ရခိုင် ပြည်နယ်ရှိ နိုင်ငံတကာ NGO အဖွဲ့အစည်း လုပ်ငန်းများ ပြန်လည် စတင်ရန် မလွယ်ကူ


             ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရပ်နား ထားသော နိုင်ငံတကာ NGO အဖွဲ့အစည်းများ၏ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူ အညီပေးသည့် လုပ်ငန်းများကို ချက်ချင်း ပြန်လည် စတင်ရန် မလွယ် ကူကြောင်း ကုလသမဂ္ဂ၏ မြန်မာ နိုင်ငံဆိုင်ရာ သတင်းနှင့် ပြန်ကြား ရေးတာဝန်ခံ ဦးအေးဝင်းက The Messenger ဂျာနယ်သို့ ပြောသည်။

            ““အခြေကျ ပြီးသား ဖြစ်နေတဲ့ လုပ်ငန်းတွေ ရက်ပိုင်း အတွင်း ပျက်စီး သွားတယ်။ ဒါတွေကို နေ့ချင်း ညချင်း ပြန်စဖို့ ခဲယဉ်းပါတယ်။ အခက်အခဲလည်း တော်တော်လေး ရှိပါတယ်””ဟု ၎င်းက ထပ်ပြော သည်။

            ထို့အပြင် စစ်တွေမြို့ရှိ နိုင်ငံ တကာ NGO အဖွဲ့အစည်း များ၏ လုပ်ငန်းများ ပြန်လည် စတင်ရန် အတွက် စစ်တွေမြို့သို့ နိုင်ငံတကာ NGO အဖွဲ့အစည်း များမှ ၀န်ထမ်း များသွားရောက် နေပြီဖြစ်ကာ NGO အဖွဲ့အစည်း များ၏ လုပ်ငန်းများ ပြန်လည် စတင်ပါက စစ်တွေမြို့ တွင်းတွင် ရုံးခန်း ဖွင့်လှစ်လုပ်ဆောင် ခွင့်ရရှိတော့မည် မဟုတ်ဘဲ ရုံးခန်း များကို မြို့စွန်တွင် တစ်စုတစ်စည်း တည်း ဖွင့်လှစ်ကာ လုပ်ဆောင်ရ မည် ဖြစ်ကြောင်း၊ စစ်တွေမြို့ ဒေသခံများ အနေဖြင့် ယခင်ကကဲ့သို့ နိုင်ငံတကာ NGO အဖွဲ့အစည်းများ အတွက် နေအိမ် ငှားရမ်း ပေးလိုခြင်း မရှိတော့ ကြောင်းလည်း သိရသည်။

            စစ်တွေမြို့ရှိ နိုင်ငံတကာ NGO အဖွဲ့အစည်း တစ်ခု၏ ရုံးစိုက်ရာ နေအိမ်တွင် သန်းခေါင်စာရင်းကို သပိတ်မှောက် သည့်အနေဖြင့် လွှင့်ထူ ထားသော သာသနာ့ အလံကို NGO လုပ်ငန်း လုပ်ဆောင် နေသော အမျိုးသမီး တစ်ဦးက ဖြုတ်ချ ခဲ့ပြီး မဖွယ်မရာ ပြုလုပ်ခဲ့သည် ဆိုသော သတင်းများ ထွက်ပြီးနောက် မတ်လ (၂၆)ရက်နေ့နှင့် (၂၇) ရက်နေ့များက ရခိုင် ပြည်နယ်၊ စစ်တွေမြို့တွင်  NGO အဖွဲ့များ ငှားရမ်း နေထိုင်သော အိမ်များ ဖျက်ဆီး ခံခဲ့ရပြီး၊ ရဲရိပ်သာတွင် နိုင်ငံခြားသား(၃၂)ဦး၊ မြန်မာ နိုင်ငံ သား ၀န်ထမ်း(၃၉) ဦး စုစုပေါင်း (၇၁)ဦးတို့ကို ရွှေ့ပြောင်း နေရာချ ထားကာ လုံခြုံရေး ဆောင်ရွက်ပေး ထားခဲ့ရကြောင်း နိုင်ငံပိုင် သတင်း စာများတွင် ဖော်ပြချက် များအရ သိရသည်။

            ထို့အပြင် ပဋိပက္ခ ဖြစ်ပွားနေ စဉ်အတွင်း လူစုခွဲရန် အတွက် ရဲ တပ်ဖွဲ့မှ သေနတ် ပစ်ဖောက် ခဲ့ရာ အသက်(၁၁)နှစ်အရွယ် မိန်းကလေး တစ်ဦး မတော်တဆ သေဆုံး ခဲ့ရသည်။

            ဒေသခံအချို့၏ ဖျက်ဆီးမှု ကြောင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာ NGO အဖွဲ့အစည်း (၁၈) ဖွဲ့တို့၏ ရုံး (၁၄) ရုံး၊ နေအိမ် (၁၆) လုံး၊ သို လှောင်ရုံ (၁၅) လုံး၊ မော်တော် ယာဉ် (၁၄) စီး၊ ရေယာဉ်(၂)စင်း၊ မော်တော် ဆိုင်ကယ်(၂၉) စီးနှင့် ရုံးသုံး ပစ္စည်းများ ခန့်မှန်း တန်ဖိုး ငွေကျပ်သန်း (၄၃၀) ခန့်နှင့် အမေရိကန် ဒေါ်လာ (၄၃၀၀၀၀) ခန့် ပျက်စီး ဆုံးရှုံး ခဲ့ကြောင်း ဧပြီလ (၉)ရက်နေ့တွင် စုံစမ်း စစ်ဆေးရေး ကော်မရှင်က သတင်း ထုတ်ပြန်  ထားသည်။

            စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် ပတ်သက်၍ အဆိုပါ ပဋိပက္ခ စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ နယ်စပ်ရေးရာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ် မောင်မောင် အုန်းက ““သဘောရိုးနဲ့ အလံကို ဖြုတ်တာပဲ။ ဒါကို အရှိန်အမြင့်ဆုံး အချိန်မှာ အဖွဲ့တစ်ဖွဲ့က လှုံ့ဆော်ပြီး ဒေသခံ ရခိုင် တိုင်းရင်းသားတွေ ပါဝင်လာအောင် လုပ်ခဲ့တာပါ””ဟု ဧပြီလ (၁၀)ရက်နေ့က မီဒီယာများ နှင့် တွေ့ဆုံစဉ် ပြောကြား ခဲ့သည်။

            ရိုးသားသော ရခိုင် တိုင်းရင်းသား များကို လှုံ့ဆော်နေသည့် အဖွဲ့ တစ်ဖွဲ့ရှိနေကြောင်း ၀န်ကြီးက ထုတ်ဖော် ပြောဆို ထားပြီး၊ အဆိုပါ အဖွဲ့အစည်းမှာ မည်သည့် အဖွဲ့အစည်း ဖြစ်ကြောင်း မည်သူတို့ ဦး ဆောင်ကြောင်း အတိအကျ ထုတ်ဖော် ပြောဆို ထားခြင်းမရှိဘဲ အချိန် ယူ၍ စစ်ဆေး ရမည်ဖြစ်သလို ရဲ တပ်ဖွဲ့ကလည်း စစ်ဆေး နေကြောင်း သာ ပြောသည်။

            နိုင်ငံတကာ NGO အဖွဲ့အစည်း များ၏ လုပ်ဆောင်မှုနှင့် ပတ်သက်၍ ဒေသခံများ အကြားတွင် မကျေနပ်မှု များရှိ နေသကဲ့သို့ နိုင်ငံတကာ NGO အဖွဲ့အစည်းများမှ ၀န်ထမ်းများ၏ စိတ်တွင်လည်း စိုးရိမ်စိတ် များရှိနေ ကြောင်း၊ ထို့အပြင် လက်ရှိအခြေ အနေများကို သိရှိနိုင်ရန် လေ့လာ သုံးသပ်နိုင်ခြင်းပင် မရှိသေးကြောင်း ဦးအေးဝင်းက The Messenger ဂျာနယ်သို့ ပြောသည်။

            ““ကျွန်တော်တို့က နှစ်တိုင်း လိုပါပဲ။ သင်္ကြန်ကာလ အတွက် မတ်လ မကုန်ခင်မှာဘဲ ဒုက္ခသည် တွေအတွက် လိုအပ်တဲ့ စားနပ် ရိက္ခာတွေ ဖြန့်ဝေ ထားတာဆိုတော့ အများကြီး ထိခိုက် နစ်နာမှုရှိမှာ မဟုတ်ပါဘူး။ လိုအပ်တာ တွေကို အစိုးရက ဖြည့်ဆည်း ပေးနိုင်မယ်လို့ ထင်ပါတယ်””ဟု ကုလသမဂ္ဂ၏ လူသားချင်း စာနာ ထောက်ထားရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးရုံး (UNOCHA) မှ Mr. Pierre Peron က The Messenger ဂျာနယ်သို့ ပြော သည်။

            လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အကူအညီများ လိုအပ် နေသည့် နေရာများတွင် ရေ၊ အစား အစာနှင့် ဆေးဝါး စောင့်ရှောက်မှုပေး ခဲ့ရာတွင် လိုအပ်ချက်ကို မပြည်မီ သည့်တိုင် ပြည်ထောင်စု အစိုးရနှင့် ပြည်နယ် အစိုးရမှ တာဝန် ရှိသူများ၏ လုပ်ဆောင်ချက်ကို ထောက်ခံ ကြောင်း၊ အကယ်၍ အကူအညီ တောင်းခံ လာပါက လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများ ပေးအပ်ရာတွင် အစိုးရ၏ စွမ်းရည်များ မြှင့်တင်ရန် အကူအညီ များ ပေးအပ် သွားမည် ဖြစ်ကြောင်း ဧပြီလ (၉)ရက်နေ့က ထုတ်ပြန်ခဲ့ သော ကုလသမဂ္ဂ၏ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး တာဝန်ခံ Ms. Renata Dessallien ၏ ကြေညာ ချက်တွင် ဖော်ပြ ထားသည်။

The Messenger


ရခိုင် ပြည်နယ်ရှိ နိုင်ငံတကာ NGO အဖွဲ့အစည်း လုပ်ငန်းများ ပြန်လည် စတင်ရန် မလွယ်ကူ   ရခိုင် ပြည်နယ်ရှိ နိုင်ငံတကာ NGO အဖွဲ့အစည်း လုပ်ငန်းများ ပြန်လည် စတင်ရန် မလွယ်ကူ Reviewed by သစ်ထူးလွင် on 17:36 Rating: 5
Powered by Blogger.