သီတင်းကျွတ်လပြည့်ည သံဈေးတွင် မီးလောင်

ရန်ကုန် အောက်တိုဘာ ၈

ရန်ကုန်မြို့ လမ်းမတော်လမ်းပေါ် သံဈေးကွန်ဒို ပထမထပ်ရှိ ဈေးဆိုင် များအတွင်း၌ ယနေ့ ညနေ ၆ နာရီ မိနစ် ၅ဝ ခန့်က မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွား ခဲ့ကြောင်း သိရသည်။

အဆိုပါ သံဈေးကွန်ဒို အဆောက် အအုံ၏ ပထမထပ်တွင် စတီးပစ္စည်း များ၊ ဓာတ်ဘူးများ၊ ဖန်ခွက်များ၊ ပန်းကန်များ၊ မယ်လမင်း ပစ္စည်းများ နှင့် ဒန်ပစ္စည်းများ ရောင်းချခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ဆိုင်ခန်းတစ်ခန်း သာ လောင်ကျွမ်းခဲ့ကာ အနီးရှိ ဆိုင်ခန်းအချို့ မီးဟပ်ခံရကြောင်း၊ မီးလောင်ခံရသည့် ဆိုင်ခန်းပိုင်ရှင် အမည်တို့ကို စစ်ဆေးနေဆဲဖြစ် ကြောင်း မီးသတ်အရာရှိတစ်ဦးက ပြောသည်။

ထိုမီးလောင်မှုသည် ပြင်ပမှ မီးရှူးမီးပန်းများပစ်ဖောက်မှုကြောင့် လွင့်စဉ်ကာ လောင်ကျွမ်းရခြင်း ဖြစ်သည်ဟု မီးလောင်ရာတွင် ကိုယ်တိုင်ငြှိမ်းသတ်ခဲ့သောတာဝန်သိ ပြည်သူများထံမှ သိရသည်။ ''မီးခိုး တွေ အူထွက်လာမှသိတာ၊ အနီးက ပစ်တဲ့ မီးရှူးမီးပန်းကြောင့် ဖြစ်တာ ပါ။ အငွေ့တွေထွက် တော့မှသိတော့ ငြှိမ်းဖို့လည်းလုပ်၊ မီးသတ်ကိုလည်း အကြောင်းကြားရင်း နဲ့ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ရော''ဟု ပါဝင်ငြှိမ်းသတ်ခဲ့ သော တာဝန်သိပြည်သူတစ်ဦးက ပြောသည်။ ထိုမီးလောင်ရာသို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ မီးငြှိမ်း သတ်ယာဉ်များ အပါအဝင် မီးသတ်ယာဉ်များဖြင့် အင်အားသုံး ငြှိမ်းသတ်နိုင်မှုကြောင့် အချိန်မီ ဟန့်တားကာကွယ်နိုင်ခဲ့ကြောင်း သိရ သည်။ လွန်ခဲ့သောနှစ်ကလည်း မီးရှူး မီးပန်းများကြောင့် (၂၄) လမ်းတွင် မီးလောင်ကျွမ်းခဲ့ဖူးကြောင်း ဒေသခံ များထံမှ သိရသည်။

အလားတူ မီးလောင်ကျွမ်းမှုဖြစ်စဉ် တစ်ခု ယနေ့ ည ၇ နာရီ မိနစ် ၅ဝ ခန့်က ကျောက်တန်းမြို့နယ် အေးစေတီလမ်းမတွင် ဖြစ်ပွားခဲ့ ကြောင်းလည်း သိရသည်။

သတင်း-ထက်ခိုင်(စမ်းချောင်း)
ဓာတ်ပုံ-ခင်မောင်ဝင်(ကြေးမုံ)
The Mirror Daily
https://www.facebook.com/TheMirrorDaily


သီတင်းကျွတ်လပြည့်ည သံဈေးတွင် မီးလောင် သီတင်းကျွတ်လပြည့်ည သံဈေးတွင် မီးလောင် Reviewed by သစ်ထူးလွင် on 03:15 Rating: 5
Powered by Blogger.