ဝင်ငွေနည်းသူများအတွက် ရွှေလင်ပန်းအိမ်ရာ တိုက်ခန်းများစတင်ရောင်းပြီ

 ရန်ကုန် ဇူလိုင် ၂၃

 ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ပန်း တန်ဖိုးနည်း အိမ်ရာစီမံကိန်းရှိ တိုက်ခန်းများ ဆောက်လုပ်ပြီးသွားပြီဖြစ်၍ ပြည်သူများ ဝယ်ယူနိုင်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဇူလိုင် ၃၁ ရက် နောက်ဆုံးထားပြီး စာတိုက်မှ တစ်ဆင့် လျှောက်ထားရန် သက်ဆိုင်ရာက နှိုးဆော်ချက် ထုတ်ပြန်ထားသည်။

အဆိုပါ စီမံကိန်းတွင် တစ်ခန်းလျှင် ၄၆၈ စတုရန်းပေစီရှိသော ခြောက်ခန်းတွဲ လေးထပ်တိုက် (Steel Structure) Hall Type ၁၈ လုံး၊ ခြောက်ခန်းတွဲ လေးထပ် (RCC Structure) Hall Type ခြောက်လုံး၊ စုစုပေါင်း ၂၄ လုံး၊ အခန်းပေါင်း ၅၇၆ ခန်းကို တည်ဆောက် ပြီးစီးသွား ပြီဖြစ်သည်။ ယင်းတိုက် ခန်းများကို အရစ်ကျငွေချေစနစ်ဖြင့် လည်းကောင်း၊ ဘဏ်ချေးငွေစနစ်ဖြင့်လည်းကောင်း ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

တိုက်ခန်းတန်ဖိုးမှာ ခြောက်ခန်း တွဲ လေးထပ် (Steel Stracture) တွင် မြေညီထပ် ငွေကျပ် သိန်း ၁၂၀၊ ပထမထပ် ၁၁၅ သိန်း၊ ဒုတိယထပ် ၁၁၃ သိန်းနှင့် တတိယထပ် သိန်း ၁၁၀ သတ်မှတ်ထားသည်။ ခြောက်ခန်း တွဲ လေးထပ် (RCC Structure) တွင် မြေညီထပ် ငွေကျပ် ၁၂၅ သိန်း၊ ပထမထပ် ၁၂၂ သိန်း၊ ဒုတိယထပ် ၁၁၉ သိန်း နှင့် တတိယ ထပ် ၁၁၆ သိန်း သတ်မှတ်ထားသည်။ တိုက်ခန်း ဝယ်ယူရန် လျှောက်ထားသူများ သည် ပြည်ထောင်စုမြန်မာနိုင်ငံသား ဖြစ်ရမည်ဖြစ်ပြီး အသက် ၂၅ နှစ်ထက် မငယ်သူဖြစ်ရမည် ဖြစ်ကြောင်း၊ လစဉ် မိသားစုဝင်ငွေ စုစုပေါင်း ငွေကျပ်သုံးသိန်းရှိရမည် ဖြစ်ကြောင်း၊ ဝင်ငွေမှာလည်း ကျပ်ခုနစ်သိန်းထက်မကျော်လွန်ရကြောင်း ဖော်ပြထားသည်။

အဆိုပါ တိုက်ခန်းများကို နိုင်ငံ့ဝန်ထမ်းများ၊ ဝင်ငွေနည်း မိသားစုများ၊ အငြိမ်းစားဝန်ထမ်း များနှင့် ကုမ္ပဏီဝန်ထမ်းများကို ဦးစားပေး ရောင်းချသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကြေညာချက်တွင် ဖော်ပြထားချက်အရ သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar?fref=nf


ဝင်ငွေနည်းသူများအတွက် ရွှေလင်ပန်းအိမ်ရာ တိုက်ခန်းများစတင်ရောင်းပြီ   ဝင်ငွေနည်းသူများအတွက် ရွှေလင်ပန်းအိမ်ရာ တိုက်ခန်းများစတင်ရောင်းပြီ Reviewed by သစ်ထူးလွင် on 09:27 Rating: 5
Powered by Blogger.