မလေးရှားနယ်စပ်ရှိ အလုပ်သမား ၂၆ ဦး လုပ်ခမရ၍ သစ်ရွက်ပြုတ်စားနေကြရ သည်ဟုဆို

စတွန် ဇူလိုင် ၁၇

 မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံ နယ်စပ်ကြားရှိ ပန်းရန်လုပ်ငန်းခွင် တစ်ခုသို့ ရန်ကုန်မြို့ရှိ------- ကုမ္ပဏီမှ ပို့ဆောင်ထားသော MoU အလုပ်သမား ၂၆ ဦးမှာ စားစရာမရှိ ၍ ဘောစကိုင်းရွက်များကို ပြုတ်စား နေရသည်ဟု အလုပ်သမားများက ပြောဆိုကြောင်း ဇူလိုင် ၁၆ ရက် ညပိုင်းက ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများအဖွဲ့ (Myanmar Association Thialand) မှ ဆက်သွယ် ပြောကြားချက်အရ သိရသည်။

ထိုင်းနိုင်ငံနယ်စပ်အပိုင် စတွန် မြို့နယ် ပန်းရန်ဆိုက်တစ်ခုမှ MoU အလုပ်သမား ၂၆ ဦး တို့အား လုပ်အားခ တစ်လစာ ထုတ်မပေးသဖြင့် အနီးအနားတွင်ရှိသော ကန်စွန်းရွက်နှင့် သင်္ဘောသီးတို့ကို ခူးစား ခဲ့ကြရကြောင်း၊ ကန်စွန်းရွက်နှင့်သင်္ဘောသီးများလည်း ကုန်သွားပြီးနောက် ဘောစကိုင်းရွက်များကိုပြုတ်စားနေရကြောင်း မြန်မာအလုပ်သမားတစ်ဦးက ပြောခဲ့ကြောင်း သိရသည်။ “ကျွန်တော်တို့ကို ရန်ကုန်က--- ကုမ္ပဏီက ပို့တာပါ။ အဲဒီ ထိုင်းနယ်စပ် စတွန်မြို့နယ်ကနေ မလေးရှား ကို ကားစီးသွားရင် တစ်နာရီကျော် ဆိုရင် ရောက်တဲ့နေရာမှာ လက်ရှိကျွန်တော်တို့ ဒုက္ခရောက်နေကြတာပါ။ တစ်နှစ်အတွင်းမှာ ကျွန်တော် တို့ဆီက ထိုင်းဘတ် ၁၉၁၅၂ ဘတ်ဖြတ်ထားပြီးပါပြီ။ ပတ်စ်ပို့ကိုလည်းထိုင်းနိုင်ငံကို ရောက်ကတည်းက မကိုင်ဖူးဘူး။ လုပ်အားခရှင်း မပေးတာ တစ်လကျော်လာပြီ။ ကျွန်တော်တို့မှာ စားစရာမရှိလို့ အနီးအနားမှာ စားလို့ ရတဲ့အသီးအရွက်တွေ အကုန်ခူးစားနေကြတာ။ မြက်ပဲကျန်တော့တယ်၊ သောက်ရေဆိုတာလည်း ပိုက်လုံးက လာတဲ့ရေတွေကိုပဲ သောက်နေရတာ” ဟု မြန်မာအလုပ်သမားတစ်ဦးကMAT အဖွဲ့သို့ တိုင်တန်းခဲ့သည်။

ဇူလိုင် ၁၆ ရက် နံနက်ပိုင်းတွင် ဗန်ကောက်ရှိ မြန်မာအလုပ်သမား သံအရာရှိက အဆိုပါ----ကုမ္ပဏီအား အကြောင်းကြားထားပြီဖြစ်ကြောင်း ပြောကြားသည်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်းက “MoU နဲ့ တင်သွင်းတဲ့ ကုမ္ပဏီတွေ အတော်များများ စည်းကမ်းပျက်တာတွေ၊ လူကုန်ကူးသလိုဖြစ်တဲ့ ပြဿနာတွေ နေ့တိုင်း ရှင်း မကုန်ပါဘူး။ သတ်မှတ်တဲ့ စည်းကမ်းချက်နဲ့ညီအောင်လုပ်နေတဲ့ ကုမ္ပဏီက အလွန်နည်းပါတယ်။ ဒီကုမ္ပဏီက မြန်မာနိုင်ငံမှာ အလုပ်သမားတစ်ဦးစီဆီက ငွေကျပ် ၃၅၀၀၀၀ ယူထား လိုက်တဲ့အပြင် ထိုင်းဘတ်ကလည်း ၂၀၀၀၀ နီးပါး ဖြတ်တောက်ကြတယ်၊ အဆိုးဆုံးကတော့ မြန်မာအစိုးရက အလုပ်သမားတင်သွင်းဖို့ လုံးဝတားမြစ်ထားတဲ့ မလေးရှားနယ်စပ်ကိုပို့တာပါပဲ” ဟု ပြောကြားသည်။

အဆိုပါ------- ကုမ္ပဏီသည် ၂၀၁၃ ခုနှစ် ဇူလိုင် ၁၆ ရက်က မြ၀တီမြို့ ကျောက်လုံးကြီးစခန်းတွင် စာချုပ်ချုပ်ဆို၍ အလုပ်သမား ၄၂ ဦးကို မလေးရှားနယ်စပ်သို့ ပို့ဆောင် ခဲ့ခြင်းဖြစ်ကြောင်း၊ အတူတူလာသည့် အခြားအလုပ်သမား ၁၆ ဦးကို မည်သည့်နေရာသို့ ပို့ဆောင်ထားသည်ကို မသိရသေးကြောင်း အလုပ်သမား တစ်ဦးက ပြောသည်။

ထိုင်းနှင့် မြန်မာတို့ ၂၀၀၉ ခုနှစ်က စတင်အကောင်အထည်ဖော်သည့် MoU အလုပ်သမား တင်သွင်းသည့် စည်းကမ်းချက်တွင် အလုပ်သမားတစ်ဦးစီထံမှ မြန်မာနိုင်ငံတွင် ငွေကျပ် ၁၀၀၀၀၀ နှင့် ထိုင်းနိုင်ငံဘက် တွင် ဘတ်ငွေ ၁၀၀၀၀ သာ ဖြတ်ရမည်ဟု သတ်မှတ်ထားသည်။ ထို့အပြင် မိမိတို့တင်ပို့ထားသည့် အလုပ် သမားများ မည်သည့်နေရာတွင်ရှိသည်ကို ပို့ဆောင်သည့် အေဂျင်စီကသိရှိရမည်ဟုလည်း ပါရှိသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar

ထိုင်းနိုင်ငံမှ ပန်းရန်လုပ်ငန်းခွင်

မလေးရှားနယ်စပ်ရှိ အလုပ်သမား ၂၆ ဦး လုပ်ခမရ၍ သစ်ရွက်ပြုတ်စားနေကြရ သည်ဟုဆို  မလေးရှားနယ်စပ်ရှိ အလုပ်သမား ၂၆ ဦး လုပ်ခမရ၍ သစ်ရွက်ပြုတ်စားနေကြရ သည်ဟုဆို Reviewed by သစ်ထူးလွင် on 09:01 Rating: 5
Powered by Blogger.