မြန်နှုန်းမြင့် ငွေဖောင်းပွမှု

  စာဖတ်သူ မကြာခဏစားနေသော အမဲသားတစ်ပိဿာလျှင် ကျပ် ၃၀၀၀၊ ကြက်သားတစ်ပိဿာလျှင် ကျပ် ၂၀၀၀၊ ၀က်သားတစ်ပိဿာလျှင် ကျပ် ၁၀၀၀ စီ၊ ယခင်နှစ်ကထက် ဈေးတက်သွားသည်။ ၂၀၁၃ ခုနှစ်က အမဲသားတစ်ပိဿာလျှင် ကျပ် ၅၀၀၀ ရှိရာမှ ယခုနှစ်တွင် ကျပ် ၈၀၀၀ ဖြစ်သွားသည်။ ကြက်သားမှာ ကျပ် ၆၀၀၀ မှ ကျပ် ၈၀၀၀ ဈေးတက်သွားသည်။ ၀က်သားမှာ ကျပ် ၇၀၀၀ မှ ၈၀၀၀ ဖြစ်သွား၏။

အခြားကုန်စည်နှင့် ၀န်ဆောင်ခအများစုမှာလည်း ထိုနည်းအတိုင်းပင် တစ်နှစ်ထက်တစ်နှစ် ဈေးတက်နေသည်။ စစ်အစိုးရလက်ထက်မှ ဦးသိန်းစိန် ဦးဆောင်သော ဒီမိုကရေစီအစိုးရလက်ထက်သို့ ပြောင်းသော်လည်းတက်နေသော ကုန်ဈေးနှုန်းက ရပ်မသွားပါ။

အခြား ဒီမိုကရေစီနိုင်ငံအများစုတွင် ထိုသို့ ကုန်ဈေးနှုန်းများတက်လျှင် အကြီးအကျယ် ဂယက်ရိုက်သော်လည်း မြန်မာအတွက်တော့ မထူးဆန်းတော့ပေ။ လက်ထဲတွင် ရှိနေသော ငွေစက္ကူများက အချိန်နှင့်အမျှ တန်ဖိုးသေးငယ်သွားသည်။ ငွေဖောင်းပွမှုနှုန်းက မြင့်မားနေပြီး အစိုးရလခတိုးကာ မီတာခတက်သော ယခုလပိုင်းတွင် ကုန်ဈေးနှုန်းတက်ခြင်း၊ ငွေဖောင်းပွမှုက ပိုများသည်။

မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှုနှုန်းမှာ ယခင်နှစ်က ခုနစ်ရာခိုင်နှုန်းရှိပြီး ယခုနှစ်တွင်လည်း ဆက်လက်မြင့်တက်မည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့မှ ပညာရှင်များက ခန့်မှန်းထားသည်။ စက်မှုဖွံ့ဖြိုးသည့် တိုင်းပြည်ကြီးများတွင် ငွေကြေးဖောင်းပွမှုကို နှစ်ရာခိုင်နှုန်းမှ သုံးရာခိုင်နှုန်းကြားထားရှိသော်လည်း ဆင်းရဲနွမ်းပါးမှုမှ ရုန်းထွက်နေသော နိုင်ငံများတွင် တစ်ဆယ်ရာခိုင်နှုန်းဝန်းကျင်ထိ ရှိတတ်ကြောင်း ကမ္ဘာ့ဘဏ်မှပညာရှင်များက သုံးသပ်ထားသည်။

ငွေကြေးဖောင်းပွမှုနှင့် ပတ်သက်၍ လျှော့ချရန် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)မှ ပညာရှင်တစ်ဦးက နိုင်ငံတကာမှ ချေးငွေများ လျှော့ယူရန်နှင့် နိုင်ငံခြားအရန်ငွေတိုးမြှင့်ထားရန် တိုက်တွန်းခဲ့သည်။

‘‘ငွေကြေးဖောင်းပွမှုကို လျှော့ချဖို့ ဗဟိုဘဏ်ကလုပ်နေသလို သက်ဆိုင်ရာနေရာဒေသအလိုက် တာဝန်ရှိသူတွေက လုပ်ဖို့လိုအပ်တယ်။ ဗဟိုဘဏ်တစ်ခုတည်းက လုပ်နေလို့ မရဘူး’’ ဟု ဗဟိုဘဏ်က တာဝန်ရှိသူတစ်ဦးကဆိုသည်။

ဗဟိုဘဏ်က ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန် နိုင်ငံခြားငွေလဲနှုန်းကို စောင့်ကြည့်ခြင်း၊ ဈေးကွက်ထဲတွင် ငွေဖြစ်လွယ်ကူသော အခြေအနေများကို လေ့လာခြင်း၊ ပြည်တွင်း၌ ငွေအလွန်အကျွံပိုလျှံမှု ရှိ၊ မရှိခြင်းကို စောင့်ကြည့်ခြင်းတို့ ပြုလုပ်နေကြောင်း အထက်ပါပုဂ္ဂိုလ်ကပြောသည်။

နိုင်ငံတစ်နိုင်ငံတွင် ငွေကြေးဖောင်းပွမှုများခြင်းမှာ အစိုးရအနေဖြင့် မိမိရရှိသော ၀င်ငွေထက် အသုံးစရိတ်က ပိုများနေခြင်းသည် အဓိက အကြောင်းရင်းတစ်ရပ်ဖြစ်သည်။ သမ္မတဦးသိန်းစိန် အစိုးရတက်ပြီးနောက် အစိုးရအသုံးစရိတ်မှာ ၀င်ငွေထက် လေးနှစ်အတွင်း ကျပ်ဘီလီယံ ၉၀၀၀ ကျော် ပိုများသည်။ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တစ်နှစ်တည်းမှာပင် အစိုးရအသုံးစရိတ်သည် ၀င်ငွေထက် ဘီလီယံ ၆၀၀ ကျော် ပိုများခဲ့သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်အစိုးရ စတင်တာဝန်ယူချိန်တွင် မြန်မာနိုင်ငံ၌ ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့မှ ချေးငွေများ အပါအ၀င် အကြွေးငွေ အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကျော်ရှိသည်။ သို့သော် အစိုးရသစ်၏ ပြုပြင်ပြောင်းလဲရေးကြောင့် ဂျပန်နိုင်ငံမှ အကြွေးငွေများစွာ လျော်ပေးခဲ့သကဲ့သို့ ပဲရစ်ကလပ်အဖွဲ့ဝင်နိုင်ငံများကလည်း အကြွေးငွေအားလုံးနီးပါး လျော်ပေးခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုပြုရာတွင် ငွေပေးချေရန်အတွက် နိုင်ငံတကာဘဏ်များ၌ နိုင်ငံခြားအရန်ငွေ အမေရိကန်ဒေါ်လာ ၇ ဒသမ ၆ ဘီလီယံထားရှိကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်ကပြောကြားသည်။

‘‘ဘတ်ဂျက်လိုငွေများက ငွေကြေးဖောင်းပွမှုကို ဖြစ်ရတဲ့ အကြောင်းထဲက တစ်ခုပေါ့။ ဒါကို လျှော့ချဖို့က အစိုးရ၀င်ငွေများဖို့လိုတယ်’’ဟု စီးပွားရေးပညာရှင် ဦးလှမောင်ကပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း သူ၏လက်ထက်တွင် ဘတ်ဂျက်လိုငွေလျော့နည်းအောင် လျှော့ချနိုင်ရန် ဘက်စုံမှ ကြိုးစားနေသည်။ သို့သော် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပြီး ဖွံ့ဖြိုးမှုစီမံကိန်းများစွာ လုပ်ကိုင်နေသဖြင့် ဘတ်ဂျက်လိုငွေမှာ အတိုင်းအတာတစ်ခုအထိ ရှိနေမည်ဖြစ်ကြောင်း ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ဝင်းကဆိုပါသည်။

‘‘၀န်ကြီးဌာနတွေက အသုံးငွေခန့်မှန်းတာ အမှန်တကယ်သုံးမှာထက် ပိုများတယ်။ အတိအကျ ခန့်မှန်းပေးနိုင်မယ်ဆိုရင်တော့ လိုငွေလျော့သွားမှာပါ’’ဟု ဘဏ္ဍာခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ အတိတ်ကာလတွင် ဘတ်ဂျက်လိုငွေကြောင့် ငွေတိုက်စာချုပ်များ ဗဟိုဘဏ်သို့ရောင်းပြီး ငွေရိုက်ထုတ်ခဲ့သဖြင့် ပြည်တွင်း၌ ငွေကြေးအလွန်အကျွံ ဖောင်းပွမှုများဖြစ်ခဲ့ကြောင်း ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား) ဦးစိုးသိန်းက ပြောကြားသည်။

 ‘‘မြန်မာလူမျိုးတွေက ငွေဖောင်းပွမှုနဲ့ပတ်သက်ပြီး သိပ်ပြီးမကြောက်ကြတော့ဘူး။ အတိတ်မှာတုန်းကဆို တစ်ရာခိုင်နှုန်းကျော်အထိ ငွေဖောင်းပွမှုနှင့် ကြုံခဲ့ရတယ်’’ဟု ပြည်ပသို့ ဆန်တင်ပို့နေသော ဦးမျိုးသူရအေးက သူ၏အတွေ့အကြုံကိုပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့မှုများစတင်ပြီးနောက် ၁၉၉၈ ခုနှစ်မှစတင်၍ ၂၀၁၂ ခုနှစ် လေးနှစ်တာအတွင်း ငွေကြေးဖောင်းပွမှုမှာ ၁၀၀ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၁၀၀ ကျော်သာရှိပြီး ၂၀၀၂ ခုနှစ်တွင် အမေရိကန် တစ်ဒေါ်လာကို ကျပ် ၁၃၀၀ ထိ ဖြစ်ခဲ့သည်။

ပြည်တွင်းစီးပွားရေးကဏ္ဍတွင် ငွေကြေးဖောင်းပွမှုများခြင်းအပေါ် ကြိုက်နှစ်သက်သော လုပ်ငန်းရှင်များရှိသော်လည်း စားသုံးသူပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုများစွာရှိနေသည်။ စီးပွားရေးလုပ်ငန်းအများစုသည် ချေးငွေဖြင့် လုပ်ကိုင်နေကြသဖြင့် ငွေကြေးဖောင်းပွမှုကြောင့် ငွေတန်ဖိုးမြင့်တက်ပြီး အကျိုးအမြတ်များစွာ ရှိနေသည်။

လတ်တလော ပြည်တွင်းကုန်ဈေးနှုန်းကြီးမြင့်မှု၊ ငွေကြေးဖောင်းပွမှုကို တွန်းအားတစ်ခုဖြစ်လာသည့် ၀န်ထမ်းလစာတိုးမြှင့်မှု၊ မီတာခနှုန်းထားများ မြင့်တက်မှုကြောင့် မြန်မာနိုင်ငံတစ်ဝန်းမိသားစုများမှ အသံများညံလာသည်။ လက်လီဈေးများတွင် အခြေခံစားသောက်ကုန်ဈေးနှုန်းမြင့်တက်မှုမှာ ပြည်သူများအတွက် ပိုမိုခက်ခဲကျပ်တည်းစေခဲ့သည်။

မြန်မာပြည်သူများ၏ အဓိကစားသောက်ကုန်ဖြစ်သော ဆန်မှာ တစ်နှစ်အတွင်း တစ်အိတ်လျှင် ငါးရာခိုင်နှုန်းမှ ဆယ်ရာခိုင်နှုန်းကြား ပျမ်းမျှဈေးတက်လာသည်။ ဆန်တစ်အိတ်ကို ကျပ် ၁၀၀၀ မှ ၁၅၀၀ ကြား ဈေးမြင့်လာသည်။

ထို့နည်းတူ သားငါးဈေးနှုန်း၊ ဟင်းသီးဟင်းရွက်ဈေးနှုန်းတို့မှာလည်း ဈေးတက်သည်။ နေထိုင်မှုနှင့် ပတ်သက်၍ အိမ်ခန်းငှားခများမှာ ယခင်နှစ်ထက် ၂၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းကြား ဈေးမြင့်တက်လာကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောကြားသည်။

‘‘လစာတိုးပေမယ့် ကုန်ဈေးနှုန်းတက်တော့ မထူးပါဘူးဗျာ။ အစိုးရက သူ့ဘက်ပါအောင် နှစ်စဉ်လစာတိုးပေးပေမယ့် ကုန်ဈေးနှုန်းလျှော့ပေးဖို့၊ ထိန်းပေးဖို့ပြောချင်တယ်’’ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ စာရေးတစ်ဦးကပြောကြားသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားခမြင့်တက်မှု၊ ပြည်တွင်းဝယ်လိုအားတိုးမြင့်လာမှုတို့ကြောင့် ငွေကြေးဖောင်းပွမှုမှာ ဆက်လက်မြင့်တက်နေမည်ဟု အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့မှ ပညာရှင်များက သုံးသပ်ထားသည်။ ငွေကြေးဖောင်းပွမှုရိုက်ခတ်ခြင်းကို ပိုခံနိုင်ရည်ရှိရန် နိုင်ငံတကာအရန်ငွေထားရှိရန်၊ ဗဟိုဘဏ်ကို အားဖြည့်ပေးရန်၊ နိုင်ငံတော်အာဏာပိုင်များအနေဖြင့် အာရုံစိုက်လုပ်ကိုင်ရန် လိုအပ်ကြောင်း IMF က အကြံပြုထားသည်။

 ထို့အပြင် ကြွေးမြီများကို မိမိစီမံနိုင်သည့် အဆင့်တွင်သာထားပြီး ရုပ်ဝတ္ထုပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံရေးတိုးမြှင့်ဖို့ ဘတ်ဂျက်ကို ကောင်းမွန်စွာ အသုံးပြုရန် လိုအပ်သည်။

ကုစားမှုပိုင်းတွင် အခွန်ငွေတိုးမြှင့်ကောက်ခံမှုပေါ် မူတည်နေပြီး လူတိုင်းက မိမိတို့ ဝေပုံကျအချိုးအတိုင်း ပေးဆောင်ရန် မူဝါဒချမှတ်ခြင်း၊ အခွန်ငွေကို ကောင်းမွန်ထိရောက်စွာ ကောက်ခံရေးစနစ်တစ်ရပ်ချမှတ်ခြင်းတို့ လိုအပ်သည်။ ရေရှည်တည်တံ့ပြီး အားလုံးပါဝင်သည့် တိုးတက်မှုကို ဖန်တီးနိုင်မည့် ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ငွေကြေးကဏ္ဍ ခေတ်မီအောင် ပြုပြင်ရန်လိုအပ်သည်ဟု အကြံပြုထားသည်။

ထို့အပြင် အစိုးရအနေဖြင့် ငွေကြေးဖောင်းပွမှုကို လျှော့ချစေချင်ပါက တိုင်းပြည်ဝင်ငွေတိုးတက်လာစေသော ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းလုပ်ဆောင်နေရုံသာမက နိုင်ငံ၏ အဓိကထွက်ကုန်ဖြစ်သော လယ်ယာ၊ သားငါး၊ သတ္တုကဏ္ဍများကို တိုးတက်ထုတ်လုပ်နိုင်အောင် ဦးစားပေးလုပ်ဆောင်သင့်ကြောင်း စီးပွားရေးပညာရှင် ဦးဇော်ဖေ၀င်းက ပြောကြားသည်။

ငွေကြေးဖောင်းပွမှုသည် တိုင်းပြည်တစ်ခုအတွက် ကောင်းကျိုးရှိသကဲ့သို့ ဆိုးကျိုးများလည်းရှိသည်။ သို့သော် စားသုံးသူပြည်သူများအတွက်မူ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ၀င်ငွေ၊ ထွက်ငွေမညီမျှမှုကြောင့် အကြွေးသံသရာလည်နေသည်။

‘‘တိုးပေးမယ်အသံ ကြားရချိန်မှာ ပျော်ခဲ့သလောက် အခုတော့ အကြွေးနဲ့ပဲ နပန်းလုံးနေရတယ်’’ဟု လယ်/ဆည်မှ စာရေးကြီးကမှတ်ချက်ပြုသည်။

ပြည်မြို့မှ မိသားစုဝင်ငါးဦးရှိသော အိမ်ရှင်မ ဒေါ်သင်းသင်းစိန်က သူ၏ဆန္ဒကိုပြောသည်။

‘‘ကုန်ဈေးနှုန်းတက်တဲ့ဒဏ်ကို အောက်ကလူတွေခံနေရတာ သမ္မတကြီး သိစေချင်တယ်။ သမ္မတကြီးက လုပ်ပေးလို့ရမယ်ဆိုရင် ကုန်ဈေးထပ်တက်နိုင်မယ့်ကိစ္စတွေ၊ ကုန်ဈေးနှုန်းကို ထိန်းပေးပါလို့ပြောချင်တယ်’’ ။       ။

ပြည်သိမ်း၊ သိမ့်သိမ့်စိုး
7Day News Journal အတွဲ (၁၃)၊ အမှတ်(၁၂)


မြန်နှုန်းမြင့် ငွေဖောင်းပွမှု   မြန်နှုန်းမြင့် ငွေဖောင်းပွမှု Reviewed by သစ်ထူးလွင် on 03:56 Rating: 5
Powered by Blogger.