မိခင်ကို နှိပ်စက်သည်ဟု ဆိုကာ သားဖြစ်သူက ဖခင်ကိုသတ်၍ အလောင်းဖျောက်ဖျက်

 တန့်ဆည် ၊ ၂၁-၇-၂၀၁၄

 စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည် မြို့နယ် ကာပေါင်းကျ ကျေးရွာ၏ တောင်ဘက် တစ်မိုင်ခန့် အကွာ၊ တောင်ကုန်ကြီး ကွင်းအတွင်း ရှိ ဦးမြင့်ကို ၏ တဲအရှေ့ဘက် (၁၈) တောင်ခန့် အကွာနေရာ ၌ ဇူလိုင် ၁၈ ရက် နံနက် ၁ဝ နာရီခွဲက လူသေ အလောင်း တစ်လောင်း မြေမြှုပ်နှံ ထားကြောင်း ကာပေါင်းကျ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဖိုးအောင် က တန့်ဆည် မြို့မရဲစခန်း သို့ ဆက်သွယ် အကြောင်းကြား ခဲ့သည် ဟု သိရသည်။

ထို့ကြောင့် တန့်ဆည်မြို့မ ရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင် များသည် လူသေ အလောင်း မြှုပ်နှံထားရာ အရပ်သို့ သွားရောက်၍ စစ်ဆေး ခဲ့ကြသည်။ ရဲတပ်ဖွဲ့ဝင် များ၏ စစ်ဆေး ပေါ်ပေါက်ချက် များအရ သေဆုံးသူမှာ ဦးဖိုးလုံး (ဘ) ဦးထွန်းပေါ တန့်ဆည်မြို့နယ်၊ တံပိုကျေးရွာ အုပ်စု၊ နှမ်းခင်းကြီး ကျေးရွာနေသူ ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တောတဲပိုင်ရှင် ဦးမြင့်ကို က သေဆုံးသူ ဦးဖိုးလုံး၊ ၄င်း၏ ဇနီးဖြစ်သူ ဒေါ်မိအေး (ခ) ကြည်ရေး နှင့် သားဖြစ်သူ ဇော်မင်းထွန်း (ခ) ငပိန် သားအမိ၊ သားအဖ သုံးဦးအား တောတဲတွင် သစ်ငုတ်တိုများ တူးဖော်ရန် လွန်ခဲ့သည့် ရက်အနည်း ခန့်က ခိုင်းစေခဲ့ခြင်း ဖြစ်သော်လည်း ၄င်း တို့သည် သစ်ငုတ်တိုများ တူးဖော်ခြင်း မရှိဘဲ၊ ၄င်းတို့ သားအမိ၊ သားအဖ သုံးယောက် စလုံးမှာ တဲတွင်မရှိဘဲ ပျောက်ဆုံး နေခဲ့သည်။ ထို့ကြောင့် တဲပိုင်ရှင် ဦးမြင့်ကို က နှမ်းခင်းကြီး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဖိုးထူး ၏ နေအိမ်သို့ အကြောင်းကြား ခဲ့သည်။

ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး က ဆင့်ခေါ်ရာ ဒေါ်မိအေး (ခ) ကြည်ရေး နှင့် သားဖြစ်သူ ဇော်မင်းထွန်း (ခ) ငပိန် သားအမိ နှစ်ယောက်ကို တွေ့ရှိခဲ့ရပြီး ဦးဖိုးလုံးကို မတွေ့ရှိခဲ့ ရသည့် အတွက် စစ်ဆေး မေးမြန်းခဲ့ရာ ဇူလိုင် ၅ ရက်နေ့ မွန်းလွဲ ၁နာရီ က ဇော်မင်းထွန်း (ခ) ငပိန်ဆိုသူက ဖခင်ဖြစ်သူ ဦးဖိုးလုံး သည် မိခင် ဖြစ်သူ ဒေါ်မိအေး (ခ) ကြည်ရေး ကို နှိပ်စက်မှုများ ပြုလုပ် နေသဖြင့် ဖခင် ဖြစ်သူ ဦးဖိုးလုံး၏ နောက်ကျောဘက် နေရာကို ထန်းလှီးဓားချွန် ဖြင့် ထိုးသွင်းလိုက်ရာ ဦးဖိုးလုံး၏ ပါးစပ်မှ သွေးများ ယိုစီး ကျလာပြီး ထိုနေရာတွင် သေဆုံး သွားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် သေဆုံးသွားသည့် ဖခင်ဖြစ်သူ ဦးဖိုးလုံး၏ အလောင်းကို ဦးမြင့်ကို၏ တဲအနီးတွင် မြှုပ်နှံ ထားခဲ့ခြင်း ဖြစ်သည်ဟု ဇော်မင်းထွန်း (ခ) ငပိန် ဆိုသူက သက်ဆိုင်ရာ ၏ စစ်ဆေး မေးမြန်းချက် များအပေါ် ထွက်ဆိုသဖြင့် ကာပေါင်းကျ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဖိုးအောင် က တရားဥပဒေ အရ အရေးယူ ဆောင်ရွက်ပေးရန် တန့်ဆည် မြို့မရဲစခန်း တွင် တရားလို ပြုလုပ်၍ တိုင်တန်းခဲ့ရာ ရဲစခန်းက ပြစ်မှုကြီး ဖြစ်စဉ်အမှတ် ၄/၂ဝ၁၄ (ပ)၄၄/ ၂ဝ၁၄ ပြစ်မှုပုဒ်မ ၃ဝ၂/၂ဝ၁ တို့အရ အမှုဖွင့် လက်ခံ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ (၁၅၄)

#PyiChitThar
http://pyichit-thar.blogspot.com/2014/07/blog-post_8316.html


မိခင်ကို နှိပ်စက်သည်ဟု ဆိုကာ သားဖြစ်သူက ဖခင်ကိုသတ်၍ အလောင်းဖျောက်ဖျက်  မိခင်ကို နှိပ်စက်သည်ဟု ဆိုကာ သားဖြစ်သူက ဖခင်ကိုသတ်၍ အလောင်းဖျောက်ဖျက် Reviewed by သစ်ထူးလွင် on 19:06 Rating: 5
Powered by Blogger.