လမ်းရှောင်မပေးသည့် ကားဆရာများအား ဝ တပ်ဖွဲ့ဝိုင်းရိုက်


မေ ၁၆ရက် ၂၀၁၄

ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် တပ်မဟာ ၄၆၈ နယ်မြေ အတွင်း ၀ တပ်ဖွဲ့ဝင်ကားများအား ဒေသခံပြည် သူလူထုကားများမှ လမ်းရှောင်မပေးလျှင် ကားဆရာများ မကြာခဏ ရိုက်နှက် ထိုးကြိတ်ခြင်း ခံရသည်ဟု ဒေသခံ များက ပြောသည်။

ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် တပ်မဟာ ၄၆၈ ထိန်းချုပ်နယ်မြေ မိုင်းပေါက် ဒေသအတွင်း လမ်းပေါ်မှ လမ်းဘေးသို့ အထူးရှောင်ပေးခြင်း မရှိသည့် မိုင်းခတ်မြို့နယ် မိုင်းငျဲန်း ကျေးရွာအုပ်စု ဝင် ဒေသခံများ၏ကားများကို မေလ ၁၁ ရက်က လိုက်လံတားဆီးကာ အဆိုပါကားဆရာများအား ၀ တပ်ဖွဲ့ အရာရှိငယ်များက ရိုက်နှက်ထိုးကြိတ်သည်ဟု ကား ဆရာ အိုက်ပန်း ကပြောသည်။

“ကျနော်ကိုယ်တိုင်လဲ ၀တပ်ထဲကဘဲ။ ၀ - သျှမ်း ကပြားပါ။ အဲဒီနေ့ ကျနော်က ၀ တပ်ဖွဲ့ဝင် ဝတ်စုံမ ဝတ်ဘူး။ သေနတ်လဲမပါဘူး။ ကျနော်မောင်းတာ အရှိန်နဲနဲမြန်သွားတယ်။ ကျနော့် နောက်က မောင်း လာတဲ့ ဗီဂို့ အနီ ကားနံပတ် WL-N 087 က ကျနော့်ကို အတင်းကျော်တက်ပြီး ရှေ့မှာ ထိုးရပ်တယ်။ ကားပေါ် ကနေ ဆင်းလာပြီး ကျနော့ကို လူတယောက် သေနတ်နဲ့ချိန် တယ်။ နောက်တယောက်က ဆွဲထိုးတော့တာဘဲ။ ဘာမှ မမေးဘူး” - ဟု ပြောသည်။

ထို့အတူ ဝ တပ်ဖွဲ့ဝင်မဟုတ်သည့် ဒေသခံများလည်းတလ သုံး- လေး ကြိမ်ထက်မနည်း ထိုသို့ ထိုး ကြိတ်ရိုက်နှက်ခြင်းခံရသည်ဟု ကြားရကြောင်း၊ တပ်မဟာ ၄၆၈ လက်အောက်ခံ အရာရှိငယ်များက ကျူးလွန်ခြင်းဖြစ်ကြောင်း လည်း ဆိုသည်။

ခရီးသွားတဦးကလည်း ‘ကျနော် မိုင်းငျဲန်း ကနေ မိုင်းပေါက်သွားတယ်။ နမ့်ဆော့ တံတားနားက သျှံဖေါင်းတပ်စခန်းနားမှာ လမ်းဘေးအောက်ရှောင် မပေး ရကောင်းလားဆိုပြီး ကျနော့်ကို ကားပေါ် ကနေဆွဲချတယ်။ ပြီးတော့ ထိုးတော့တာဘဲ။ ဇက်တွေ နားထင်တွေမှာ ထိုးခံရတယ်။ ၀ လူမျိုး မဟုတ် ရင်၊ ၀ စကား တရုတ်စကားမတတ်ရင် သက်သက်ရိုက်နှက်တာလို့ထင်တာဘဲဗျာ’ ဟု ပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အမည်မဖေါ်လိုသည့် ၀ တပ်ဖွဲ့အရာရှိတဦးက ‘လူထုကို နှိပ်ကွပ် တဲ့ပေါ် လစီ ကျနော်တို့မှာမရှိဘူး။ ကျနော်လဲ ကြားပါတယ်။ အရာရှိသားသမီးတချို့နဲ့ အသိဉာဏ်မကြွယ်ဝ သေးတဲ့ အရာရှိငယ်တချို့ပါ။ စိစစ် ကြပ်မတ်နိုင်အောင် ကျနော်တို့ အထက်ကို တင်ပြပေးသွားပါ့မယ်” - ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

သျှမ်းပြည်အရှေ့ပိုင်း မိုင်းယန်းမြို့နယ် မိုင်းပေါက် အခြေစိုက် တပ်မဟာ ၄၆၈ သည် ဝ ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် တပ်မဟာများ အနက် ငွေ အား၊ လူအား၊ တိုက်ခိုက်ရေးအင်အား အတောင့် တင်း ဆုံးတပ်မဟာကြီး တခုဖြစ်သည်။

သျှမ်းသံတော်ဆင့်


လမ်းရှောင်မပေးသည့် ကားဆရာများအား ဝ တပ်ဖွဲ့ဝိုင်းရိုက် လမ်းရှောင်မပေးသည့် ကားဆရာများအား ဝ တပ်ဖွဲ့ဝိုင်းရိုက် Reviewed by သစ်ထူးလွင် on 12:56 Rating: 5
Powered by Blogger.