တစ်ပတ်လည်တိမ်းမှောက်သော ယာဉ်က၀င်တိုက်သဖြင့် ကားပေါ်ရှိနေသူ သေဆုံး

လားရှိုး၊ သြဂုတ် (၂၅)

သြဂုတ်လ (၂၄) ရက်နေ့  နံနက် ၃နာရီခန့် တွင် လားရှိုးမြို့ မှ မန္တလေးဖက်သို့  အမျိုးသမီး တစ်ဦး မောင်းနှင်လာ သော ဟိုင်းအေ့စ်ယာဉ်တစ်စီးသည် လားရှိုးမြို့ မှ ထွက်ခွာလာပြီး မကြာမှီ တန့် ယန်းလမ်းခွဲ အနီးတွင် အရှိန်မထိန်း နိုင်တော့ဘဲ တိမ်းမှောက်ခဲ့ရာ ထိုစဉ်က ကားလမ်းမကြီးဘေး၌ ညအိပ်ရပ်နားထား သော (၁၂) ဘီးကား တစ်စီးကို ၀င်တိုက်မိရာ (၁၂)ဘီးယာဉ်ပေါ်တွင်ရှိနေသူတစ်ဦး သေဆုံးသွား ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ယာဉ်မောင်း နန်းတင်ရွှေ (၂၅) နှစ် (ဘ) ဦးအောင်ရွှေ၊ နတ်စောင်ရွာ၊ တောင်သာမြို့ နယ်၊ မန္တလေးတိုင်း ဒေသကြီးနေသူသည် ယာဉ်အမှတ် ၂က/ …. ဟိုင်းအေ့စ်အပြာကို မန္တလေးဖက်သို့ မောင်းနှင်လာစဉ် လားရှိုးမြို့  အကျော်၊ တန့် ယန်းလမ်းခွဲအရောက်၊ မိုင်တိုင် (၁၆၆/၃) အနီးတွင် အရှိန်မထိန်းနိုင်တော့ဘဲ ၀ဲဖက်သို့ တစ်ပတ်လှိမ့် သွားကာ လမ်းဘေးတွင် ညအိပ်ရပ်နားထားသော (၁၂)ဘီးယာဉ်အမှတ် ၂ဂ/…. ၏ နောက်ဝဲဖက်ခြမ်းအား ၀င်တိုက် မိကာ ရပ်တန့် သွားခဲ့သည်။

ဟိုင်းအေ့စ်ယာဉ်ဝင်တိုက်လိုက်သည့်အရှိန်ကြောင့် ထိုစဉ်က (၁၂) ဘီးယာဉ်ရှေ့ ခန်း တွင် ရှိနေသော မောင်ချစ်မိုးကိုကို (၂၃) နှစ် ကံသာယာမြို့ သစ်၊ ချမ်းမြသာစည်မြို့ နယ်နေသူသည် ပြင်ပ ဒဏ်ရာ မရှိပဲ မျက်လုံးနှစ်ဖက်မှ သွေးယိုစီးကျနေလျက် အခင်းဖြစ်ရာနေရာတွင်ပင် သေဆုံးသွားခြင်းဖြစ်သည်။ ဟိုင်းအေ့စ် ယာဉ်မောင်းတွင်မူ ဒဏ်ရာတစ်စုံတရာ ရရှိခဲ့ခြင်း မရှိပေ။
ထို့ ကြောင့် မိမိမောင်းနှင်သောမော်တော်ယာဉ်အား အရှိန်ပြင်းစွာမောင်းနှင်ပြီး ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကာ လူတစ်ဦးကို သေစေခဲ့သော မနန်းတင်ရွှေအား လားရှိုးမြို့  အမှတ် (၆၅) ယာဉ်ထိန်းရဲတပ်ဖွဲ့ မှ ရဲအုပ်စောဝင်းက အရေးယူပေးပါရန်တိုင်တန်းခဲ့ရာ လားရှိုးမြို့ မရဲစခန်းက မမစ ယာဉ် (ပ) ၃၇/၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က အရ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မန္တလေး-မူဆယ်အဝေးပြေးလမ်းမကြီးပေါ်တွင် မြေပြန့် ဒေသဖက်မှ မော်တော်ယာဉ်များကို မောင်းနှင်လာရာတွင် လမ်းကြောမကျွမ်းကျင်မှု၊ ယာဉ်ကြံ့ခိုင်ရေးအားနဲမှု၊ ယာဉ်မောင်းပင်ပန်းနွမ်းနယ်အိပ်ငိုက်မှုတို့ ကြောင့် ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှုများ ဖြစ်ပွားလေ့ရှိပြီး လူ့ အသက်ဆုံးရှုံးမှုများလည်း ရှိနေပြီး လားရှိုးခရိုင် ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်း ကြီးကြပ်ရေးကော်မတီကလည်း အဝေးပြေးကုန်တင်ယာဉ်ကြီးများ လားရှိုးမြို့ တွင်းလမ်းမများတွင် ညအိပ်မရပ်နားစေရေး ကြပ်မတ်ဆောင်ရွက်နေသည်။ ယခုအခင်းဖြစ်ပွားရာ တန့် ယန်းလမ်းဆုံသည် လမ်းအနေ အထား ကျယ်ပြန့် ပြီး ကုန်တင်ယာဉ်ကြီးများ ပုံမှန်ညအိပ်ရပ်နားလေ့ရှိကြောင်း သိရသည်။

သမန်းကျား
Lashio News Diary
https://www.facebook.com/lashio.news.city?fref=nf


တစ်ပတ်လည်တိမ်းမှောက်သော ယာဉ်က၀င်တိုက်သဖြင့် ကားပေါ်ရှိနေသူ သေဆုံး တစ်ပတ်လည်တိမ်းမှောက်သော ယာဉ်က၀င်တိုက်သဖြင့် ကားပေါ်ရှိနေသူ သေဆုံး Reviewed by သစ်ထူးလွင် on 20:48 Rating: 5
Powered by Blogger.