ကော့တောင်ကျွန်း လူသတ်မှု စုံစမ်းရေးမှာ ဗြိတိန်အကူညီ မလိုဘူးလို့ ထိုင်းပြော

ထိုင်းနိုင်ငံ ​ကော့တောင်ကျွန်းမှာ ​ဗြိတိန်နှစ်ဦး ​အသတ်ခံခဲ့ရတာနဲ့ ​ပတ်သက်ပြီး ​ထိုင်းရဲတွေရဲ့ ​စုံစမ်းစစ်ဆေးရေးမှာ ​သံသယဝင်နေကြတဲ့အတွက် ​ဗြိတိန်ရဲတွေက ​စုံစမ်းစစ်ဆေးရေးမှာ ​ကူညီနိုင်ကြောင်း ​ကမ်းလှမ်းထားတာကို ​ထိုင်းဝန်ကြီးချုပ်က  ​ဗြိတိန်တွေရဲ့ ​အကူအညီကို ​မလိုဘူးလို့လည်း ​ပြောလိုက်ပါတယ်။

ဗြိတိန်နိုင်ငံသား ​နှစ်ဦးကို ​မြန်မာ ​ရွှေ့ပြောင်းအလုပ်သမား ​နှစ်ဦးက ​သတ်ပစ်ကြောင်း ​ထိုင်းရဲတွေက ​ပြောဆိုတဲ့အပေါ် ​မြန်မာသာမက၊ ​ထိုင်းနိုင်ငံသား ​တချို့နဲ့ ​ဗြိတိန်တွေကလည်း ​မယုံမကြည် ​ဖြစ်နေကြပါတယ်။

အဲဒီအတွက် ​ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ​ထိုင်း ​သံတမန်ကို ​တနင်္လာနေ့က ​ဆင့်ခေါ်တွေ့ဆုံခဲ့သလို ​အင်္ဂါနေ့တုန်းကလည်း ​ထိုင်းနိုင်ငံမှာ ​အမှုထမ်းဆောင်နေတဲ့ ​ဗြိတိန်သံအမတ်ကလည်း ​ထိုင်းနိုင်ငံနဲ့ ​မြန်မာသံတမန်တွေနဲ့ ​တွေ့ဆုံဆွေးနွေးမှု ​လုပ်ခဲ့ပါတယ်။

ဒါ့အပြင် ​ဒီစုံစမ်းရေးမှာ ​ဗြိတိန်အနေနဲ့ ​ထိုင်းရဲတွေကို ​အကူအညီပေးနိုင်ကြောင်း ​ဗြိတိန်က ​ကမ်းလှမ်းတာကို ​ထိုင်းဝန်ကြီးချုပ် ​Prayut ​Chan-O-Cha ​က ​ငြင်းပယ်လိုက်ပါတယ်။

ထိုင်းနိုင်ငံကို ​ဘယ်သူမဆို ​လာလည်လို့ရတယ်ဆိုပေမယ့် ​ထိုင်းနိုင်ငံရဲ့ ​ကိစ္စဟာ ​ထိုင်းတွေရဲ့ ​ကိစ္စသာ ​ဖြစ်တယ်ဆိုတာ ​မမေ့သင့်ကြဘူးလို့ ​ထိုင်းဝန်ကြီးချုပ်က ​ပြောဆိုခဲ့သလို ​ကော့တောင်ကျွန်း ​လူသတ်မှု ​စုံစမ်းရေးဟာ ​ယုံကြည်စိတ်ချစရာ ​ကောင်းတယ်လို့လည်း ​တုံ့ပြန်ထားပါတယ်။

ထိုင်းရဲတွေကတော့ ​ဗြိတိန်နိုင်ငံသား ​နှစ်ဦးကို ​မြန်မာတွေက ​သတ်ပစ်တယ်ဆိုတာ ​ဝန်ခံထားပြီ ​ဖြစ်သလို ​သေဆုံးသူကိုယ်ပေါ်မှာ ​ကျန်ခဲ့တဲ့ ​DNA ​ကို ​စစ်ဆေးရာမှာလည်း ​လူသတ်မှုနဲ့ ​တရားစွဲခံရသူ ​မြန်မာနှစ်ဦးရဲ့ ​DNA ​နဲ့ ​တိုက်ဆိုင်နေတယ်လို့ ​ပြောပါတယ်။

ဒါပေမဲ့ ​မြန်မာတွေကတော့ ​သူတို့ကို ​အတင်းဝန်ခံခိုင်းတာတွေ ​လုပ်ခဲ့ပြီး ​ညှင်းပမ်းမှုတွေလည်း ​ခံခဲ့ရတယ်လို့ ​ပြောဆိုထားတဲ့အတွက် ​ထိုင်းရဲတွေ ​ဝေဖန်ခံနေရတာပါ။

ထိုင်းရဲတွေကတော့ ​ညှင်းပမ်းနှိပ်စက်တာတွေ ​မလုပ်ရဘူးလို့ ​ပြောဆိုထားသလို ​သူတို့ ​စစ်ဆေးနေတုန်း ​ရှေ့နေတစ်ဦးပါ ​အတူတူ ​ရှိနေခဲ့တယ်လို့ ​ပြောဆိုထားပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-10-15/1379249

သေဆုံးသူ ဗြိတိန်နိုင်ငံသား နှစ်ဦးရဲ့ အလောင်းကို စစ်ဆေးစဉ် (Credit: AFP) 

ကော့တောင်ကျွန်း လူသတ်မှု စုံစမ်းရေးမှာ ဗြိတိန်အကူညီ မလိုဘူးလို့ ထိုင်းပြော ကော့တောင်ကျွန်း လူသတ်မှု စုံစမ်းရေးမှာ ဗြိတိန်အကူညီ မလိုဘူးလို့ ထိုင်းပြော Reviewed by သစ်ထူးလွင် on 09:33 Rating: 5
Powered by Blogger.