ဇနီးဖြစ်သူက အကျဉ်းထောင်အတွင်းရှိခင်ပွန်းထံ စိတ်ကြွရူးသွပ်ဆေးပြား ပေးပို့ရန်ကြိုးပမ်းစဉ် ဖမ်းဆီးခံရ

 ဘားအံ ဇူလိုင် ၃ဝ

 ကရင်ပြည်နယ် ဘားအံ အကျဉ်းထောင်၌ မူးယစ် ဆေးဝါးမှုဖြင့် အချုပ်ခံ နေရသော ခင်ပွန်းဖြစ်သူထံသို့ ၎င်း၏ ဇနီးဖြစ်သူက စိတ်ကြွရူးသွပ်မူးယစ် ဆေးပြား ပေးပို့ရန် ကြိုးပမ်းစဉ် ဇူလိုင် ၂၆ ရက် နံနက် ၁ဝ နာရီ ၁၅ မိနစ်က ဘားအံ အကျဉ်းထောင် တာဝန်ကျ ဝန်ထမ်းများနှင့် ကရင်ပြည်နယ်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း ဖော်ထုတ် ဖမ်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးအမှု ဖြင့်အချုပ်ခံနေရသူ နိုင်နိုင်အေး(၃၃နှစ်) မြိုင်ကလေး ဘိလပ်မြေစက်ရုံကားဝင်းနေသူထံသို့ ၎င်း၏ဇနီးဖြစ်သူ မဝါဝါအောင်(ခ)မယဉ်ယဉ်အေး(၃၆နှစ်)မှ ဧည့်တွေ့လာရောက်စဉ် ၎င်းသယ်ဆောင်လာသော ပန်းရောင်လက်ဆွဲခြင်းအတွင်း ကော်ဖီမစ်၊ မုန့်ထုပ်များ ယူဆောင်လာမှုအပေါ် မသင်္ကာဖွယ်တွေ့ရှိရသဖြင့် တာဝန်ကျ ကြီးကြပ်ရေးမှူး ဦးတင့်လွင်၊ ဘားအံအကျဉ်းထောင်တံခါးမကြီး ရှာဖွေရေး တာဝန်ကျ တပ်ကြပ်သိန်းထွန်းလွင်တို့က ဖွင့်ဖောက်စစ်ဆေးခဲ့ရာ Fun-O ယိုးဒယား ကွတ်ကီးမုန့်ထုပ်အတွင်း ပလပ်စတစ်အိတ်ဖြင့် ထည့်လျက် WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၅၇ ပြား၊ အလေးချိန် ၅ဒသမ ၇ ဂရမ်၊ ၁ ပြားလျှင် ဒေသတန်ဖိုး ငွေကျပ် ၃ဝဝဝ နှုန်းဖြင့် စုစုပေါင်း တန်ဖိုးငွေကျပ် ၁၉၉၅ဝဝ တွေ့ရှိခဲ့သဖြင့် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။

အမှုဖြစ်စဉ်နှင့်ပတ်သက်၍ စိတ်ကြွဆေးပြားများကို အကျဉ်းထောင် အတွင်းသို့သယ်ဆောင်တင်သွင်းခဲ့သူ မဝါဝါအောင်(ခ)မယဉ်ယဉ်အေးအား ဘားအံမြို့မရဲစခန်းက အမှုဖွင့်လှစ်ခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိ ရေးဆောင်ရွက်ခဲ့သည်။ ဆက်လက်၍ အကျဉ်းထောင်အတွင်း
WY စိတ်ကြွဆေးပြားများ သယ်ဆောင်လာသူ မဝါဝါ အောင်(ခ)မယဉ်ယဉ်အေးအား စစ်ဆေးရာ ၎င်းဆေးပြားများအား ခင်ပွန်းဖြစ်သူ၏ သူငယ်ချင်းဖြစ်သော ဥာဏ်လင်း (၂၈)နှစ် ဆိုသူက ဇူလိုင်၂၆ ရက် နံနက် ၉ နာရီက မဝါဝါအောင်(ခ)မယဉ်ယဉ်အေးအား ဘားအံအကျဉ်းထောင်ရှိ ခင်ပွန်းဖြစ်သူထံဧည့်တွေ့ လာရောက်စဉ် ထောင်ရှေ့လမ်းမတွင် ဆေးပြားပါသော မုန့်ထုပ်အားလာပေး၍ ယူလာရခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ရာ ဘားအံမြို့မရဲစခန်းက ပြစ်မှုကျူးလွန်သူအဖြစ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းထွေး(ဘားအံ)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS


ဇနီးဖြစ်သူက အကျဉ်းထောင်အတွင်းရှိခင်ပွန်းထံ စိတ်ကြွရူးသွပ်ဆေးပြား ပေးပို့ရန်ကြိုးပမ်းစဉ် ဖမ်းဆီးခံရ  ဇနီးဖြစ်သူက အကျဉ်းထောင်အတွင်းရှိခင်ပွန်းထံ စိတ်ကြွရူးသွပ်ဆေးပြား ပေးပို့ရန်ကြိုးပမ်းစဉ် ဖမ်းဆီးခံရ Reviewed by သစ်ထူးလွင် on 14:25 Rating: 5
Powered by Blogger.