ကျောက်တံခါးမြို့နယ်တွင် တုတ်နှင့် ရိုက်ပြီး စက်လှေ တစ်စင်းနှင့် ငွေများ လုယူ ထွက်ပြေးမှု ဖြစ်ပွား

 ပဲခူးတိုင်း ဒေသကြီး ကျောက်တံခါး မြို့နယ် ပဒိုနယ်မြေ ရဲစခန်းအပိုင် ရဲစခန်း၏ အနောက်ဘက် ၂၅ မိုင်ခန့်အကွာ ပဲခူးရိုးမ တောင်ပေါ် ဘိုင်းဒါးချောင်း ဖျား တဲတိုက်တွင် တူမီးသေနတ် နှင့်ပစ်၊ ဓား နှင့်မွှန်း၊ တုတ် နှင့်ရိုက်၍ လုယက်မှု တစ်ခုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဇူလိုင် ၂၄ ရက် နံနက် ၁ဝ နာရီ ခန့်က ပဲခူးရိုးမတောင်ပေါ် ဘိုင်းဒါးချောင်း ဖျားတဲတိုက်တွင် နေထိုင်သော ဦးဖိုးချို ၄၈နှစ် (ဘ) ဦးကောက် တောင်ယာ လုပ် (ယခင်ဆယ့်လေးရွာ နေသူ)နှင့် ဇနီးဖြစ်သူ ဒေါ်ဌေးဝင်း ၄၅ နှစ်(ဘ) ဦးတင်လှတို့သည် ၎င်းတို့ထံ ခေတ္တလာလည်သည့် ဘိုင်းဒါးရွာနေ ကိုဌေးအောင်၊ ကိုစိန်ကြီး၊ ကိုသက်နိုင်လင်း၊ ဒေါ်အေးသန်းတို့ နှင့်အတူ ရှိနေကြစဉ် ယခင်က သိကျွမ်း ခင်မင်သူ အောင်ဆန်း ၄၅နှစ် (ဘ) ဦးတင်အောင် ကျပန်းလုပ်၊ ကင်မွန်းခြုံရွာ ညောင်လေး ပင် မြို့နယ် နေသူနှင့် သက်ထွန်း ၄ဝ နှစ် (ဘ) ဦးတင်အောင် ကင်မွန်းခြုံရွာ ညောင်လေးပင်မြို့နယ်နေသူတို့ နှစ်ဦးရောက် ရှိလာပြီး ဦးဖိုးချိုထံမှ ငွေချေးရာ ၎င်းတို့လို သလောက် မချေးပေးနိုင်ကြောင်း ပြောသဖြင့် အောင်ဆန်းမှ ဦးဖိုးချိုအား လက်သီးနှင့် ရင်ဝသို့ နှစ်ချက်ထိုးရာ လဲကျသွားစဉ် သက်ထွန်းမှ အသင့်ပါလာသော အရိုး အသွား ၁၂လက်မခန့်ရှိ ဓားဦးချွန်နှင့် လှီးသဖြင့် ဦးခေါင်းငယ် ထိပ်တွင် နှစ်လက်မခန့် ပြတ်ရှ ဒဏ်ရာ လေးချက်နှင့် ဝဲဘက်နံဘေး ပြတ်ရှ ဒဏ်ရာ နှစ်ချက်၊ ယာခြေသလုံး ပြတ်ရှဒဏ်ရာများရရှိအောင် ပြုလုပ်ခဲ့ပြီး တဲပေါ်ရှိ ပိုက်ဖျာအောက်တွင် ထားရှိသော ငွေစက္ကူရောရာ ငွေကျပ် ၆၃ဝဝဝဝနှင့် ဘိုင်းဒါးချောင်း အတွင်း ထားရှိသော တန်ဖိုးငွေကျပ် ၄ဝဝဝဝဝ ခန့်ရှိ ဦးဖိုးချို၏ စက်လှေတစ်စင်း တို့ကို ယူဆောင် သွားခဲ့သည်။ မိနစ် ၃ဝခန့်အကြာတွင် ယင်းစက်လှေဖြင့် အောင်ဆန်းနှင့် သက်ထွန်းတို့ ထပ်မံရောက်ရှိ လာပြီး တူမီးသေနတ်ဖြင့် ပစ်ရာ ကျည်မထွက်သဖြင့် ဝါးရင်း တုတ်ဖြင့် ဦးဖိုးချိုကို လေးငါးချက်ရိုက်၍ မည်သူမှတိုင်ကြားခြင်း မပြုရန် ပြောပြီး စက်လှေဖြင့် ပြန်ထွက်သွားသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဦးဖိုးချို၏ဇနီး ဒေါ်ဌေးဝင်းက ဇူလိုင် ၂၇ရက် ည ၆နာရီ ၄၅မိနစ်က ပဒိုရဲစခန်းသို့ လာရောက် တိုင်ကြားခဲ့ပြီး ဒဏ်ရာရရှိသူ ဦးဖိုးချိုမှာ ပဒို တိုက်နယ် ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိသည်။

အမှုအား ပဒိုနယ်မြေရဲစခန်း(ပ)၉၉/ ၂ဝ၁၄၊ ပြစ်မှုပုဒ်မ ၃၂၅/၃၂၆/၃၈၆ ဖြင့် အမှုဖွင့်၍ တရားခံများကို အမြန်ဆုံး ဖမ်းဆီး နိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ခင်ကို(ကျောက်တံခါး)
မြ၀တီ
https://www.facebook.com/mwdmedia?fref=nf


ကျောက်တံခါးမြို့နယ်တွင် တုတ်နှင့် ရိုက်ပြီး စက်လှေ တစ်စင်းနှင့် ငွေများ လုယူ ထွက်ပြေးမှု ဖြစ်ပွား  ကျောက်တံခါးမြို့နယ်တွင် တုတ်နှင့် ရိုက်ပြီး စက်လှေ တစ်စင်းနှင့် ငွေများ လုယူ ထွက်ပြေးမှု ဖြစ်ပွား Reviewed by သစ်ထူးလွင် on 09:31 Rating: 5
Powered by Blogger.