ကယားစာပေ ကျောင်းတွင် စတင်အသုံးပြုခွင့်ရပြီ

ကယားပြည်နယ်လွှတ်တော်မှ စက်တင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသည့် အဋ္ဌမအကြိမ် ပုံမှန်အစည်း၌ ကယားစာပေကို အတည်ပြုပြီးနောက် ကျောင်းများတွင် စတင်အသုံးပြုခွင့် ရပြီဖြစ်ကြောင်း သိရသည်။

ကြယ်ဖိုးကြီး ကယားစာပေကို ယခုနှစ် အောက်တိုဘာလတွင် ကျောင်းများ၌ သင်ကြားပေးနိုင်ရန် မူလတန်း ကျောင်းများ အတွက် ဘာသာပြန်ထားပြီးဖြစ်ကြောင်း၊ ကိုယ်ပိုင် သင်ရိုးညွှန်းတန်းများ ကိုလည်း ရေးဆွဲ ထားပြီး ဖြစ်ကြောင်း ကယားစာပေနှင့် ယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူး ဦးမိုးဇတ် ညို့ရယ်က စက်တင်ဘာလ ၁၂ ရက်နေ့တွင် ကန္တာရဝတီတိုင်း(မ်)သို့ ပြောသည်။

“လွှတ်တော်မှာ ဒီကယားစာပေဟာ ခိုင်ခိုင်မာမာဖြစ်သွားပြီဆိုရင် ကျနော်တို့ဒီလာမည့် ၂၀၁၄/၂၀၁၅ ပညာသင်နှစ် ဒုတိယပညာသင်နှစ်ဝက် အောက်တိုဘာလ သတင်းကျွတ်ကျောင်းပိတ်ရက်ပြီးတာနဲ့ သင်ကြားပေးဖို့တော့ အဆင်သင့်ဘဲ” ဟု ပြောသည်။

၎င်းစာပေကို သင်ကြားရေးအပိုင်းတွင် ပြင်ဆင်မှုများအနေဖြင့် ဆရာဖြစ်သင်တန်းများ ပြုလုပ်ပြီး အခက်အခဲမရှိစေရန်အတွက် ဆရာ၊ဆရာမများကို မြို့နယ်အလိုက် စုဆောင်း သင်တန်းများ ပေးခဲ့သည်ဟု သိရသည်။

လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့် ရှားတောမြို့နယ် လေးမြို့နယ်တွင် ကိုယ်စားလှယ်များအနေဖြင့် လစာ ၊ ထောက်ပံ့ကြေး မမျှော်ကိုဘဲ အမျိုးသားရေးအတွက် ရှေ့တန်းတင်၍ စာပေသင်ကြားပေးနိုင်မည့်သူ စုစုပေါင်း ၃၅၀ ဦးကို ဆရာဖြစ်သင်တန်းများ ပို့ချပြီးခဲ့ကြောင်း သိရသည်။

ကယားစာပေနှင့်ပတ်သက်၍ ယခင်အစိုးရလက်ထက်တွင် မြန်မာဗျည်းအက္ခရာဖြင့် တီထွင်ထားသော စာပေကိုတရားဝင် အသိအမှတ်ပြုခဲ့ပြီး ၎င်းကြယ်ဖိုးကြီးစာပေကို နှစ်ပေါင်း ၆၀ ကျော်ကြာပြီးနောက် ယခု အစိုးရသစ်လက်ထက်တွင် တရားဝင် အသိအမှတ်ပြုခဲ့ခြင်းဖြစ်သည်။

ထိုင်းနယ်စပ်ရှိ ကရင်နီဒုက္ခသည်စခန်းတွင်မူ အဋ္ဌမတန်းအထိ ယခင်ကတည်းက သင်ကြားနေလျက်ရှိ နေပြီးဖြစ်သည်။

Written by ဂျွန်ပေါ
Kantarawaddy Times
http://www.ktimes.org/index.php/news/1044-2014-09-14-10-57-11


ကယားစာပေ ကျောင်းတွင် စတင်အသုံးပြုခွင့်ရပြီ ကယားစာပေ ကျောင်းတွင် စတင်အသုံးပြုခွင့်ရပြီ Reviewed by သစ်ထူးလွင် on 17:39 Rating: 5
Powered by Blogger.