မီးနီ၍ ရပ်စောင့် နေသော ယာဉ်ကို တိုက်မိပြီး မောင်းနှင် ထွက်ပြေးစဉ် အခြား ယာဉ်များကို ဆက်လက်တိုက်မိ

 ရန်ကုန်၊ ဇူလိုင် ၂၉

 ၂၈.၇.၂၀၁၄ ရက်နေ့ ၀၃၃၀ အချိန် ဗဟန်းမြို့နယ်၊ ဦးချစ်မောင်လမ်းအတိုင်း တာမွေအဝိုင်းဘက်မှ ရန်ကင်းဘက်သို့ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်နေ ယာဉ်မောင်း အောင်သက် မောင်းနှင်လာသော ၃စ/---မာစတာဒီမီယိုဆလွန်း ကိုယ်ပိုင်ယာဉ်သည် ဆရာစံလမ်းဆုံ မီးပွိုင့်အရောက် မီးနီ၍ ရပ်နေသော DD--- ပရိုဘောက်အဖြူရောင် အငှားယာဉ်ကို တိုက်မိပြီး ယာဘက်သို့ချိုးကွေ့ကာ ဆရာစံလမ်းအတိုင်း မောင်းနှင်ထွက်ပြေးစဉ် ရန်ကင်းစင်တာရှေ့အရောက် လမ်း၏ယာဘက်တွင် ရပ်ထားသော 2H---တိုယိုတာဗင်ကို ပိုင်ယာဉ်အား ဆက်လက်တိုက်မိခဲ့ပါသည်။

ထိုသို့တိုက်မိပြီး ဘောဂလမ်းအတွင်းသို့ မောင်းနှင်ပြီးထွက်ပြေးစဉ် လမ်းအတွင်း ရပ်ထားသော AA---ပရီမီယိုဆလွန်းအငှားယာဉ်၊ ၄စ/--- ဟွန်ဒါဖစ်ခဲရောင် ကိုယ်ပိုင်ယာဉ်တို့အား တိုက်မိပြီး နောက်ဆုတ် မောင်းနှင်စဉ် RA---ကိုရိုလာဗင်အငှားယာဉ်နှင့် CC--ကယ်ဒီနားအငှားယာဉ်တို့ကို ထပ်မံတိုက်မိခဲ့ရာ RA--- ကိုရိုလာဗင်အငှားယာဉ်မှာ အတိုက်ခံရသည့်အရှိန်ကြောင့် လမ်းညွှန်ဆိုင်ဘုတ်ကို ဆက်လက်တိုက်မိခဲ့ပါသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်(၇)စီးနှင့် လမ်းညွှန်ဆိုင်းဘုတ်တို့ပျက်စီးသွားခဲ့ပြီး ၃စ/--- ယာဉ်မောင်းဖြစ်သူ အောင်သက်တွင် နှာခေါင်းဖူးရောင်ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ် တင်ပို့ကုသခဲ့ ရပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ အောင်သက်အား ဗဟန်းမြို့မရဲစခန်း ယာဉ်(ပ)၇၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၈/၂၇၉ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice



မီးနီ၍ ရပ်စောင့် နေသော ယာဉ်ကို တိုက်မိပြီး မောင်းနှင် ထွက်ပြေးစဉ် အခြား ယာဉ်များကို ဆက်လက်တိုက်မိ  မီးနီ၍ ရပ်စောင့် နေသော ယာဉ်ကို တိုက်မိပြီး မောင်းနှင် ထွက်ပြေးစဉ် အခြား ယာဉ်များကို ဆက်လက်တိုက်မိ Reviewed by သစ်ထူးလွင် on 17:26 Rating: 5
Powered by Blogger.