မြန်မာအိမ်အကူကို အကြမ်းဖက်သည့် အလုပ်ရှင်ကို စင်ကာပူတွင်တရားစွဲ

 စင်ကာပူနိုင်ငံတွင် အလုပ်လုပ်နေသည့် မြန်မာနှင့် အင်ဒိုနီးရှား အိမ်အကူ နှစ်ဦးကို အကြမ်းဖက်ခဲ့သည့် အလုပ်ရှင် ဇနီးမောင်နှံကို ဇွန်လ ၁၂ ရက်နေ့က စွဲချက် ၃၂ ခုဖြင့် တရားစွဲဆို လိုက်ကြောင်း အဆိုပါနိုင်ငံ အခြေစိုက် The Straits Times သတင်းဌာနတွင် ဖော်ပြသည်။

အဆိုပါ အလုပ်ရှင် ဇနီးမောင်နှံက အသက် ၂၅ နှစ်အရွယ် မြန်မာနိုင်ငံသူ ဒေါ်မိုးမိုးသန်းနှင့် အင်ဒိုနီးရှား အိမ်အကူတို့ကို အန်ဖတ်များကို ပြန်စားခိုင်းခြင်း၊ အဝတ်အစားများကို ချွတ်ခိုင်းကာ ဓာတ်ပုံ ရိုက်ခြင်း၊ အမျိုးသားဖြစ်သူက အချက်ပေါင်းများစွာ ရိုက်နှက်မှုများပြုခြင်း စသည်တို့ကို ၂၀၁၂ ခုနှစ်က ကျူးလွန်ခဲ့သည်ဟုဆိုကာ ယင်းသို့ စွဲချက်တင်ခြင်း ဖြစ်ကြောင်း အဆိုပါ သတင်းတွင် ပါရှိသည်။

အိုင်တီ မန်နေဂျာဖြစ်သူ Tay Wee Kiat ကို စွဲချက် ၂၁ ခုဖြင့် တရားစွဲ ဆိုထားပြီး ၎င်း၏ဇနီး အရောင်း မန်နေဂျာ Chia Yun Ling ကို စွဲချက် ၁၁ ခုဖြင့် တရားစွဲဆိုထားသည်။

အိမ်အကူနှစ်ဦးကို အပြန်အလှန် ပါးရိုက်ခိုင်းခြင်း၊ ကြိမ်လုံး၊ သံချိတ်၊ ဝါးတူများနှင့် ရိုက်နှက်ခြင်း၊ ဆံပင်ဆွဲ၍ ကြမ်းပြင်ပေါ်လှဲကာ ဝမ်းဗိုက်ကို တက်နင်းခြင်း ပြုလုပ်ခဲ့ပြီး အဆိုးဝါးဆုံး လုပ်ရပ်မှာ အိမ်အကူနှစ်ဦးကို သကြားများ အတင်းကျွေးခဲ့ပြီး မစားနိုင်၍ အန်ထုတ်သည့် အန်ဖတ်များကို ပြန်စားခိုင်ကြောင်း The Straits Times သတင်းဌာနတွင် ဖော်ပြထားသည်။

စင်ကာပူတွင် မြန်မာအိမ်အကူ ၂၅,၀၀၀ မှ ၃၀,၀၀၀ ဝန်းကျင် ရှိကြောင်း စင်ကာပူ သတင်းများတွင် ဖော်ပြသည်။

The Voice Weekly

http://www.thevoicemyanmar.com/index.php/news/item/521-me




မြန်မာအိမ်အကူကို အကြမ်းဖက်သည့် အလုပ်ရှင်ကို စင်ကာပူတွင်တရားစွဲ  မြန်မာအိမ်အကူကို အကြမ်းဖက်သည့် အလုပ်ရှင်ကို စင်ကာပူတွင်တရားစွဲ Reviewed by သစ်ထူးလွင် on 09:59 Rating: 5
Powered by Blogger.