ဦးဝင်းတင် (သို့မဟုတ်) ပြည်သူတို့ရဲ့ စကားပြန်


သူ့အား ခင်မင်လေးစားသူ အားလုံးက အမြန်ပြန်၍ ကျန်းမာပါ စေကြောင်း ဝိုင်းဝန်း ဆုတောင်းပေး နေသည့်ကြားမှပင် သတင်းစာ ဆရာကြီး ဦးဝင်းတင်သည် ဧပြီ ၂၁ နံနက် ၆ နာရီ မိနစ် ၃၀ က ကွယ်လွန်သွားသည်။ ဆရာသည်သူ၏ အနိုင်မခံ အရှုံးမပေးသော မာကျောသည့် စိတ်ဓာတ်ခိုင်ကျည်မှုကို သေမင်းနှင့် ဆေးရုံခုတင်ပေါ်တွင် စစ်ခင်း နေရသည့် နောက်ဆုံး အချိန်ထိ ပြသခဲ့သူလည်း ဖြစ်သည်။

အသက် (၈၅)နှစ်အရွယ်ရှိ သတင်းစာဆရာ တစ်ဦးသာမက ထင်ရှားသည့်အတိုက်အခံနိုင်ငံ ရေးသမားတစ်ဦးလည်း ဖြစ်သူ ဆရာဦးဝင်းတင်သည် စစ်အာ ဏာရှင်များ၏ နာမည်ကျော် အကျဉ်းသားတစ်ဦးလည်းဖြစ်သည်။ အစိုးရ၏အပြုအမူများကို သာမက မိခင်ပါတီဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မူဝါဒများအပေါ် ပြတ်ပြတ်သားသားဝေဖန်တတ်မှုများကြောင့်လည်း ထင်ရှားသည်။

ထို့ကြောင့် အချို့က သူ့အား သဘောထားတင်းမာသူဟုသတ် မှတ်ကြသည်။ ဆရာဦးဝင်းတင် ကမူ သူသည် ဘယ်တုန်းကမှ နိုင်ငံရေးသမားတစ်ဦးဟူ၍ မခံ ယူခဲ့၊ အမြဲတမ်းသတင်းစာဆရာ အဖြစ်သာ ခံယူသည်ဟု ပြောဖူး သည်။ အမှန်တရားကို ဘက် မလိုက်ဘဲ လူထုဘက်မှရပ်တည် ချင်သည့် သတင်းစာသမားတစ် ဦးအနေဖြင့် နိုင်ငံရေးလောကနှင့် အမြဲတစေ အထာမကျတတ်သည်မှာ သဘာဝဖြစ်ပါသည်။

ဆရာဦးဝင်းတင်သည် သတင်းစာဆရာတစ်ဦးဖြစ်ပါသည်။ သတင်းစာဆရာထဲတွင်မှ စာပေနှင့်ယဉ်ကျေးမှုအနုပညာကို တို့ထိပွေ့ဖက်လိုသည့် သတင်းစာဆရာဖြစ်သည်။ ထိုအချက်ကိုထင်ရှားလိုလျှင် ၁၉၇၂ ခုနှစ်က အနောက်ဥရောပသို့ အကခရီးလှည့်ခဲ့သည့် မြန်မာ့ယဉ်ကျေးမှုကဇာတ်အဖွဲ့နှင့် လိုက်ပါသွားပြီး အဆိုပါဇာတ်အဖွဲ့အကြောင်းကို ‘ခြေမှာ စကားလက်ဖျားကဗျာ မျက်နှာဇာတ်လမ်း’ အမည်ဖြင့် လှပသေသပ်စွာရေးပြခဲ့သည့် လက်ရာများကို ပြန်ကြည့်နိုင်ပါသည်။ သတင်းစာဆရာတစ်ဦးက မြန်မာ့အနုသုခုမသဘင် အကြောင်းကို ရိုးရှင်းသည့် သတင်းစာစကားပြေဖြင့် စာဖတ်ပရိသတ်ထံ ပြန်လည်ဖောက်သည်ချခဲ့သည်ကိုတွေ့ရပါလိမ့်မည်။

ထိုကဲ့သို့ သုခုမသဘင်ဆိုင် ရာဆောင်းပါးများတင်မက ‘ပေါ် သစ်’ ကလောင်အမည်ဖြင့် ပန်းချီ ဝေဖန်ရေးနှင့် ပန်းချီဆိုင်ရာ ဆောင်းပါးများစွာကိုလည်း ရေးခဲ့ သေးသည်။ နောင်အခါ ‘အလှ ရှာတော်ပုံ’အမည်ဖြင့် စာအုပ် ထုတ်သည်။ ထို့ပြင် သတင်းစာ ဆရာ ဂျာနယ်ကျော်ဦးချစ်မောင် ၏အကြိုက်ဆုံးစာအုပ်ဟု လူသိ များပြီး ရှေးဟောင်းစကားပြေ အသုံးအနှုန်းများဖြင့် ဖောဖော သီသီရေးထားသည့်အတွက် မူရင်းဖတ်ရသည်မှာ ခက်ခက်ခဲခဲ ရှိလှသည်ဟု နာမည်ကျော်သော ကွိ (Queed) ကဲ့သို့သောဝတ္ထု၊ စာရေးဆရာ အေဂျေကရိုနင်၏ ဥတ္တရအလင်း (Northern Light) လို သတင်းစာလောကနောက်ခံ ထားသော ဝတ္ထုမျိုးတွေကိုလည်း ဆရာဘာသာပြန်ခဲ့သည်။

ပြီးတော့ မန္တလေး ဟံသာဝတီသတင်းစာ၏ အယ်ဒီတာချုပ်အဖြစ် လုပ်ကိုင်နေစဉ်  ‘စနေစာပေဝိုင်း’ အမည်ဖြင့် စာပေ၊ အနုပညာနှင့် သမိုင်းဆိုင်ရာစာတမ်းဖတ်ပွဲတွေကိုဦးစီးပြီး အပတ်စဉ်လုပ်ခဲ့သေးသည်။ စနေစာပေဝိုင်းမှထွက်ပေါ် လာသည့် ပြောင်မြောက်သော စာတမ်းများကြောင့် ဟံသာဝတီ သတင်းစာကို စစ်အာဏာရှင် အသိုင်းအဝိုင်းက ပိတ်ခဲ့ရသည် အထိဖြစ်ခဲ့သည်။ ‘ခင်ဗျားတို့ မြန်မာ့သတင်းစာပေါ်ထွက်လာ သည်ကို ဝမ်းမြောက်ကြပါသည်’ ဟူသောရေးသားချက်ကို တွေ့ရှိ ရမှ ‘ပြည်သူတို့၏ စကားပြန်’ အသုံးအနှုန်းကို စတင်တီထွင် လိုက်ခြင်းလည်းဖြစ်သည်။

သတင်းလွတ်လပ်ခွင့်များ တစ်စစ ပိတ်သိမ်းခံနေရသည့် မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ ၏ အုပ်ချုပ်ရေးကာလများအတွင်း ဆရာဦးဝင်းတင်၏ ဟံသာဝတီ ခေါင်းကြီးတစ်ပုဒ်က ‘သတင်းစာ ဆိုတာဘာလဲ’ဟူ၍ မေးခွန်းထုတ် ခဲ့ဖူးသည်။ အစိုးရက သူထည့်စေ ချင်သည်ကိုသာ ထည့်ခိုင်းပြီး ပြည်သူတို့၏သတင်းသိပိုင်ခွင့်ကို ချုပ်ချယ် ကန့်သတ်နေသည့် အချိန်နှင့်တိုက်ဆိုင်ပြီး ထွက်ပေါ် လာသောအဆိုပါခေါင်းကြီးသည် အာဏာပိုင်များ၏ အရှိုက်ကို ထိုးနှက်လိုက်ခြင်းဖြစ်သည်။ ‘သတင်းစာဆိုတာဘာလဲ’ ခေါင်း စဉ်အောက်တွင် ဆရာဦးဝင်းတင် ၏ မေးခွန်းသုံးခုကိုကြည့်ပါဦး။

၁။ ဝါဒဖြန့်စာရွက်လား၊ ‘မှန်ပါ့ဘုရား’သံတော်ဦးတင်လွှာ လား၊ ‘ဗောင်းတော်ညိတ် စိတ် တော်သိ’ဘုန်းတော်ဘွဲ့စာတမ်း လား၊ ‘အားလုံးကောင်းပါသည် ခင်ဗျား’အစီရင်ခံစာလား၊ ခိုင်းရာ ရေး၊ ပေးရာထုတ်ပြန်သည့် ပြန် ကြားရေးစာစဉ်လား၊ လက်ညှိုး ညွှန်ရာရေဖြစ်ချင်သူတို့၏ ဖောင် တော်စီးလက်မှတ်လား။

၂။ အာဏာနှင့်ငွေကို ရေလို သုံးကာ ကိုယ်ကျိုးရှာလိုသူ၊ နိုင်ငံ ရေးသမား၊ စီးပွားရေး၊ လူမှုရေး၊ ဝါဒရေးဖောက်ပြန်သူ၊ အာဏာ နှင့်အခွင့်အရေးအလွဲသုံးသူတို့၏ အသိပျက်မှု၊ အကျင့်ပျက်မှု၊ တာဝန်ပျက်မှု၊ စည်းကမ်းပျက်မှု၊ ယုံကြည်ချက်၊ ခံယူချက်၊ ရပ် တည်ချက်ပျက်မှုများကို ဖုံးကွယ် ပေးသည့် စက္ကူကန့်လန့်ကာ လား။

၃။ အမှန်တရား၊ အရှိတရား၊ အဖြစ်တရားများကို ပိတ်ဟဲ့၊ ဆို့ဟဲ့၊ တားဟဲ့၊ ဆီးဟဲ့၊ လျှို့ဟဲ့၊ ဝှက်ဟဲ့နှင့်သတင်း ထောက်က တကောက်ကောက် လိုက်ခြင်း၊ သတင်းစာက တစာ စာရေးခြင်းကို မခံမရပ်နိုင်ဖြစ်ကာ ပြည်သူတို့၏ နား၊ မျက်စိပိတ်ခြင်း၊ အကြံတုံး ဉာဏ်တုံး နလပိန်းတုံးများဖြစ်အောင်ပြုလုပ်ရာ၌ အသုံးပြုသည့်စက္ကူမျက်နှာဖုံး လား။

လွန်ခဲ့သည့်နှစ်ပေါင်း ၄၀ ခန့်က ဆရာဦးဝင်းတင်တို့မေးခဲ့ သော အဆိုပါမေးခွန်းသုံးခွန်း သည် အသွင်ကူးပြောင်းရေးဖော် ဆောင်နေသည့် ကာလအတွင်း အစိုးရက သတင်းထောက်များကို ဖမ်းဆီးခြင်း၊ အရေးယူခြင်း၊ ထောင်ချခြင်းအပြင် သတင်းစာ သမားတို့၏ လွတ်လပ်သော သတင်းရယူပိုင်ခွင့်နှင့် ပြည်သူတို့ ၏သိပိုင်ခွင့်များအား ကန့်သတ် ရန် ကြိုးစားမှုများ ရှိနေသည့် လက်ရှိအချိန်မှာလည်း မြန်မာ သတင်းလောကအတွက် လိုအပ် နေဆဲဖြစ်ပါသည်။

အမြဲတမ်းသတင်းစာသမား အဖြစ် မိမိကိုယ်သတ်မှတ်ထား သည့်အတိုက်အခံနိုင်ငံရေးသမား ဆရာဦးဝင်းတင်ကမူ ဒီမိုကရေစီရေးလမ်းခုလတ်တွင် ကွယ်လွန်သွားပါပြီ။ ဆရာ ဦးဝင်းတင်နှင့်ပတ်သက်၍၎င်း၏ လုပ်ဖော်ကိုင်ဖက်များနှင့် ရင်းနှီးသူများက ဆရာ၏အယူအဆနှင့် အတွေးအမြင်များကိုပို၍ ပြောနိုင်ပါလိမ့်မည်။ ဆရာ၏ နောက်ဆုံးခရီးတွင်လေးစားသူတို့က ဆရာ၏ သတင်းစာ သမား၊ နိုင်ငံရေးသမားနှင့် ပတ်သက်သော ဂုဏ်ပုဒ်ဝိသေသများကို ထုတ်ဖော်ချီးကျူးကြမှာဖြစ် သည်။

 ဆရာ့မှာ ဂုဏ်ပုဒ်တွေ ကလည်းများလှသည်။ စာပေဗိ မာန်၏ အယ်ဒီတာ။ ကြေးမုံ သတင်းစာအယ်ဒီတာ၊ ဟံသာ ဝတီသတင်းစာ အယ်ဒီတာချုပ်။ ‘ကွိ’ဝတ္ထုဘာသာပြန်သူစာရေး ဆရာ၊ ပန်းချီဝေဖန်ရေးသမား၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ရာတွင်ပါခဲ့သူ၊ စစ် အစိုးရ၏ နှစ်ရှည်အကျဉ်းသား၊ ပြတ်သားသည့်နိုင်ငံရေးရပ်တည် ချက်ရှိသူ အတိုက်အခံ စသဖြင့် အားလုံးက ဆရာ့ဂုဏ်ပုဒ်တွေဖြစ် သည်။ ဒီနေရာတွင် ကျွန်တော်တို့ က ဆရာ့ကို ‘ပြည်သူတို့၏စကား ပြန်ကြီး’အဖြစ် ထပ်ဖြည့်ချင်သေး သည်။ ဆရာသည် ပြည်သူတို့၏ သိပိုင်ခွင့်ကိုအလိုရှိသူ၊ အားပေး သူ၊ နောက်ပိုင်းမျိုးဆက်များ အကြား အလေးအနက်ပြုစရာ ဖြစ်ရသည့် အထက်ပါစာပေလက် ရာနှင့် လှုပ်ရှားမှုများကြောင့် ဆရာ့ကို သူ့မိတ်ဆွေတွေက သတင်းစာဆရာထက် စာရေး ဆရာ ပို၍ဖြစ်စေချင်ပုံရသည်။ ‘ကွိ’စာအုပ်ဘာသာပြန်ထွက်စဉ် ကဆိုလျှင် ဆရာမြသန်းတင့်က ‘စာရေးဆရာမဖြစ်ဘဲ သတင်းစာ ဆရာဖြစ်သွားသော ကိုဝင်းတင် သည် ယခုစာရေးဆရာဖြစ်ရန် ခြေတစ်လှမ်း   လှမ်းပြီဟု ကျွန်တော်ဆိုချင်ပါသည်’ဟု အားတက်သရောရေးဖူးသည်။

ဆရာဦးဝင်းတင်၏ နောက် ထပ်မိတ်ဆွေတစ်ဦးဖြစ်သည့် ဆရာဒဂုန်တာရာကလည်း ‘သူ့ကို (ဦးဝင်းတင်)ကား သတင်းစာ ဆရာမလုပ်ဘဲ စာပေအဖွဲအနွဲ့ ဘက်ကူးလျှင် အောင်မြင်မည်ဟု တွေးထင်မိသည်’ဟုပင် ရေးခဲ့ သည်။ ထို့ပြင် သူတွေ့ရှိခဲ့သည့် ၁၉၅၀ ကျော်နှစ်များက ဆရာ ဦးဝင်းတင်၏ရုပ်ပုံလွှာကိုလည်း ဆရာဒဂုန်တာရာက အခုလို ဆက်ရေးပြသေးသည်။

‘‘...သူကား သတင်းစာဆရာ ဘဝကို ဧကမူစိတ်ဖြင့် လုပ်နေ သူ။ သူနေသောနိဂြောဓလမ်း၊ တာမွေအဝိုင်းအနီး၊ ဘားလမ်းရှိ အိမ်များသို့ ရောက်သွားတတ် သည်။ စာအုပ်ပုံကြားထဲ၌ အိပ် ကာ ကြုံရာစား၍ သတင်းစာ၌ သူ့ဘဝမြှုပ်နှံထားသူ။ တစ်ညလုံး အယ်ဒီတာစားပွဲ၌ထိုင်ကာ လင်း အားကြီးမှအိမ်ပြန်အိပ်သူ။ အိပ် ရာမှနိုးလျှင် ပြိုလဲနေသော စာအုပ်ပုံများကို ဖုန်ခါကာ ယိုင်နေ သော ရောမ အချစ်နတ်သမီး ကိုယ်လုံးတီးရုပ်တုကို တန်းပေါ် ပြန်တင်ပြီး ကဗျာပေါင်းချုပ်ဖတ် လျက်တန်းလန်းက ဝတ္ထုတစ်ပုဒ် ဖတ်ပြီး ထမင်းပင်မစားအားဘဲ ပန်းချီပြပွဲသွားသူ’’

စာပေနှင့်အနုပညာကို ထွေး ပွေ့သူ သတင်းစာဆရာအဖြစ် သူ့ကိုမိတ်ဆွေများက ပုံဖော်ကြ သော်လည်း ဆရာ ဦးဝင်းတင် သည် အမြဲတမ်းသတင်းစာဆရာ တစ်ဦးအနေဖြင့် နေထိုင်ခဲ့သည်။နောက်ဆုံးနိုင်ငံရေးလှိုင်းလုံးများ ကြားထဲတွင် အရေးတော်ပုံတပ် သားတစ်ဦးအဖြစ် ခေတ်ဝန်ကို ထမ်းရသည့် ကာလများမှာပင် ဆရာသည် သတင်းစာ ဆရာ တစ်ဦးအဖြစ် တွေးခဲ့သည်။ ရေးခဲ့ သည်။ ပြောခဲ့သည်။ ဆရာသည် သတင်းစာစိတ်ဓာတ်ထက်သန် ပြင်းပြသူဖြစ်သည်။ ရှည်လျား သည့်အကျဉ်းထောင်နေ့ရက်များ ကို ဖြတ်သန်းနေရစဉ်ကလည်း ထောင်တွင်းသတင်းစာတွေ မရ မကထုတ်ဝေခဲ့သည်ကို ဆရာနှင့် ထောင်တွင်း အတူနေခဲ့ဖူးသူ ရဲဘော်ရဲဘက်များအားလုံး သိကြ ပါသည်။

‘‘ကျွန်တော်က သတင်းစာ အလုပ်မှာသာ ဘဝနဲ့ကလောင်ကို နှစ်မြှုပ်လုပ်ကိုင်ခဲ့ပါတယ်။ သတင်းစာလုပ်ငန်းနဲ့ ဆက်စပ်ပြီး စာတို၊ စာရှည်တွေရေးခဲ့တယ်။ ဒါပေမဲ့ စာရေးဆရာဖြစ်မလာပါ ဘူး’’ ဟု ဆရာက စာအုပ်အမှာစာ တစ်ခုတွင် ရေးခဲ့သည်။ ထိုသို့ သတင်းစာဆရာတစ်ဦးအဖြစ်နှင့် သာ မိမိကိုယ်မိမိ သတ်မှတ်နေ ထိုင်ခဲ့သူ ဆရာ ဦးဝင်းတင်၏ သတင်းစာနှင့်  ပတ်သက်သော နောက်ထပ် ကောင်းမှုတစ်ခုမှာ ‘ပြည်သူတို့၏ စကားပြန်’ ကဲ့သို့ သော သတင်းစာ ပညာဆိုင်ရာ စာအုပ်မျိုးများကို တည်းဖြတ်စီ စဉ်ခဲ့ခြင်းဖြစ်သည်။

  သတင်းစာပညာနှင့် ဆိုင် သော အတွေ့အကြုံ၊ သမိုင်း အချက်အလက်စာတမ်းများကို စုစည်းထုတ်ပြီး ၁၉၇၄ ခုနှစ်တွင် ထုတ်ဝေသော အဆိုပါစာအုပ် သည် သတင်းစာသမားများ မျိုး ဆက်များအတွက် တန်ဖိုးထား စရာ အမွေအနှစ်တစ်ခု ဖြစ်ပါ သည်။

 ထိုစာအုပ်တွင် ဆရာက စာနယ်ဇင်းများကို ‘ပြည်သူတို့၏ စကားပြန်’ဟု တင်စားခဲ့သည်။ သူ့အနေဖြင့် ၎င်းအသုံးအနှုန်းကို အလွန်နှစ်သက်သည်ဟုလည်း မကြာခဏပြောဖူးသည်။

၁၈၇၁ခုနှစ်၊ သြဂုတ် ၃၀ ရက်က ထုတ်ဝေသည့် ‘မြန်မာ သတင်း’ သတင်းစာတွင် မန္တလေး မြို့မှ ရွှေဗဟိုဆိုသူ၏ ‘တိုင်းသူ ပြည်သားများက အစိုးရမင်းများ ကိုသတင်းစာထဲကနေ၍ စကား ပြောစရာမရှိပြီဟုပြောဆိုနေကြ သည့်အတွင်း လုပ်ကိုင်သူ အမြဲ တမ်းသတင်းစာဆရာတစ်ဦး မဟုတ်ပါလား။’ ဆရာက သတင်း စာနှင့် ပတ်သက်သော ဆန္ဒကို တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ယခုလိုထုတ်ပြောခဲ့ဖူးသည်။

‘‘သတင်းစာရဲ့ထိရောက်မှု၊ စူးရှမှုစွမ်းအားတွေကို ပြန်စဉ်းစား တဲ့အခါ သတင်းစာထုတ်ချင်တဲ့ ဆန္ဒရှိတုန်းပဲ။ ထုတ်ရင်အကျိုးရှိ နိုင်တယ်ဆိုတာယုံတုန်းပဲ။ ပြည် သူဘက်က ရပ်တဲ့သတင်းစာ၊ အမှန်တရားဘက်က ရပ်တဲ့သတင်းစာ၊ အမှားတွေကို တိုက်ဖျက်တဲ့သတင်းစာ၊ ခေတ်ပြောင်း၊ စနစ်ပြောင်း၊ လူပြောင်း၊ မူပြောင်းဆိုတဲ့ အပြောင်းအလဲတွေကို တောင်း ဆို၊ ဦးဆောင်တဲ့သတင်းစာမျိုး ရှိကောင်းတယ်လို့ယူဆတယ်’’။

ဝင်းဇော်လတ်
7Day News Journal အတွဲ (၁၃)၊ အမှတ်(၇)


ဦးဝင်းတင် (သို့မဟုတ်) ပြည်သူတို့ရဲ့ စကားပြန် ဦးဝင်းတင် (သို့မဟုတ်) ပြည်သူတို့ရဲ့ စကားပြန် Reviewed by သစ်ထူးလွင် on 17:29 Rating: 5
Powered by Blogger.