သူခိုးဟုယူဆရသူက လူမိသွား၍ ဓါးဖြင့်ပိုင်းခုတ်ကာထွက်ပြေး

လားရှိုး၊ စက်တင်ဘာ (၁၄)

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့ တွင် စက်တင်ဘာလ (၁၂) ရက်နေ့ က မိမိအိမ်ထဲသို့ ရောက် နေသော အမည်မသိ လူတစ်ဦး ကိုတွေ့ လိုက်ရ သဖြင့် သူခိုးဟု အော်ဟစ်လိုက်သော အိမ်ရှင် အမျိုးသမီးကို ယင်းအမည်မသိ လူက ဓါးဖြင့် ပိုင်းခုတ်လိုက်ကာ ထွက်ပြေး သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အခင်းဖြစ်ပွားသောနေ့ က လားရှိုးမြို့ ၊ ရပ်ကွက် (၇) နယ်မြေ (၁၉) ဧရာဝတီလမ်းနှင့်မြို့ ပတ်လမ်း၊ အိမ်မှတ် (၁၉/၃၆၉) တွင်နေထိုင်သူ ဒေါ်မာလာ (၃၈)နှစ်သည် နံနက် ၂နာရီခွဲအချိန်ခန့် တွင်နေအိမ်၌ သမီးဖြစ်သူ မရတနာဦး (၁၃)နှစ်နှင့်အတူ အိပ် ပျော်နေစဉ် အိမ်ရှေ့ ခန်းဘက်မှအသံကြား၍ ထကြည့်ခဲ့၏။

ထိုစဉ်ကမီးပြတ်နေချိန်ဖြစ်သဖြင့် ဓါတ်မီးဖြင့်ထိုးကြည့်ခဲ့ရာ အထွေအထူးမတွေ့ ရသဖြင့် ကြောင်တိုးသည်ဟုယူဆ ကာ ပြန်အိပ်နေခဲ့ရာ ခဏအကြာတွင် ၄င်း၏ခြေထောက်ကို တစ်စုံတစ်ဦးက ဆွဲလိုက်သလိုခံစားရ၍ ဓါတ်မီးဖြင့် အိပ်ခန်းအတွင်း ကြည့်ရှုရာ ကုတင်အောက်တွင် မျက်နှာအား ဆိုင်ကယ်စီးရာတွင်တပ်ဆင်သည့် နှာခေါင်းစည်း တပ်ဆင်ထားသူတစ်ဦးအားတွေ့ ရှိခဲ့သည်။ ဒေါ်မာလာလည်း အထိတ်တလန့် ဖြစ်သွားကာ သူခိုးဟု အော်ဟစ် လိုက်စဉ် ထိုသူက အသင့်ပါလာသောဓါးဖြင့်ခုတ်လိုက်ကာ အိမ်ပေါ်မှဆင်းပြေးသွားခဲ့ခြင်းဖြစ်သည်။

ယင်းအချိန်တွင်ပင် နယ်မြေ (၁၉) နယ်မြေမှူးသည်လည်း ယင်းလမ်းထဲတွင်အလုပ်ကိစ္စဖြင့်ရှိနေစဉ် ဒေါ်မာလာ၏ အော်ဟစ်သံများကို ကြားခဲ့ရပြီး လမ်းပေါ်တွင် မသင်္ကာဖွယ်ရာလူတစ်ဦး ပြေးသွားသည်ကိုလည်း တွေ့ လိုက်ရသည့် အတွက် နောက်မှပြေးလိုက်သွားခဲ့ရာ လမ်းထောင့်တစ်ခု တွင်ယင်းလူမှာပျောက်ကွယ်သွားခဲ့သဖြင့် နယ်မြေမှူး သည်လည်း ဒေါ်မာလာထံပြန်လှည့်လာကာ ဆေးရုံသို့ ကူညီပို့ ဆောင်ပေးခဲ့သည်။

ဓါးခုတ်ခံရခြင်းကြောင့် ဒေါ်မာလာတွင် နှဖူး၊ ယာဘက်ပါး၊ နှာခေါင်း၊ မေးစေ့၊ ယာဘက်ရင်အုံ၊ ၀ဲလက်ဖျံတို့ တွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီး ယာလက်မမှာ လုံးဝပြတ်သွားခဲ့သည့်အတွက် ဒေါ်မာလာ၏ အမျိုးသားဖြစ်သူ ဦးဒါသာ ရမ်းက ညဥ့်အချိန် ၄င်း၏နေအိမ်အတွင်းသို့  ပုန်းလျှိုးကျော်နင်းဝင်ရောက်ပြီး ဇနီးဖြစ်သူအား ဒဏ်ရာရရှိအောင် ဓါးဖြင့်ခုတ်သူ အမည်မသိလူတစ်ဦးအား အရေးယူပေးပါရန် မြို့ မရဲစခန်းသို့ စက်တင်ဘာလ (၁၃) ရက် နံနက် ၉ နာရီအချိန်တွင် တိုင်တန်းခဲ့ရာ မြို့ မရဲစခန်းကလည်း (ပ) ၂၈၄/၁၄ ပြစ်မှုပုဒ်မ ၄၅၉ ရေးဖွင့်ကာ အမှုဖွင့် ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ နယ်မြေမှူးနောက်ကလိုက်သွားသော်လည်း လမ်းထောင့်တွင် ပျောက်ကွယ် သွားခဲ့သူသည် ယင်းလမ်းထောင့်နေအိမ်တစ်လုံး၏ ခြံစည်းရိုးကိုကျော်ဝင်ကာ အိမ်ဝိုင်းအတွင်းပန်းခြုံထဲတွင် ပုန်းအောင်းနေခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ဆူညံသံများကြောင့် နိုးလာသောအိမ်ရှင်နှင့်ပက်ပင်းတိုးခဲ့ရာ အိမ်ရှင်၏ ပြောပြချက်အရ အောင်ကျော်မြင့်၊ (ဘ) ဦးစိန်ပု၊ ရပ်ကွက် (၇) နယ်မြေ (၁၉)၊ လားရှိုးမြို့ နေသူဖြစ်သည်ကို သိရ သည့်အတွက် ဒုရဲအုပ်ဝင်းဇော်က အောင်ကျော်မြင့်ကို စစ်ဆေးခဲ့ရာ ၄င်းပုန်းအောင်းခဲ့သည့် ပန်းခြုံအတွင်း၌ ဒေါ်မာလာကိုခုတ်ခဲ့သည့် ဓါးကိုတွေ့ ရှိခဲ့ရသဖြင့် ရှာဖွေပုံစံဖြင့်သိမ်းဆည်းကာ အောင်ကျော်မြင့်ကို ဥပဒေအရ အရေးယူသွားနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သမန်းကျား
Lashio News Diary
https://www.facebook.com/lashio.news.city?fref=nf


သူခိုးဟုယူဆရသူက လူမိသွား၍ ဓါးဖြင့်ပိုင်းခုတ်ကာထွက်ပြေး သူခိုးဟုယူဆရသူက လူမိသွား၍ ဓါးဖြင့်ပိုင်းခုတ်ကာထွက်ပြေး Reviewed by သစ်ထူးလွင် on 03:27 Rating: 5
Powered by Blogger.