ပြန်ကြားရေးနှင့် မီဒီယာများအကြား အငြင်းပွားခဲ့ရသည့် ပုံနှိပ်ထုတ်ဝေနှင့် သတင်းမီဒီယာ ဥပဒေကြမ်းနှစ်ခုကို ပြည်ထောင်စုလွှတ်တော် အတည်ပြု


နေပြည်တော်၊ မတ် ၎

ပြန်ကြားရေး ဝန်ကြီးဌာနနှင့် သတင်းမီဒီယာများ ကိုးလနီးပါးကြာ အချေအတင် အငြင်းပွားခဲ့ပြီး လွှတ်တော်နှစ်ရပ်ကြား သဘောထား ကွဲလွဲခဲ့သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းနှင့် သတင်းမီဒီယာ ဥပဒေတို့ကို မတ်လ ၄ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက အတည်ပြုလိုက်ပြီ ဖြစ်သည်။

ပြန်ကြားရေး ဝန်ကြီးဌာနက ရေးဆွဲသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို ၂၀၁၃ ခုနှစ် မတ်လ နှောင်းပိုင်း တွင် ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ ) က ရေးဆွဲသော သတင်းမီဒီယာ ဥပဒေကို အမျိုးးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ၂၀၁၃ ခုနှစ် သြဂုတ်လတွင် အမျိုးသား လွှတ်တော်သို့ စတင်တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း ဦးဖုန်းမြင့်အောင်က ဆိုသည်။

အဆိုပါ ဥပဒေကို ဥပဒေကြမ်း တင်ပြခဲ့သည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ၏ မူလ တင်ပြချက်များကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့က ပယ်ဖျက်ခဲ့သည်များ ရှိခဲ့သော်လည်း ပြန်ကြားရေး ဝန်ကြီးဌာနနှင့် စာနယ်ဇင်းကောင်စီ အပါအဝင် ဥပဒေကြမ်း ကော်မတီတို့၏ ပြန်လည် ညှိနှိုင်းဆွေးနွေးမှုအရ အတည်ပြုလိုက်ခြင်း ဖြစ်ကြောင်း လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ယင်းဥပဒေအတည်ပြုရာတွင် ‘ကောင်စီသည် စာနယ်ဇင်းသမားများနှင့် စပ်လျဉ်း၍ ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လွတ်လပ်စွာ ဆောင်ရွက်နိုင်သည့် တစ်ခုတည်းသော အဖွဲ့အစည်း ဖြစ်သည်’ ဟူသောအချက်မှ ‘တစ်ခုတည်းသော’ ဟူသည့် စာသားကိုဖြုတ်ရန် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေက တင်ပြခဲ့သော်လည်း ကန့်ကွက်သူ ၎င်းတစ်ဦးတည်း ရှိသောကြောင့် လွှတ်တော်က မူလအတိုင်း အတည်ပြုခဲ့သည်။

အဆိုပါ ဥပဒေကြမ်းအပြင် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကိုပါ စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် ဆွေးနွေး ညှိနှိုင်းထားသည့်အတိုင်း လွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားသည်။

ယင်းဥပဒေ အတည်ပြုနိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ ဥပဒေကြမ်း ကော်မတီနှင့် စာနယ်ဇင်းကောင်စီတို့၏ ညှိနှိုင်းမှုသည် ရလဒ်ကောင်း တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၏ ဥပဒေဆိုင်ရာ လုပ်ငန်းများသာမက ကျန်ရှိသည့် ပြဿနာ အချို့ကိုပါ ထိပ်တိုက် ဆွေးနွေးမှုဖြင့် ပြေလည်မှုများ ရစေလိုကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) မှ အဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောကြားသည်။

အဆိုပါ ဥပဒေကို ယခုရက်ပိုင်းအတွင်း နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး အတည်ပြုနိုင်ရန် ပေးပို့မည် ဖြစ်ကြောင်း သူရဦးရွှေမန်းက ကြေညာခဲ့သည်။

The Voice Weekly


ပြန်ကြားရေးနှင့် မီဒီယာများအကြား အငြင်းပွားခဲ့ရသည့် ပုံနှိပ်ထုတ်ဝေနှင့် သတင်းမီဒီယာ ဥပဒေကြမ်းနှစ်ခုကို ပြည်ထောင်စုလွှတ်တော် အတည်ပြု ပြန်ကြားရေးနှင့် မီဒီယာများအကြား အငြင်းပွားခဲ့ရသည့် ပုံနှိပ်ထုတ်ဝေနှင့် သတင်းမီဒီယာ ဥပဒေကြမ်းနှစ်ခုကို ပြည်ထောင်စုလွှတ်တော် အတည်ပြု Reviewed by သစ်ထူးလွင် on 12:31 Rating: 5
Powered by Blogger.