ဗြိတိသျှစုံတွဲ အသတ်ခံရမှု လူသတ်သမားဟာ အာရှသားဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ ပြော

ထိုင်းနိုင်ငံ တောင်ပိုင်းက လိပ်ကျွန်းလို့ သိကြတဲ့ ကော့တောင်းကျွန်းမှာ ဗြိတိသျှ စုံတွဲနှစ်ယောက်ကို သတ်ဖြတ်သွား တရားခံကို ရဲက ဆက်လက်စုံစမ်းနေပါတယ်။ အခုအထိ သေမှုသေခင်း ဆေးစစ်ချက်တွေအရ လူသတ်သမားဟာ အာရှသား ဖြစ်မယ်လို့ ရဲအဖွဲ့ စက်တင်ဘာလ ၂၀ ရက်နေ့က ပြောပါတယ်။

အသက် ၂၄ နှစ်အရွယ် ဒေးဗစ် မေလာနဲ့ အသက် ၂၃ နှစ်အရွယ် ဟန်နာ ၀စ်သရစ် တို့ရဲ့ အလောင်းကို စက်တင်ဘာလ ၁၅ ရက်နေ့က ကမ်းခြေမှာ အ၀တ်ဗလာနဲ့ တွေ့ခဲ့ရပြီး လူသတ်တရားခံကို ရဲက ဆက်လက် ရှာဖွေနေတာပါ။

ရဲမှူးချုပ် ဆမ်းယော့ ပန်ပန်မောင်းက အခုအထိ သံသယရှိသူ ဘယ်သူ ဘယ်ဝါဆိုတာကမျိုးကို မဖော်ထုတ်နိုင်သေးဘဲ နောက်ထပ် ပိုပြီး အသေးစိတ်တဲ့ သက်သေတွေကို ရှာဖွေနေတယ်လို့ ပြောပါတယ်။

ဒါပေမယ့် ဟန်တာရဲ့ ကိုယ်ပေါ်မှာ ယောင်္ကျားနှစ်ယောက်ရဲ့ သုတ်ရည်အစအနကို ဒီအန်အေကို စစ်ဆေးချက်တွေအရ ဟန်နာနဲ့အတူ အသတ်ခံရတဲ့ မေလာရဲ့ ဒီအန်အေနဲ့ မတူသလို၊ လူသတ်မှုနဲ့ပတ်သက်လို့ အခုအထိ စစ်ဆေးခဲ့တဲ့ လူတွေရဲ့ ဒီအန်အေနဲ့လည်း မတူဘူးလို့ ရဲအဖွဲ့က ပြောပါတယ်။ ဒါပေမယ့် တရားခံဟာ အာရှသား ဖြစ်နိုင်ပြီး အခုတော့ စင်ကာပူမှာ ဆက်လက်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

စင်ကာပူမှာ စစ်ဆေးချက်တွေအရ တရားခံရဲ့ အသားအရောင်၊ မျက်လုံးအရောင်တွေကို သိရရင် စုံစမ်းမှု နောက်တဆင့်ကို တက်နိုင်မယ်လို့ ထိုင်းနိုင်ငံသေမှုသေခင်း ရဲတပ်ဖွဲ့က ရဲအရာရှိ ပွန်ချိုင်း စူတာရာခွန်းက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ကတော့ ရဲအဖွဲ့ဟာ ဒေသခံနဲ့ အနီးအနားမှာ အလုပ်လုပ်တဲ့ ရွေ့ပြောင်းအလုပ်သမား ၃၀ ကျော်ဆီက ဒီအန်အေတွေကိုလည်း စုဆောင်းခဲ့ပါတယ်။ သေမှု သေခင်း စစ်ဆေးချက်တွေအရ ဒေးဗစ် မေလာရဲ့ အဆုတ်မှာ ရေကို တွေ့ရလို့ ရေနစ်ခဲ့တဲ့ ပုံရတယ်လို့ ရဲက သံသယ ရှိနေပါတယ်။

အသတ်ခံရသူ နှစ်ယောက်စလုံးဟာ ဦးခေါင်းမှာ ဒဏ်ရာတွေလည်း ရရှိထားတဲ့အတွက်လည်း သူတို့နှစ်ယောက်စလုံး မသေမချင်း ရိုက်နှက်ခံရတယ်လို့ ရဲက ကနဦး ကောက်ချက်ဆွဲထား ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/65548


ဗြိတိသျှစုံတွဲ အသတ်ခံရမှု လူသတ်သမားဟာ အာရှသားဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ ပြော ဗြိတိသျှစုံတွဲ အသတ်ခံရမှု လူသတ်သမားဟာ အာရှသားဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ ပြော Reviewed by သစ်ထူးလွင် on 11:22 Rating: 5
Powered by Blogger.