အကြမ်းဖက်အန္တရာယ် အခြေအနေ သတင်းထုတ်ပြန်မည်

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်သမားတွေ ဖမ်းဆီးမိတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး အကြမ်းဖက်မှု လုပ်ရပ်တွေကို စုံစမ်းဖော်ထုတ် နေရာမှာ၊ တချို့ကိစ္စတွေကို ဖော်ထုတ်ဆဲ ဖြစ်တာကြောင့် အားလုံး စစ်ဆေးပြီး စီးတဲ့ အခါ သတင်းထုတ်ပြန်သွားမယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်သမားတွေ ဖမ်းဆီးရမိ ထားတယ်လို့ ပြည်တွင်း မီဒီယာတွေမှာ ရေးသားဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး RFA က မနေ့က မေးမြန်းရာမှာ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြောကြားခဲ့တာပါ။

"ပြည်ထဲရေးရဲ့ အဓိကတာဝန်က နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူ့အကျိုးပြု ဆောင်ရွက်ရေးဆိုတော့ နိုင်ငံတော်မှာရှိတဲ့ နိုင်ငံအကျိုးအတွက်ကို အဲ့ဒီနီုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ ထိခိုက်ဖို့ကိစ္စမှန်သမျှသည် နိုင်ငံတော် ကာကွယ်ရေး ဝန်ကြီးဌါနနဲ့ ကျနော်တို့ တပ်မတော်နဲ့ အဓိကကတော့ ပြည်ထဲရေးဝန်ကြီးဌါန ရဲအပိုင်းပေါ့၊ လုံခြုံရေးဆိုင်ရာ အပိုင်းပေါ့ အဓိကထားလုပ်နေတယ်၊ ဒါတွေသည် နိုင်ငံတော်အတွက် အချုပ်အခြာအာဏာ ထိခိုက်မဲ့ကိစ္စမှန်သမျှကို ကျနော်တို့ ဖော်ထုတ်နေတယ်၊ တချို့ဖော်ထုတ်လို့ရတဲ့ကိစ္စတွေသည် သတင်းထုတ်ပြန်တဲ့အခါမျိုးရှိသလို၊ တချို့ကိစ္စတွေသည် အကြောင်းအကျိုးဆက်စပ်ပြီး ဆောင်ရွက်ရမဲ့ကိစ္စတွေမှာ သတင်းထုတ်ပြန်လိုက်ရင် အခုနကပြောတဲ့ တချို့သော တရားခံများဟာ ရှောင်လွှဲပြီးသွားနိုင်တဲ့အတွက် ဒါတွေကို ကွင်းဆက်ဖော်ထုတ်ဖို့အတွက် တချို့ဆိုဖော်ထုတ်နိုင်တယ်၊ ရတဲ့အခြေအနေမျိုးကတော့ ကျနော်တို့ အချိန်နဲ့ တပြေးညီ ထုတ်ပြန်သွားမှာပါ"

မြန်မာနိုင်ငံကို အယ်လ်ကိုင်ဒါအဖွဲ့က ဂျီဟတ်ပစ်မှတ်အဖြစ် ကြေညာပြီး ၂ လအတွင်း အကြမ်းဖက် သမားလို့ ယူဆရသူ ၃၁ ဦးနဲ့ ဖေါက်ခွဲရေးပစ္စည်းတွေ ဖမ်းဆီးရမိတယ်လို့ ပြည်တွင်းထုတ် သတင်းစာနဲ့ ဂျာနယ်တချို့က ရေးသား ဖေါ်ပြ ခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အစ္စလာမ်မစ်နိုင်ငံတော် ထူထောင်ရေးအဖွဲ့ (IS) တပ်ဖွဲ့နဲ့ သွားရာက်ပူးပေါင်း ခဲ့ကြတဲ့ နိုင်ငံခြားသား တိုက်ခိုက်ရေးသမား ၈ဝဝ နီးပါးမှာ မြန်မာနိုင်ငံက ၇ဝ ကျော်ပါဝင်တယ်လို့ နိုင်ငံတကာ သတင်းတချို့က ဖော်ပြခဲ့ကြပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127


အကြမ်းဖက်အန္တရာယ် အခြေအနေ သတင်းထုတ်ပြန်မည် အကြမ်းဖက်အန္တရာယ် အခြေအနေ သတင်းထုတ်ပြန်မည် Reviewed by သစ်ထူးလွင် on 09:45 Rating: 5
Powered by Blogger.