လူသေနှုန်းမြင့် အမြန်လမ်း နိုင်ငံတကာအကူအညီ အလွဲမသုံးရန်လို


ရက်သတ္တတစ်ပတ်လျှင် ယာဉ်မတော် တဆမှုကြောင့် အနည်းဆုံး လူသုံးဦးနှင့် အထက် အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေသည့် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးကို နိုင်ငံတကာ အကူအညီဖြင့် ပြန်လည်ပြုပြင်ရန် အစိုးရက ပြင်ဆင် နေသော်လည်း ယနေ့အချိန်ထိ ထင်သာမြင်သာသော လမ်းအဆင့် မြှင့်တင်မှုများ မရှိသေးပေ။

နိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မှ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်၊ ထိုမှတစ်ဆင့် ယဉ်ကျေးမှုမြို့တော် မန္တလေးသို့ စစ်အစိုးရလက်ထက်က ခြောက်နှစ်နှင့်နှစ်လကြာ ဖောက်လုပ်ခဲ့သည့် အမြန်လမ်းမကြီးမှာ ဦးသိန်းစိန်အစိုးရလက်ထက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နှိုင်းယှဉ်ပါက လမ်းအားလုံးတွင် ယာဉ်တိုက်မှုနှင့် လူအသေအပျောက်အများဆုံး စံချိန်တင်လျက်ရှိနေသည့် လမ်းမကြီးတစ်ခုလည်းဖြစ်သည်။

အမေရိကန်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့မှ အကူအညီများပေးရန် သဘောတူညီမှုများ ရရှိထားသည့် အဆိုပါ အမြန်လမ်းပိုင်းမှာမူ ယနေ့အချိန်အထိ ၎င်းတို့ထံမှရရှိသော အကူအညီများဖြင့် ထင်သာမြင်သာသည့် ပြုပြင်ပြောင်းလဲမှုမျိုး သိသိသာသာ မလုပ်နိုင်သေးကြောင်း ယင်းလမ်းပိုင်းအား မကြာခဏ အသုံးပြုသူများက ဝေဖန်သည်။

ယာဉ်တိုက်မှုနှင့် လူအသေအပျောက်အများဆုံးဖြစ်နေသည့် အဆိုပါလမ်းကို ပြီးခဲ့သည့်နှစ်က အမေရိကန်သမ္မတအိုဘားမား မြန်မာနိုင်ငံသို့ လာရောက်စဉ် ယင်းလမ်းကို အမေရိကန်ဒေါ်လာတစ်သန်းခွဲ ကူညီရန် နှစ်ဖက်အစိုးရ သဘောတူညီခဲ့သည်။

ထို့ပြင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA ကလည်း ယင်းအမြန်လမ်းအတွက် နည်းပညာပိုင်းဆိုင်ရာနှင့် ချေးငွေအကူအညီအချို့ပေးရန် ပြီးခဲ့သည့်နှစ်က သဘောတူညီခဲ့သည်။

အကူအညီပေးရန် တတိယမြောက်နိုင်ငံအဖြစ် ကိုရီးယားနိုင်ငံ KOICA ကလည်း အကူအညီအချို့ပေးရန် ကနဦးသဘောတူညီမှု ရရှိထားည်။

အမြန်လမ်းမကြီး အဆင့်မြှင့်တင်ရေး အကူအညီများပေးရန် စတင်တိုင်းတာစမ်းသပ်သည့် နိုင်ငံမှာ ဂျပန်ဖြစ်ပြီး ကွင်းဆင်းတိုင်းတာ စစ်ဆေးမှုများအရ အမြန်လမ်းတစ်လျှောက်၏ ၁၉ ရာခိုင်နှုန်းတွင် အားနည်းချက်များရှိပြီး ခြောက်ရာခိုင်နှုန်းမှာ အသေးစိတ်ပြန်လည်ပြုပြင်ရန် လိုအပ်ကြောင်း စစ်တမ်းက ထောက်ပြသည်။ ထို့ကြောင့် အကူအညီပေးနိုင်ရန် ဂျပန်အစိုးရထံသို့ ၂၀၁၄ ဖေဖော်ဝါရီလက ပြန်လည်တင်ပြထားပြီးဖြစ်ကြောင်း JICA (ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ)မှ ဌာနေကိုယ်စားလှယ် မက်ဆူကာဟန်ဂျင်းကပြောသည်။

ထို့အတူ အမေရိကန်နိုင်ငံ USaid က ဒေါ်လာတစ်သန်းခွဲတန် နည်းပညာအကူအညီများကို စတင်ရရှိထားပြီး အမြန်လမ်းနှင့်ပတ်သက်သည့် ကျွမ်းကျင်ပညာရှင်များနှင့် မြန်မာနိုင်ငံသို့ လာရောက်ပို့ချသင်ကြားပေးမှုများ ပြုလုပ်ခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းကပြောသည်။

ထိုကဲ့သို့ နည်းပညာအကူအညီများ ရရှိပြီးနောက် လိုအပ်သည့် စက်ယန္တရားနှင့် ငွေကြေးအကူအညီများလည်း ဆက်လက်ပံ့ပိုးရန် အစီအစဉ်များရှိသည်ကို သိရှိထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထို့အပြင် အမြန်လမ်းကို လေးလမ်းသွားပြုလုပ်ထားရာမှ အနာဂတ်တွင် ရှစ်လမ်းသွားအဖြစ် တိုးချဲ့ရန် အမေရိကန်နိုင်ငံကပင် အကူအညီပေးရန် သဘောတူညီမှုအချို့ပင် ရရှိထားကြောင်း သတင်းရရှိသည်။

ထိုသို့နည်းပညာနှင့် ပတ်သက်၍ ကမ္ဘာ့ထိပ်တန်းနိုင်ငံသုံးခုက အကူအညီပေးရန် စီစဉ်နေချိန်တွင် ၂၀၁၄ ခုနှစ်မှာပင် ဧပြီလအထိ လေးလအတွင်း အမြန်လမ်းတွင် ယာဉ်မတော်တဆမှု ၁၆၀ ကျော် လူ ၆၆ ဦး သေဆုံးခဲ့သည်။

နှစ်စဉ်သေဆုံးမှုနှုန်း မြင့်တက်နေသည့် အမြန်လမ်းမှာ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် တစ်နှစ်လုံးတွင် လူ ၁၀၀ ကျော် သေဆုံးခဲ့သည်။ ၂၀၁၄ နှစ်စမှ လေးလအကြာတွင် ၆၀ ကျော် သေဆုံးခဲ့သောကြောင့် ၂၀၁၃ ခုနှစ်ကထက်၂၀၁၄ မှာ လူသေဆုံးမှုပိုများမည့် အခြေအနေဖြစ်သည်။

‘‘ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်ရင် အမြန်လမ်းက ထူးထူးခြားခြားပြောင်းလဲတာဆိုလို့ လမ်းတစ်လျှောက်ခရီးသည်တွေ ခဏလောက်နားလို့ရမယ့် သန့်စင်ခန်းတွေပဲ တိုးလာတယ်’’ဟု ရွှေစင်စကြာယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးက သူ၏အမြင်ကို ပြောသည်။

အမြန်လမ်းတစ်လျှောက်တွင် အရေးပေါ်ကတ်စနစ်သုံးဖုန်းများ၊ ကော်ဖီဆိုင်များ၊ အိမ်သာများ၊ လေထိုးကျွတ်ဖာဆိုင်များ၊ ရှေးဦးသူနာပြုစခန်းများ အရှိန်ပိုမောင်းသည့် ယာဉ်များအား မှတ်သားဖမ်းဆီးသည့်စနစ်များ တပ်ဆင်ထားမှုမှာမူ ယခုနှစ်တွင် ပိုမိုများပြားတိုးချဲ့လုပ်ကိုင်လာနိုင်ကြောင်း အမြန်လမ်းအထူးစီမံကိန်းမှ အင်ဂျင်နီယာမှူးကြီးကပြောသည်။

အမြန်လမ်းယာဉ်တိုက်မှုများတွင် ယာဉ်မောင်းများ အိပ်ငိုက်ခြင်း၊ သတ်မှတ်ကီလို ၁၀၀ ထက် ပိုမိုမောင်းနှင်ခြင်း ပေါ့ဆခြင်းများကြောင့်သာဖြစ်ပြီး လမ်း၏အားနည်းချက်နှင့် သက်ဆိုင်ခြင်းမရှိကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဌေးက ဧပြီ ၂၅ ရက်က အမြန်လမ်းနှင့်ပတ်သက်ပြီး ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ထို့ကြောင့် ကားများအား မောင်းနှင်ရာတွင်လည်း အမှန်တကယ် အတွေ့အကြုံပြည့်ဝပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနားလည်သည့်သူများသာ ယာဉ်မောင်းလိုင်စင်ကို ကညနက ထုတ်ပေးမှသာ ယခုလို အမြန်လမ်းတွင် ဖြစ်ပွားနေသည့် ယာဉ်မတော်တဆမှုမျိုး လျော့ပါးသွားနိုင်ကြောင်း ၎င်းကဆိုသည်။

သို့သော် အဆိုပါလမ်းအား နေ့စဉ်အသုံးပြုမောင်းနှင်နေရသည့်သူများကမူ လမ်းတစ်လျှောက်တွင် မြင်ကွင်းအား ပြောင်းလဲစေမည့် ပုံစံမျိုးမရှိခြင်း၊ လမ်းမှာ တည့်မတ်လွန်းသည့် နေရာအလွန်တည့်မတ်ပြီး အကွေ့အကောက်များကလည်း မကြာခဏပေါ်လာတတ်သဖြင့် ယာဉ်မောင်းများဘက်မှ လမ်းနှင့်ပတ်သက်သည့် အမှတ်သင်္ကေတများကို မှတ်သားရန် လက်ရှိလမ်းစနစ်ကြောင့် အခက်အခဲရှိကြောင်း ပြောသည်။

‘‘လမ်းပုံစံတွေက ဆင်တူတော့ ဘယ်နားမှာ အကွေ့ဘယ်လိုပုံစံရှိတယ်ဆိုတာ မှတ်ဖို့ခက်တယ်။ ယာဉ်မောင်းတွေက ကျွမ်းကျင်လာရင် လမ်းတွေရဲ့ အမှတ်အသားတွေနဲ့ မောင်းရတာ။ ဒါပေမဲ့ အမြန်လမ်းမှာ မှတ်ဖို့ခက်တယ်’’ဟု အဝေးပြေးယာဉ်မောင်းတစ်ဦးက သူ၏အခက်အခဲကို ပြောပြသည်။

လမ်းအဆင့်မြှင့်တင်ရန် နိုင်ငံတကာမှ ရရှိထားသည့် နည်းပညာ၊ ငွေကြေးအကူအညီများကို အကျိုးရှိစွာဖြင့် စနစ်တကျသုံးစွဲနိုင်ပါက အမြန်လမ်း၏ လုံခြုံစိတ်ချမှုအပိုင်းမှာ ယခုထက် ပိုမိုမြင့်တက်လာနိုင်ကြောင်း မြို့ ပြစီမံကိန်းပညာရှင် ဦးဝင်းမြင့်က သုံးသပ်သည်။

‘‘အကူအညီရထားတယ်ဆိုရင်လည်း သုံးတဲ့နေရာနဲ့ သုံးတဲ့ငွေ မှန်ဖို့ပဲလိုတယ်’’ဟု ၎င်းကသုံးသပ်သည်။

အေးမြတ်သူ၊ မိုးညို
7Day News Journal အတွဲ (၁၃)၊ အမှတ်(၈)


လူသေနှုန်းမြင့် အမြန်လမ်း နိုင်ငံတကာအကူအညီ အလွဲမသုံးရန်လို လူသေနှုန်းမြင့် အမြန်လမ်း နိုင်ငံတကာအကူအညီ အလွဲမသုံးရန်လို Reviewed by သစ်ထူးလွင် on 18:58 Rating: 5
Powered by Blogger.