပဒိုရွှေမောင်း - ဗိုလ်မှူးကြီးဖောဒိုနှင့် ဒီကေဘီအေအဓိပတိ ဗိုလ်ချုပ်ကြီးစောလားပွယ်နှင့် ဗိုလ်မှူးချုပ်စောကျော်သက် အပါအ၀င် ဒီကေဘီအေက အဆင့်မြင့်ခေါင်းဆောင်များ ဒီနေ့ဆွေးနွေးခဲ့ကြတာပါ။

အဓိကဆွေးနွေးတာတွေကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေကြားက အခြေအနေတွေဖြစ်တယ်လို့ ဆွေးနွေးပွဲတက်ရောက်နေသူတဦးက ဆိုပါတယ်။

ဒီဆွေးနွေးပွဲကို ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပေါင်းစည်းရေးကော်မတီမှာပါတဲ့ ဘုန်းတော်ကြီးအချို့ လည်းတက်ရောက်ခဲ့ကြပါတယ်။

ဒီနေ့ဆွေးနွေးပွဲတက်ခဲ့တဲ့ တောင်ကလေးအေးရိပ်သာကျောင်းဆရာတော် ဘုန်းတော်ကြီး အရှင်အဂ္ဂ၀ံသက"ပဏာမအလွတ်ဆွေးနွေးပွဲဖြစ်တယ် ဒီနေ့ဆွေးနွေးတာက KNU နဲ့ DKBA ဆွေးနွေးတာဖြစ်ပြီး အဓိကဆွေးနွေးတာက ဒီလ ၁၃ ရက်နေ့က ဖွဲ့စည်းလိုက်တဲ့ ကော်သူးလေတပ်မတော်ကိစ္စဖြစ်တယ် ဒါပေမဲ့ သောင်မတင်ရေမကျဘဲ ဒီလ ၂၉ ရက်နေ့မှာပြန်တွေ့ဘို့ရှိတယ် ဒီနေ့ဆွေးနွေးတာမပြတ်ဘူး"လို့ မိန့်ကြားပါတယ်။

KNU အဖွဲ့ကတော့ ကော်သူးလေတပ်မတော်ဆိုင်ရာကိစ္စကို လာမဲ့ ၂၃ ရက်နေ့မှာပြုလုပ်မဲ့ KNU ဗဟိုကော်မတီအစည်းအဝေးမှာ ဆွေးနွေးကြမှာဖြစ်ပြီး DKBA နဲ့ နောက်တကြိမ်ပြန်တွေမှာဖြစ်တယ်လို့သိရပါတယ်။

ယခုလ ၂၉ ရက်နေ့မှာ KNU DKBA အပါအ၀င် ကရင်တိုင်းရင်းသားလက်နက်ကိုင်တွေ ကော်သူးလေတပ်မတော်ဖွဲ့စည်းခြင်းအပါအ၀င် ကရင်လက်နက်ကိုင်အဖွဲ့နဲ့သက်ဆိုင်တဲ့ အစည်းအဝေးတရပ်ကို DKBA ဌာနချုပ်တည်ရှိရာ ဆုံဆည်းမြို င်မှာ ကျင်းပပြုလုပ်ဘို့ရှိတယ်ဆိုပြီး ဗိုလ်မှူးချုပ်ကျောက်သက်က အတည်ပြုပြောဆိုပါတယ်။

လက်ရှိမှာတော့ ကရင်လက်နက်ကိုင်များပြန်လည်ပေါင်းစည်းရေးကော်မတီ ဖွဲ့စည်းထားသလို - ဒီ လ ၁၃ ရက်နေ့ကလည်း ကရင်လက်နက်ကိုင်အဖွဲ့ ၄ ခုကနေ ကော်သူးလေတပ်မတော်ကို ဖွဲ့စည်းလိုက်တဲ့အတွက် ကရင်လက်နက်ကိုင်အဖွဲ့တွေကြားမှာ ရှုတ်ထွေးမှုအချို့ ဖြစ်ပေါ်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

သတင်းနှင့်ဓာတ်ပုံ - ကရင်အမျိုးသား (မီဒီယာ)
https://www.facebook.com/profile.php?id=100004061645399&fref=ts

ပုံစာ - DKBA ဌာနချုပ်တည်ရှိရာ ဆုံဆည်းမြိုင်က စစ်ရေးပြကွင်း ။


ကရင်လက်နက်ကိုင်များအရေး KNU နဲ့ DKBA ဆုံဆည်းမြိုင်မှာဆွေးနွေး ကရင်လက်နက်ကိုင်များအရေး KNU နဲ့ DKBA ဆုံဆည်းမြိုင်မှာဆွေးနွေး Reviewed by သစ်ထူးလွင် on 19:06 Rating: 5
Powered by Blogger.