တည်းခိုခန်းဝင်ပြီး ပွဲကြမ်းခဲ့သည့် ဗိုလ်ကြီးနှစ်ဦးအမှု ရဲစခန်းမရောက်ဘဲ ကျေအေး

 ဂွမြို့နယ်ရှိ တည်းခိုခန်း တစ်ခုတွင် အခန်းငှားရာမှ အဆင်မပြေ ဖြစ်ကာ ခြေမြန်တပ်ရင်း ၅၆၂ မှ ဗိုလ်ကြီးနှစ်ဦးက တည်းခိုခန်း ပိုင်ရှင်အား ထိုးကြိတ်ခဲ့ပြီး လာရောက်ဖျန်ဖြေသူ မြို့နယ် စခန်းမှူးနှင့်လည်း  ထိုးကြိတ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ထို့ပြင် တည်းခိုသူတစ်ဦး၏ ကားနှင့် ဆိုင်ကယ်တစ်စီးကို ၎င်းတို့က ဖျက်ဆီးခဲ့ကြောင်း ပြဿနာ စတင်ဖြစ်ပွားခဲ့သည့် တည်းခိုခန်းမှ သတင်းရရှိသည်။

‘‘လူတစ်ယောက်က အခန်း လာငှားတယ်။ မရှိဘူးလို့ ပြော တော့သူက စစ်တပ်ကလို့ပြောပြီးဧည့်ခန်းမှာ မူးပြီး အိပ်နေတယ်။ခဏကြာတော့  နောက်တစ်ယောက်ထပ်ရောက်လာပြီး အခန်းတွေကို လိုက်ကန်တယ်။ အရပ်ဝတ်တွေနဲ့ လာတော့ ကျွန်မတို့လည်း စစ်တပ်ကမှန်းမသိဘူးလေ။ ကျွန်မကိုလည်း တွန်းထိုးတာမျိုးတွေ လုပ်တယ်။ အဲဒီညကပြဿနာတော်တော်ကို ရှင်းယူခဲ့ရတယ်’’ ဟု တည်းခိုခန်းပိုင်ရှင် အမျိုးသမီးက ပြောသည်။

ဇွန်လ၁၀ ရက် ည ၁၀ နာရီခန့် က ဂွမြို့နယ်၊ မြို့မရပ်ကွက်ရှိ မိုး တည်းခိုခန်းတွင် အဆိုပါ ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အခန်း လာငှားသည့် စစ်ဗိုလ်ကြီးနှစ်ဦးမှာ ဂွမြို့နယ်အခြေစိုက်ခြေမြန်တပ်ရင်း ခမရ ၅၆၂ မှ ဗိုလ်ကြီးနှစ်ဦးဖြစ်ပြီး ပြဿနာကို လာရောက်မေးမြန်းသည့် မြို့နယ်ရဲစခန်းမှူးအား ထိုးကြိတ်ခဲ့ကြကြောင်း ဖြစ်စဉ်ကိုမျက်မြင်တွေ့ရှိခဲ့သည့်တည်းခိုသူတစ်ဦးက ပြောသည်။

 ‘‘ရဲကလည်း စစ်ဗိုလ်တွေ မှန်းမသိဘူး။  အရပ်ဝတ်နဲ့ဆို တော့လေ။  ၀ိုင်းထိန်းကြတဲ့အ တွက် ကြီးကြီးမားမား ထိခိုက်တာ မရှိခဲ့ဘူး’’ ဟု ၎င်းက ပြောသည်။

စစ်ဗိုလ်နှစ်ဦးမှာ တည်းခိုခန်းအပြင်ဘက်သို့ ထွက်၍ လမ်းပေါ်မှခဲများဖြင့် ပစ်ခဲ့ပြီး လာရောက်တည်းခိုသူ အမျိုးသား တစ်ဦး၏ ကားမှန်ကို ခဲဖြင့်ထု၍ခွဲခဲ့ကြောင်း သတင်းရရှိသည်။ ထို့ပြင် လမ်းပေါ်တွင် ဖြတ်သွားသည့် ဆိုင်ကယ်တစ်စီးကို တားဆီးကာ တွန်းလှဲခဲ့သောကြောင့် ဘက်မှန်နှင့် ကာဗာများပျက်စီးခဲ့ကြောင်း ဆိုင်ကယ်ပိုင်ရှင် အမျိုးသားက ပြောသည်။

မိုးတည်းခိုခန်းတွင် ဇွန်လ ၁၀ ရက် ည ၁၁ နာရီခန့်မှ စတင် ကာ ပြဿနာဖြစ်ပွားခြင်းဖြစ်ပြီး ဇွန်လ ၁၁ ရက် နံနက် ၂ နာရီခန့် တွင် ၎င်းတို့၏ အထက်အရာရှိ ဖြစ်ဖွယ်ရှိသည့် တပ်မတော်အ ရာရှိတစ်ဦး စစ်သားသုံးဦးကို ဦးဆောင်၍ လာရောက်ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

 အဆိုပါ ဖြစ်စဉ်ကို ရဲစခန်း တွင် အမှုဖွင့်ထားခြင်း မရှိဘဲ ကားဖျက်ဆီးခံရသူ၊ ဆိုင်ကယ် ဖျက်ဆီးခံရသူနှင့် တည်ခိုခန်းပိုင် ရှင်တို့က ခမရ(၅၆၂) မှ အရာရှိ အချို့နှင့် ညှိနှိုင်းကျေအေးခဲ့ကြောင်းသတင်းရရှိသည်။ ပြစ်မှုကျူးလွန်ခဲ့သူ စစ်ဗိုလ်နှစ်ဦးနှင့် ပတ်သက်၍ မည်ကဲ့သို့ အ ရေးယူထားသည်နှင့် ဖြစ်စဉ်အစအဆုံး သိရှိနိုင်ရန်အတွက် ခမရ(၅၆၂)သို့ ဆက်သွယ်မေးမြန်းရာ ဖြေကြားခွင့်မရှိကြောင်း ဗိုလ်ကြီးတစ်ဦးက ဖုန်းမှတစ်ဆင့် အကြောင်းပြန်သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဂွမြို့မရဲစခန်းသို့ ဇွန်လ ၁၈ ရက်ညနေတွင် ဆက်သွယ်မေးမြန်းရာတာဝန်ကျရဲအရာရှိက ဖြစ်စဉ်တွင်ပါဝင်ခဲ့သည့်စခန်းမှုး ရဲစခန်းတွင် မရှိသေးသည့်အပြင် ၎င်းကိုယ်တိုင်လည်း ပြောပြခွင့်မရှိကြောင်းပြောသည်။

By အောင်သစ်လွင်
7DAY DAILY

http://7daydaily.com/story/13538#.U6JGyii8RnE


တည်းခိုခန်းဝင်ပြီး ပွဲကြမ်းခဲ့သည့် ဗိုလ်ကြီးနှစ်ဦးအမှု ရဲစခန်းမရောက်ဘဲ ကျေအေး   တည်းခိုခန်းဝင်ပြီး ပွဲကြမ်းခဲ့သည့် ဗိုလ်ကြီးနှစ်ဦးအမှု ရဲစခန်းမရောက်ဘဲ ကျေအေး Reviewed by သစ်ထူးလွင် on 08:50 Rating: 5
Powered by Blogger.