ပီအာ စနစ်ကို ကန့်ကွက်ဆန္ဒပွဲ လှိုင်သာယာမြို့မှာ ပြုလုပ်


ပီအာခေါ် အချိုးကျကိုယ်စားပြုစနစ်ကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ပွဲနဲ့ အဲ့ဒီစနစ်ကို ကျင့်သုံးမယ် ဆိုရင်ဖြစ်လာမယ့် ဆိုးကျိုးတွေကိုရှင်းလင်းတဲ့ ဟောပြောပွဲတစ်ရပ်ကို လှိုင်သာယာမြို့နယ်မှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။

ပီအာစနစ်ကို ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ရာမှာ လူဦးရေ ၄၀၀ ကျော်လောက် ပါဝင်ခဲ့တယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများအဖွဲ့က လှိုင်သာယာမြို့ခံ ကိုပိုင်စိုးသက်က RFA ကိုပြောပါတယ်။

"ကျနော်တို့တင်ထားတာ တစ်ထောင်တင်ထားတယ်၊ အဝင်အထွက်ခန့်မှန်းရသလောက်တော့ ၄၀၀၊ ၅၀၀ လောက်တော့ရှိလိမ့်မယ်၊ ဘာဖြစ်လို့လဲဆိုတော့အတွင်းထဲကလူတွေရော အပြင်ဘက်က ဝန်းရံနေတဲ့လူတွေရောအမြင်တွေပေါ့၊ ပညာရှင်တွေကလည်း ဟောပြောထားတယ်၊ ပီအာစနစ်က မကောင်းဘူးတော့မဟုတ်ဘူး ကျနော်တို့နိုင်ငံအနေနဲ့ ဒီပီအာစနစ်သုံးမယ်ဆိုရင်တော့ မသင့်တော်ဘူး၊ တိုင်းရင်းသားလူမျိုးကလည်း ၁၃၅ မျိုးရှိတယ်၊ တိုင်းရင်းသားတွေအပေါ်လည်း မသင့်တော်ဘူး ပြီးတော့ ပြည်သူတွေပေါ်မှာအခြေခံပြီးတော့ ဒီစနစ်ကလုပ်တာမဟုတ်တဲ့အတွက် ဒီပီအာစနစ်ကို ကန့်ကွက်ရတဲ့သဘောပါ"

ဆန္ဒပြလှုပ်ရှားသူတွေဟာ တရားမျှတမှုရှိစေရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ လူ့အခွင့်ရေး အပြည့်အ၀ရရှိရေးတွေကို တောင်းဆိုခဲ့ကြသလို အာဏာရှင်အဟောင်းအသစ်များ အလိုမရှိ၊ ပီအာစနစ်အလိုမရှိ စသဖြင့် ကြွေးကြော်ခဲ့ကြပါတယ်။

ဟောပြောပွဲအပြီးမှာ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများအဖွဲ့က သဘောထားကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီကြေညာချက်မှာ အာဏာရပါတီက စိတ်ကြိုက်ချယ်လှယ်မယ့် ပီအာစနစ်ကို ကျင့်သုံးခြင်းမပြုရေး နဲ့ ဒီမိုကရေစီနည်းကျ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့ အချက်တွေပါဝင်ပါတယ်။

ဒီအတောအတွင်း သြဂုတ်လ ၅ ရက်နေ့က ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့မှာ ပီအာစနစ်ကို ကန့်ကွက်ဆန္ဒပြခဲ့ ကြတဲ့ ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ရက်က ဦးခင်မောင်အေးနဲ့ ကိုသိန်းလှိုင်ထွန်းတို့ကို ကျောက်တံတား မြို့နယ် တရားရုံးက ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားပြီလို့ သတင်းရရှိပါတယ်။

RFA Burmese
https://www.facebook.com/pages/RFA-Burmese/39218993127?fref=nf



ပီအာ စနစ်ကို ကန့်ကွက်ဆန္ဒပွဲ လှိုင်သာယာမြို့မှာ ပြုလုပ် ပီအာ စနစ်ကို ကန့်ကွက်ဆန္ဒပွဲ လှိုင်သာယာမြို့မှာ ပြုလုပ် Reviewed by သစ်ထူးလွင် on 21:07 Rating: 5
Powered by Blogger.