ယာဉ် အရောင်း ပြခန်း များ၌ ရောင်းချရန် ပြသ ထားသည့် ကားအချို့ ကီလို မီတာ လျှော့ချ မှုများ ပြုလုပ် ထားသဖြင့် စစ်ဆေး ပြီးမှသာ ဝယ်ယူ သင့်

ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ မော်တော်ယာဉ် အရောင်းပြခန်းများ၌ ရောင်းချရန် ပြသထားသည့် ဂျပန် လေလံယာဉ်အများစုမှာ တာမွေ မြို့နယ်ရှိ ကားအပိုပစ္စည်းရောင်း သည့် ကားအပိုပစ္စည်း ဈေးကွက်တွင် ကီလိုမီတာများ လျှော့ချမှု ပြုလုပ်ထားကြောင်း သိရသည်။

''ဂျပန်ကနေ ကားတစ်စီးကို လေလံဆွဲမယ်ဆိုရင် အသုံးပြုထားတဲ့ ကီလိုမီတာများရင် လေလံဝယ်ယူရတဲ့ ဈေးနှုန်းကနည်းမယ်။ အသုံးပြုထားတဲ့ ကီလိုနည်းရင် လေလံဝယ်ယူရတဲ့ ဈေးနှုန်းများမယ်။ ဒါကြောင့် မြန်မာနိုင်ငံက မော်တော်ယာဉ် အရောင်းပြခန်း အများစုက မော်တော်ယာဉ်အကြောင်း မသိတဲ့လူတွေကို ကီလိုတွေများတဲ့ ကားတွေကို ယန်းဈေး နည်းနည်းနဲ့ဝယ်ပြီး မြန်မာနိုင်ငံကို သွင်းတယ်။ မြန်မာနိုင်ငံကို ရောက်တဲ့အခါ ကီလိုတွေလျှော့ပြီးရင် ကီလိုနည်းတဲ့ ကားအဖြစ် ရောင်းကြတော့ အဝယ်တွေက တန်ဖိုးကြီးကြီးနဲ့ ဝယ်ကြရတယ်။ အဲဒီလို လုပ်ပြီး အမြတ်များများတင် ရောင်းကြတာပေါ့။ ဒီလိုပုံစံနဲ့ ရန်ကုန်နဲ့ မန္တလေး က ကားအရောင်းပြခန်းတွေ အလုပ်ဖြစ်နေကြတာပါ'' ဟု တာမွေမြို့နယ် ကားအပို ပစ္စည်းဈေးရှိ ကားကီလို လျှော့ပေးသည့် ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်ပေးနေသူ တစ်ဦးက ပြောသည်။

မော်တော်ယာဉ်များကို ကီလိုလျှော့သည့်နေရာတွင် ယာဉ်တစ်စီး၏ မိုင်လစ်ခွက် နေရာများကိုဖြုတ်၍ ကီလိုနံပါတ်များကို စက်ဖြင့် နံပါတ် နောက်ပြန်ရစ်ပြီး လျှော့ချမှု ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ မော်တော်ယာဉ်များ ကီလို လျှော့ချပေးသည့် ဝန်ဆောင်မှုလုပ်ငန်းများမှ ယာဉ်တစ်စီးကို ကီလိုလျှော့ပေးလျှင် ဝန်ဆောင်ခ အနေဖြင့် ငွေကျပ်တစ်သောင်း ငါးထောင် ယူကြောင်းသိရသည်။

ရန်ကုန်မြို့ရှိ မော်တော်ယာဉ် အရောင်းပြခန်းအများစုမှာ တင်သွင်းလာသည့် လေလံယာဉ်များကို ကီလိုလျှော့ရာတွင် တစ်စီး၊ နှစ်စီးချင်း ပြုလုပ်ခြင်းမဟုတ်ဘဲ တစ်နေ့တည်း အစီး ၂ဝ၊ အစီး ၃ဝ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

 မန္တလေးမြို့ရှိ ကားအရောင်းပြ ခန်းအများစုမှာ မန္တလေးမြို့၌ ကားကီလိုလျှော့သည့် လုပ်ငန်းများ မတွင်ကျယ်သေးသောကြောင့် ရန်ကုန်မြို့သာ မိမိတို့ပြခန်းမှ တာဝန်ရှိသူများနှင့် တစ်ရက်လျှင် ကား အစီး ရေ ၁ဝ စီး၊ အစီး ၂ဝ ဆင်း၍ ကီလို လျှော့မှုများပြုလုပ်ပြီးမှ မန္တလေးမြို့ရှိ ယာဉ်အရောင်း ပြခန်းများသို့ ပြန်ယူရကြောင်း သိရသည်။

ယာဉ်များ ကီလိုလျှော့သည်နှင့် ဝန်ဆောင်မှု ပေးသူများမှာ လက်ရာသေသပ်သောကြောင့် သာမန်မျက်စိ နှင့် ကြည့်ရုံဖြင့် ကီလိုလျှော့ထားခြင်း ရှိ၊ မရှိကို မသိနိုင်ပေ။ ကား အရောင်းပြခန်းများမှ လေလံကားများကို ဝယ်ယူမည့်သူများသည် မိမိဝယ်မည့် ကားအမျိုးအစားနှင့် ထုတ်လုပ်သည့်ခုနှစ်ကို တွက်ချက်ပြီး ဝယ်ယူမည့်ကားမှာ ကီလို မည်မျှလောက် မောင်းနှင်ပြီး၊ မပြီးကို အနည်းဆုံးချိန်ဆ တွက်ချက်ပြီးမှသာ ဝယ်ယူသင့်ကြောင်း သိရသည်။

မင်းသော်တာလွင်
မြ၀တီ
https://www.facebook.com/mwdmedia?fref=nf


ယာဉ် အရောင်း ပြခန်း များ၌ ရောင်းချရန် ပြသ ထားသည့် ကားအချို့ ကီလို မီတာ လျှော့ချ မှုများ ပြုလုပ် ထားသဖြင့် စစ်ဆေး ပြီးမှသာ ဝယ်ယူ သင့် ယာဉ် အရောင်း ပြခန်း များ၌ ရောင်းချရန် ပြသ ထားသည့် ကားအချို့ ကီလို မီတာ လျှော့ချ မှုများ ပြုလုပ် ထားသဖြင့် စစ်ဆေး ပြီးမှသာ ဝယ်ယူ သင့် Reviewed by သစ်ထူးလွင် on 10:51 Rating: 5
Powered by Blogger.